ဆန္ဒပြပွဲတွင် တိုက်ခိုက်ခံရသည့် သတင်းထောက်အမှုအား တရားရုံးက လက်ခံထား

ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ဆန္ဒပြပွဲတစ်ခုအား သတင်းယူနေစဉ် တိုက်ခိုက်ခံခဲ့ရသည့် ဓာတ်ပုံ သတင်းထောက်တစ်ဦး၏ အမှုကို တရားရုံးက စက်တင်ဘာ ၂၆ ရက်နေ့တွင် ချိန်းဆိုထားကြောင်း သိရသည်။

စက်တင်ဘာ ၁၁ ရက်နေ့က ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းတွင် ပြုလုပ်သည့် အမျိုးသားရေးဆန္ဒပြပွဲအား သတင်းယူနေစဉ် ၎င်း၏ မျက်နှာ၊ ရင်ဘတ်နှင့် ကျောကုန်းများတွင် အထိုးခံခဲ့ရခြင်းဖြစ်သည်ဟု မြန်မာ့သတင်းဓာတ်ပုံအေဂျင်စီ (Myanmar Press-photo Agency) ၏ ဓာတ်ပုံသတင်းထောက် မြတ်သူကျော်က စက်တင်ဘာ ၁၂ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကန့်ကွက်သည့် အဆိုပါဆန္ဒပြပွဲကို အမျိုးသားရေးလှုပ်ရှားသူများက ဦးဆောင်ကျင်းပခဲ့ကြခြင်းဖြစ်သည်။ ဆန္ဒပြပွဲတွင် ဟောပြောပွဲများ ကျင်းပနေစဉ် ပတ်ဝန်းကျင်ရှိ ရပ်ကွက်နေသူအချို့နှင့် အချင်းများမှုအချို့ ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ဝင်ရောက်ဖြေရှင်းပေးနေစဉ် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

နှစ်ဖက်အချင်းများနေသော အမျိုးသားရေးလှုပ်ရှားသူအဖွဲ့နှင့် ဘောလုံးကန်နေသော လူအုပ်စုတို့ကို ဓါတ်ပုံရိုက်နေစဉ် အမျိုးသားရေးလှုပ်ရှားသူများဘက်မှ လာရောက် ထိုးနှက်သွားခြင်းဖြစ်သည်ဟု မြတ်သူကျော်က ပြောကြားသည်။

ထို့ပြင် ဆဲရေးခံခဲ့ရပြီး “သူကိုသတ်သတ်”ဟူသော အကြမ်းဖက်သောစကားလုံးများဖြင့်လည်း ခြိမ်းခြောက်ခံခဲ့ရသည်ဟု ၎င်းက ပြောကြားသည်။

“အဲဒီအချိန်မှာပဲ ဆန္ဒပြ လှုပ်ရှားသူဘက်က တစ်ယောက်က တုတ်ကိုင်လာပြီး သူကိုဖမ်းထား၊ ဖမ်းထားလို့ပြောချိန်မှာ ရဲဘက်က ရောက်လာပြီး အချိန်မီ တားလိုက်နိုင်လိုက်ပါသည်။ ပြီးတော့ ကျွန်တော်နဲ့ ကိုအောင်သင်္ခလည်း သတင်းဓါတ်ပုံတင်ဖို့ အမြန်ဆုံးထွက်ခွာခဲ့ကြပါတယ်” ဟု မြတ်သူကျော်က ပြောသည်။

ဆန္ဒပြသူများနှင့် ရပ်ကွက်နေသူများ အချင်းများနေသည့်သတင်းဓာတ်ပုံများ ပြန့်နှံ့သွားမည်ကို မလိုလားသည့်အတွက် အမျိုးသားရေးလှုပ်ရှားသူများက သတင်းထောက်များအား တားဆီးရန်နှင့် ကင်မရာများမှ မန်မိုရီကတ်များကို သိမ်းယူရန် ကြိုးစားနေစဉ် ထိုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး မြတ်ကျော်သူနှင့် အခြား သတင်းသမားများဆွေးနွေးတိုင်ပင်ပြီးနောက် အမှုဖွင့်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

“အခုလို ထိခိုက်မှုမျိုး ရှိနေတယ်။ အရင်ကလည်း ဒီလိုထိခိုက်မှုမျိုးရှိခဲ့တယ်။ နောက်ထပ်လည်း ဒါမျိုးအသက်ကို ထိခိုက်လာနိုင်တဲ့ လုပ်ရပ်မျိုး ကြုံလာနိုင်တဲ့အတွက်ကြောင့် အမှုဖွင့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဆုံးဖြတ်ခဲ့ကြပြီး ည ၉ နာရီလောက်မှာ ဗဟန်းရဲစခန်းကို သွားခဲ့ကြပြီး ရဲစခန်းကလည်း ဒီအမှုက ရဲမပိုင်တဲ့အတွက် တရားရုံးကို ဦးတိုက်လျှောက်ဖို့ ပြောကြားခဲ့ပါတယ်” ဟု မြတ်သူကျော်က ပြောသည်။

တရားရုံးသို့ စက်တင်ဘာ ၁၂ ရက်နေ့ နံနက်တွင် ဦးတိုက်လျောက်ထားခဲ့ပြီး အဆိုပါနေ့တွင်ပင် အမှုကို ကျင့်ထုံးဥပဒေပုဒ်မ ၂၀၂ အရ တရားရုံးက ရဲစခန်းသို့ ပြန်ပို့ခဲ့ကြောင်းနှင့် ရုံးချိန်းမှာ စက်တင်ဘာ၂၆ ရက်ဖြစ်သည်ဟု ၎င်းကပြောသည်။

“ကျွန်တော်တို့အနေနဲ့ ဘယ်သူ့ကိုမှလည်း ထောင်မကျစေချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ သင်ခန်းစာပေးရုံနဲ့ သတင်းထောက်တွေကို ဒီလိုလုပ်ရင် ဒီလိုဖြစ်တာကိုပဲ သိစေချင်တာ” ဟု ၎င်းက ပြောကြားသည်။

သတင်း-ဆုမြတ်မွန်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.