လန်ဒန်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နှစ်တွင် ဗြိတိန်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ရန် ဗြိတိန်ဝန်ကြီးချုပ်က ဖိတ်ခေါ်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးချုပ် ထရီဇာမေတို့သည် လန်ဒန်မြို့၊ အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်၏ နေအိမ်တွင် စက်တင်ဘာ ၁၃ ရက်နေ့က တွေ့ဆုံစဉ် ဗြိတိန်ဝန်ကြီးချုပ်က ထိုသို့ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။
ဗြိတိန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် အောင်မြင်စွာ အသွင် ကူးပြောင်းနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်း၊ ဗြိတိန်နိုင်ငံအစိုးရသစ်၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့်မူဝါဒသည် အပြောင်းအလဲမရှိပဲ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့်သွားမည် ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ကဏ္ဍများတွင် အကူအညီများ ပေးအပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် လာမည့် နိုဝင်ဘာလအတွင်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲတစ်ရပ်ကို လန်ဒန်မြို့ ၌ ကျင်းပသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေး၊ သစ်တော၊ ပညာရေးနှင့်ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍများတွင် လိုအပ်သည့်အကူအညီများ ပေးအပ်သွားစေလိုကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဗြိတိန်ဝန်ကြီးချုပ်အား မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန်လည်း ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုသို့ တရားဝင်ခရီးစဉ်နှင့် ကုလသမဂ္ဂအထွေထွေ ညီလာခံ တက်ရောက်ရန် သွားရောက်မည့် ခရီးစဉ်တွင် ဥရောပ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသတို့မှ မြန်မာသံအမတ်ကြီးများနှင့် တွေ့ဆုံရန် လန်ဒန်မြို့သို့ ဝင်ရောက်ခြင်းဖြစ်သည်။