လူ့အခွင့်အရေးကိစ္စများအတွက် ပိုမိုလုပ်ဆောင်ရန် အစိုးရကို တိုက်တွန်း

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ပြဿနာများကို ဖြေရှင်းရေးအတွက် အစိုးရအနေဖြင့် ပိုမိုလုပ်ဆောင်သင့်သည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့များက တိုက်တွန်းလိုက်သည်။

စက်တင်ဘာ ၂၂ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် The Challenges of Human Rights Defenders ဖိုရမ်တွင် ၎င်းတို့က လယ်ယာမြေပြဿနာများ ဖြေရှင်းရေးမှသည် တရားစီရင်မှု ပြုပြင်ပြောင်းလဲမှုများအထိ ဆောင်ရွက်ရန် အစိုးရကို တိုက်တွန်းလိုက်သည်။

ဖိုရမ်သို့ တက်ရောက်လာသည့် မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂမှ ဒေါ်စုစုနွေးက လက်ရှိအစိုးရလက်ထက်တွင် လယ်ယာမြေပြဿနာများနှင့် ပတ်သက်ပြီး ဆောင်ရွက်ပေးမှု မရှိသေးဟု ပြောကြားသည်။

“လယ်ယာမြေ အငြင်းပွားမှုတွေကတော့ အရင်အစိုးရလက်ထက်ကရော၊ လက်ရှိ အရပ်သားအစိုးရလက်ထက်မှာပါ ရှိနေပါသေးတယ်။ ပြီးတော့ အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံကိန်းမှာ လယ်ယာမြေတွေကို ပြန်ပေးတာက ကုမ္ပဏီတွေ သိမ်းထားတာကိုပဲ ပြန်ပေးပြီးတော့ တပ်မတော်က သိမ်းထားတဲ့ လယ်ယာမြေတွေကို တော့ ပြန်မပေးထားပါဘူး” ဟု ၎င်းက ပြောသည်။

“အစိုးရအနေနဲ့ လယ်ယာမြေ ပြဿနာတွေကို ထိရောက်စွာ ဖြေရှင်းမယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ ဥပဒေကို ပြင်ဖို့လိုလိမ့်မယ်။ ဒီလို ဥပဒေရှိမှပဲ လယ်ယာမြေ ပြဿနာတွေကို ကောင်းမွန်စွာ ဖြေရှင်းနိုင်မှာပါ”ဟု ၎င်းကပြောသည်။

လယ်ယာမြေပြဿနာများကို ပြည်ထောင်စုအစိုးရက ဖြေရှင်းဆောင်ရွက်ပေးနေချိန်တွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများက လိုက်ပါ အရေးယူ ဆောင်ရွက်ခြင်းမရှိပါက လယ်သမားများအတွက် ရင်လေးစရာဖြစ်သည်ဟု ဒေါ်စုစုနွေးကပြောသည်။

“အစိုးရအနေနဲ့လည်း ဒီပြဿနာတွေကို ဖြေရှင်းရာမှာ မူဝါဒရှိဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။

တအာင်းကျောင်းသား အစည်းအရုံးမှ မလွေးလှားရိန်းကလည်း ရှမ်းပြည်နယ်ရှိ ၎င်းတို့ ဒေသများတွင် နယ်မြေမတည်ငြိမ်မှုများနှင့်အတူ တိုင်းရင်းသားများအား ဖိနှိပ်မှုများ ရှိနေဆဲဖြစ်သည်ဟု ပြောကြားသည်။

“လူတွေကတော့ ကျွန်မတို့နိုင်ငံမှာ ဒီမိုကရေစီရနေပြီလို့ ထင်ကြလိမ့်မယ်။ ဒါပေမယ့် အဲဒါက ရန်ကုန် မန္တလေးလို မြို့တွေမှာတော့ ဟုတ်ရင် ဟုတ်ပါလိမ့်မယ်။ သို့သော် ကျွန်မတို့ ရှမ်းပြည်နယ်မှာတော့ ဒီ်မိုကရေစီဆိုတာ မရှိပါဘူး” ဟု ၎င်းကပြောကြားသည်။

“စစ်တပ်ရဲ့ လက်အောက်မှာ ကျွန်မတို့တိုင်းရင်းသားတွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ ဖိနှိပ်ခံနေရပါတယ်။ အမျိုးသမီးတွေဆိုရင် လိင်ပိုင်းဆိုင်ရာ၊ အမျိုးသားတွေဆိုရင် ပေါ်တာဆွဲတာ ခံရတာတို့၊ ပြီးတော့ ကြိုးတုတ် ညှဉ်းပမ်းနှိပ်စက်တာတွေ ရှိနေပါတယ်” ဟု ၎င်းပြောကြားသည်။

ထို့ပြင် ၎င်းတို့ဒေသတွင် တပ်မတော်က အင်အားဆက်တိုက် တိုးချဲ့နေသည်ဟုလည်း ၎င်းကပြောကြားသည်။

“လက်ရှိလူမှုပြဿနာတွေက ကျွန်မတို့နေရာတွေမှာ အရွယ်ရောက်သူတွေ မရှိကြတော့ပဲ အသက်ကြီးသူတွေနဲ့ အသက်ငါးနှစ်သားအရွယ်တွေသာ ရှိပါတော့တယ်။ အသက် ၁၈ နှစ် အရွယ်တွေဆိုရင် သူတို့တွေ မနေကြတော့ပဲ တရုတ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို အလုပ်သွားလုပ်နေကြပါတယ်ဟု” ဟု ၎င်းကပြောသည်။

၎င်းက တိုင်းရင်းသားဒေသများတွင် တပ်မတော်၏ ထိုးစစ်များကို ရပ်ဆိုင်းပေးရန်နှင့် နိုင်ငံရေးစကားဝိုင်းများ စတင်ရန် တိုက်တွန်းခဲ့သည်။

“နောက်ဆုံးအနေနဲ့ အကြံပြုချင်တာကတော့ ကျွန်မတို့ တိုင်းရင်းသားဒေသတွေကို ထိုးစစ်ဆင်တာ ရပ်ပေးဖို့နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို့ အကုန်လုံး ပူးပေါင်းပါဝင်နိုင်တဲ့ နိုင်ငံရေးစကားပွဲဖြစ်လာဖို့ ကျွန်မတို့ ဖြစ်စေချင်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

သတင်း-ဆုမြတ်မွန်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.