မြန်မာနိုင်ငံ၏ ပထမဆုံး အော်တစ်ဇင်အားကစားပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်၊ အောက်တိုဘာ ၁၆

မြန်မာနိုင်ငံ၏ ပထမဆုံး အော်တစ်ဇင်အားကစားပွဲတော်ကို မြန်မာနိုင်ငံ အော်တစ်ဇင်အသင်း၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်၊ အာရှပစိဖိတ် မသန်စွမ်းသူများစင်တာတို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်သည်။

တစ်နိုင်ငံလုံးရှိ အော်တစ်ဇင်ကလေးငယ်များ၏ မတူညီသော စွမ်းရည်များကို ဖော်ထုတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပသော အဆိုပါ အားကစားပွဲတော်တွင် အော်တစ်ဇင်ကလေးငယ် ၂၀၀ ခန့် ပါဝင်ဆင်နွှဲကြမည်ဖြစ်သလို ပြည်တွင်းပြည်ပမှ ဖိတ်ကြားထားသော ဧည့်သည်အယောက် ၅၀ ခန့်လည်း တက်ရောက်ကြမည် ဖြစ်သည်။

အဆိုပါပွဲနှင့်ပတ်သတ်၍ မြန်မာအော်တစ်ဇင်အသင်း၏ အမှုဆောင်တစ်ဦးဖြစ်သူ ဦးနေမျိုးနိုင်က “မြန်မာတစ်ပြည်လုံးမှာရှိတဲ့ အော်တစ်ဇင်တွေအားလုံးကို ဖိတ်ခေါ်ပါတယ်။ ပြိုင်ပွဲမှာ ဝင်မပြိုင်တာမပြိုင်တာထက် လာပြီး ပါဝင်ဆင်နွှဲစေချင်တယ်။ အသက်အရွယ်လည်း မကန့်သတ်ထားဘူး။ အော်တစ်ဇင်ကလေးတိုင်း ပွဲမှာပါဝင်ရေးသည်သာ အဓိကပါ”ဟု ဖိတ်ခေါ်ပြောကြားသည်။

အော်တစ်ဇင် အားကစားပွဲတော်တွင် မီတာ(၅၀)နှင့် မီတာ(၁၀၀) လက်ပစ်ကူး ရေကူးပြိုင်ပွဲနှင့် အပြေးပြိုင်ပွဲများ ထည့်သွင်း ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲတွင် စိတ်ပါဝင်စားသူများအနေဖြင့် မြန်မာအော်တစ်ဇင်ရုံးချုပ်တွင် လျှောက်လွှာ သွားရောက်ထုတ်ယူကာ စာရင်းပေးနိုင်မည်ဖြစ်သည်။ နယ်ဝေးမှလာရောက်ယှဉ်ပြိုင်မည့် အော်တစ်ဇင်များနှင့် အုပ်ထိန်းသူတစ်ဦးအတွက် နေထိုင်စားသောက်စားရိတ်ကိုလည်း အဖွဲ့အစည်းက တာဝန်ယူပေးမည်ဖြစ်ကြောင်း သိရှိရသည်။

“မြန်မာနိုင်ငံမှာ အော်တစ်ဇင်နဲ့ပတ်သတ်တဲ့ အသိညာနည်းပါးတယ်။ ဒီပွဲလေးကနေတစ်ဆင့် အစိုးရဌာနတွေ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ စီးပွားရေးအဝန်းအဝိုင်းတွေ အပါအဝင် အများပြည်သူတွေရဲ့ အော်တစ်ဇင်အပေါ် သတိထားမိလာပြီး အော်တစ်ဇင်အသိုင်းအဝိုင်းကို တစ်ပြည်လုံး အတိုင်းအတာနဲ့ ပိုမိုကြီးမားလာစေဖို့ မျှော်မှန်းထားပါတယ်”ဟု မြန်မာအော်တစ်ဇင်အသင်းဥက္ကဋ္ဌ ဒေါက်တာဦးမြင့်လွင်က ဆိုသည်။

မြန်မာအော်တစ်ဇင်အသင်းကို ၂၀၁၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အသက် ၁၂ နှစ်အောက် အော်တစ်ဇင်ကလေးများအတွက် နေ့သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသလို အော်တစ်ဇင်နှင့်ပတ်သတ်သည့် သင်တန်းများ၊ အသိပညာပေးဟောပြောပွဲများကို ကျင်းပလျက်ရှိသည်။

သတင်း-ဖြိုးသီရိသူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar