ရခိုင်ပြည်နယ်တွင် ကျေးရွာသားများအား ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ကန်ကျောက်နေသည်ကို ရိုက်ကူးထားသည့် ဗီဒီယို ပေါ်ထွက်လာပြီးနောက် အဆိုပါဖြစ်စဉ်တွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိသည်ဟု ပြန်ထဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရဲတပ်သားတစ်ဦးက မိုဘိုင်းဖုန်းဖြင့် Selfie ပုံစံ ကိုယ်တိုင်ရိုက်ကူးထားသည့် အဆိုပါဗီဒီယိုထဲတွင် ရဲတပ်ဖွဲ့ဝင်များက ရွာသားများအား တုတ်ဖြင့် ရိုက်နှက်ကာ ခေါ်ဆောင်လာခြင်း၊ လက်ကိုခေါင်းပေါ်တင်ကာ မြေကြိးပေါ်တွင် ထိုင်ခိုင်းထားခြင်းနှင့် ထိုင်နေသည့် ရွာသားအချို့အား ရဲတပ်ဖွဲ့ဝင်များက ကန်ကျောက်နေခြင်းများ ပါဝင်နေသည်။
အဆိုပါ ဗီဒီယိုသည် Facebook လူမှုကွန်ယက်ပေါ်တွင် ဒီဇင်ဘာ ၃၀ ရက်နေ့က စတင်ပျံ့နှံ့လာခဲ့ပြီးနောက် ပြည်ပသတင်းဌာနအချို့ကပါ အဆိုပါဗီဒီယို ပြန်လည်ထုတ်လွှင့်ခဲ့ကြသည်။
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်မှုအပေါ် နိုင်ငံတကာက ဝေဖန်မှုများ ရှိနေချိန်တွင် ထိုဗီဒီယို ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလက ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်ရဲစခန်းများ တိုက်ခိုက်ခံရသဖြင့် ရဲတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ကာ လက်နက်များလည်း ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်တွင် အစိုးရက လုံခြုံရေးဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသည်ဟု နိုင်ငံတကာအဖွဲ့အစည်းအချို့က စွပ်စွဲထားကြသည်။ ဒေသခံ မွတ်ဆလင်များကို လုံခြုံရေး တပ်ဖွဲ့ဝင်များက နှိပ်စက်ခြင်း၊ အတင်းအဓမ္မပြုကျင့်ခြင်းများနှင့် နေအိမ်များကို မီးရှု့ိခြင်းများ ကျူးလွန်နေသည်ဟု စွပ်စွဲမှုများ ရှိနေသော်လည်း အစိုးရက အစဉ်သဖြင့် ငြင်းဆိုလေ့ရှိသည်။ ရဲစခန်းများအာ အကြမ်းဖက်တိုက်ခိုက်ရာတွင် ပါဝင်သူများနှင့် ပျောက်ဆုံးနေသည့် လက်နက်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေ ဖမ်းဆီးနေခြင်းသာဖြစ်သည်ဟု အစိုးရ တာဝန်ရှိသူများက တုံ့ပြန်လေ့ရှိကြသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ရဲတပ်ဖွဲ့ဝင်များက ရွာသားများအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများ ပြုလုပ်ခဲ့သည်ဟု အစိုးရက လူသိရှင်ကြားဝန်ခံခဲ့ခြင်းဖြစ်သည်။
ဗီဒီယိုထဲတွင် ပါဝင်သည့် ဖြစ်စဉ်မှာ နိုဝင်ဘာ ၅ ရက်နေ့က ကိုးတန်ကောက်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့အင်အားဖြင့် အကြမ်းဖက်တိုက်ခိုက်သူများအား ကျေးရွာအတွင်းသို့ ဝင်ရောက် ရှင်းလင်းချိန်တွင် ကျေးရွာလူထုကို ရွာ၏မြေကွက်လပ်နေရာတွင် စုဝေးကြရန် ဆော်သြခဲ့သော်လည်း အများစုက လာရောက် စုစည်းကြပြီး အချို့ကထွက်ပြေးသဖြင့်လည်းကောင်း၊ အချို့မှာလည်း အိမ်တွင်းအလုံပိတ်ခန်းများတွင် ပုန်းအောင်းနေသည့်အတွက်ကြောင့်လည်းကောင်း၊ ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာတွင် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“၎င်းအခြေအနေများသည် တစ်ဖက်နှင့်တစ်ဖက် အာဃာတတရားကြောင့်မဟုတ်ဘဲ လတ်တလော ဖြစ်ပေါ်လာသည့် အခြေအနေကြောင့်သာ ညွှန်ကြားချက်များအပေါ် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရန် အားနည်းခြင်းများကြောင့်ဖြစ်ပြီး ရဲတပ်ဖွဲ့နှင့်ပြည်သူအကြား၊ ရဲတပ်ဖွဲ့နှင့် ပြစ်မှုကျူးလွန်သူများအကြား မကြာခဏဖြစ်ပေါ်နေသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း တွေ့ရှိရပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ဗီဒီယို ရိုက်ကူးသူရဲတပ်ဖွဲ့ဝင်နှင့် ရွာသားများကို ရိုက်နှက်ကန်ကျောက်သည့် ရဲတပ်ဖွဲ့ဝင်များအပါအဝင် တာဝန်ရှိသည့် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးကို အရေးယူသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မောင်တောအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး တရားခံ ၄၈၅ ဦးကို အမှုပေါင်း ၄၉ မှုဖြင့် အရေးယူထားသည်ဟု ဇန်နဝါရီ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။