အစိုးရတောင်းသည့် ဘတ်ဂျက်ငွေ အပိုအလျှံမဖြစ်အောင်ရေးဆွဲထားဟု ဝန်ကြီးပြောကြား

နေပြည်တော်၊ ဇန်နဝါရီ ၃၁

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအဖွဲ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည့် ဘတ်ဂျက်တွင် အသုံးစရိတ်တောင်းခံငွေ စုစုပေါင်း ကျပ်ဘီလျံ ၂၀,၈၉၆,၄၃၂ ဒသမ ၇၇၇ ရှိပြီး လိုအပ်သော နေရာများတွင် အမှန်သုံးရမည့် စရိတ်များသာဖြစ်စေရန် ဂရုပြုရေးဆွဲထားသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက Frontier ကိုပြောသည်။

“အရင်ကလိုမဟုတ်ဘဲ အောက်ခြေက တင်ပြတဲ့ပေါ် ငွေပိုငွေလျှံမဖြစ်အောင်လို့ စေ့စေ့စပ်စပ် ရေးဆွဲထားတယ်” ဟု လွှတ်တော်အစည်းအဝေး အားလပ်ချိန်အတွင်း Frontier နှင့်တွေ့ဆုံစဉ် ၎င်းက ပြောကြားခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်သို့ ဇန်နဝါရီ ၃၀ ရက်နေ့က တင်သွင်းခဲ့သည့် ၂၀၁၇-၁၈ ဘတ်ဂျက် အသုံးစာရင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဘတ်ဂျက်အသုံးစရိတ် စုစုပေါင်း၏ ၂၃ ဒသမ ၁၈ ရာခိုင်နှုန်းဖြင့် အများဆုံး သုံးစွဲမည်ဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ၂၁ ဒသမ ၅၂ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရှိနေသည်။

အဆိုပါဝန်ကြီးဌာနများ၏နောက် တတိယနေရာတွင် ကာကွယ်ရေးဝန်ကြီးဌာနရှိနေပြီး ဘတ်ဂျက်အသုံးစရိတ်၏ ၁၃ ရာခိုင်နှုန်းကျော်ကို သုံးစွဲမည်ဖြစ်သည်။

ပညာရေးကဏ္ဍ သုံးစွဲစရိတ်မှာ စတုထ္တနေရာတွင်ရှိနေပြီး အသုံးစရိတ်စုစုပေါင်း၏ ၈ ဒသမ ၄၄ ရာခိုင်နှုန်း သုံးစွဲရန်လျာထားသည်။ ယင်းနောက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိနေပြီး ၅ ဒသမ ၉၇ ရာခိုင်နှုန်းသုံးစွဲရန် အစိုးရအဖွဲ့က စီစဉ်ထားသည်။

အားကစားနှင့် ပူးပေါင်းတောင်းခံထားသည့် ကျန်းမာရေးကဏ္ဍမှာမူ ဆဌမနေရာ၌သာရှိနေပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စုစုပေါင်း ဘတ်ဂျက်၏ ၅ ဒသမ ၁၆ ရာခိုင်နှုန်းသာ သုံးစွဲမည်ဖြစ်သည်။

အစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားသည့် ဘတ်ဂျက်စာရင်းများအရ စုစုပေါင်းပမာဏအတွင်း တောင်းခံငွေ တစ်ရာခိုင်နှုန်းနှင့်အောက်ဖြင့် အနည်းဆုံး တောင်းခံထားသည့် ဝန်ကြီးဌာန ၁၂ ခုအထိရှိနေပြီး ၎င်းတို့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနှင့် တိုင်းရင်းသားရေးရာကဲ့သို့သော ဝန်ကြီးဌာနများ ပါဝင်နေသည်ကို တွေ့ရသည်။

အဆိုပါတောင်းခံငွေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများက ယနေ့မှ စတင်ကာ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အလှည့်ကျ ရှင်းလင်းတင်ပြနေကြပြီဖြစ်သည်။

အစိုးရအဖွဲ့က တင်သွင်းထားသည့် ဘတ်ဂျက်၏ ရသုံးမှန်းခြေငွေစာရင်းချုပ်တွင် ရငွေစုစုပေါင်း ကျပ် ၁၆ ဒသမ ၇၈၆ ထရီလီယံသာရှိပြီး သုံးရန်တင်ပြငွေမှာ ကျပ် ၂၀ ဒသမ ၈၉၆ ထရီလီယံ ဖြစ်၍ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း လိုငွေ ကျပ် ၄ ဒသမ ၁၂၈ ထရီလီယံ ပေါ်ပေါက်လာရန် ရှိနေသည်။

အစိုးရအဖွဲ့က တင်ပြထားသည့် ၂၀၁၇-၁၈ အမျိုးသားစီမံကိန်းလုပ်ငန်းများနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် လတ်တလောတွင် သဘောထားထုတ်ပြောရန်မရှိသေးဘဲ အဖွဲ့ ၁၇ ဖွဲ့ခွဲကာ စိစစ်ရန် စီစဉ်ထားသည့် ပြည်ထောင်စုလွှတ်တော်၏ အစီအစဉ်အတိုင်း ဆောင်ရွက်ပြီးမှသာ ပြောနိုင်မည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောကြားသည်။

စိစစ်ရေးပူးပေါင်းအဖွဲ့များသည် အဆိုပါကိစ္စရပ်နှစ်ခုကို အစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းပြီး ခုနစ်ရက်အတွင်း (ဇန်နဝါရီ ၃၀ ရက်နေ့မှ စတင်ရေတွက်လျှင် ဖေဖော်ဝါရီ ၅ ရက်နေ့) နောက်ဆုံးထား၍ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် ဥပဒေကြမ်းပူးပေါင်း ကော်မတီတို့ထံသို့ စိစစ်တွေ့ရှိချက်များကို အစီရင်ခံရမည်ဖြစ်သည်။

ထို့နောက် အစိုးရအဖွဲ့တင်သွင်းသည့် ၂၀၁၇-၁၈ အမျိုးသားစီမံကိန်းလုပ်ငန်းများနှင့် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ပြင်ဆင်ခြင်း၊ လျှော့ချခြင်း၊ ဖြတ်တောက်ခြင်းလုပ်ငန်းများကို ပြည်ထောင်စု လွှတ်တော်တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.