မူးယစ်တိုက်ဖျက်ရေးအပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရန် မြန်မာနှင့် ဖိလစ်ပိုင် ဆွေးနွေး

နေပြည်တော်၊ မတ် ၂၀

မြန်မာခေါင်းဆောင်များနှင့် ဖိလစ်ပိုင်သမ္မတ မစ္စတာ ရိုဒရီဂိုရိုဝါ ဒူတာတေးတို့ နေပြည်တော်၌ ယနေ့ တွေ့ဆုံရာတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်။

သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် နေပြည်တော်သို့ တရားဝင်ခရီး ရောက်ရှိလာသည့် မစ္စတာ ဒူတာတေးအား ယနေ့ မွန်းလွဲပိုင်း၌ သမ္မတအိမ်တော်ဝန်းအတွင်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖိလစ်ပိုင်သမ္မတတို့သည် လူကုန်ကူးမှု တားဆီးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြထားသည်။

ထို့အပြင် အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း ခိုင်မာစေရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကုန်သွယ်ရေးကဏ္ဍနှင့် ဒေသနှင့် ကိုက်ညီသော စပါးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအပါအဝင် စိုက်ပျိုးရေးကဏ္ဍ၊ အသက်မွေးပညာကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးနှင့် နည်းပညာ အကူအညီပေးရေးတို့လည်း ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသည့် ဒေါ်အောင်ဆန်းစုကြည်ထံ မစ္စတာ ဒူတာတေးက ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန် ဒေါ်လာသုံးသိန်းကိုလည်း လှူဒါန်းခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့သည်ဟု ထုတ်ပြချက်က ဆိုသည်။

ဖိလစ်ပိုင်သမ္မတသည် နိုင်ငံတော်အတိုင်ပင်ခံနှင့် မတွေ့ဆုံမီ သမ္မတ ဦးထင်ကျော်နှင့် ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ နှစ်ဖက်ဝန်ကြီးများက စားနပ်ရိက္ခာ လုံခြုံရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် သဘောတူစာချုပ်များကို နှစ်နိုင်ငံ သမ္မတများရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

သို့ရာတွင် နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံမှုများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ မကျင်းပသဖြင့် ဆွေးနွေးမှုများနှင့် ပတ်သက်သည့် အသေးစိတ်အစီအမံများကိုမူ မသိရှိရပေ။

ဖိလစ်ပိုင်နိုင်ငံ၏ ၁၆ ဆက်မြောက် သမ္မတအဖြစ် ၂၀၁၆ ခုနှစ်က စတင်တာဝန်ထမ်းဆောင်ခဲ့သည့် မစ္စတာ ဒူတာတေးသည် မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်ခြင်းဖြစ်သည်။

ဖိလစ်ပိုင်သမ္မတအဖြစ် ၎င်း တာဝန်ယူပြီးနောက် နိုင်ငံအတွင်း ထူပြောလှသည့် မူးယစ်ဆေးဝါးနှင့် ရာဇဝတ်ဂိုဏ်းများကို ကြမ်းတမ်းရက်စက်သည့် နည်းလမ်းများဖြင့် ဖြိုခွင်းခြင်းကြောင့် နာမည်ကျော်နေပြီး အမေရိကန်နှင့် ဥရောပနိုင်ငံများ၏ ဝေဖန်မှုများကို ကြုံတွေ့နေရသည်။

ဖိလစ်ပိုင်သတင်းဌာနများ၏ ဖော်ပြထားချက်များအရ မင်္သကာသူများကိုပင် ရဲတပ်ဖွဲ့က သေနတ်ဖြင့် အသေ ပစ်ခတ် ဖမ်းဆီးနိုင်သည့် မစ္စတာ ဒူတာတေး၏ မူးယစ်ဆေးနှင့် ရာဇဝတ်မှု တိုက်ဖျက်ရေး အစီအမံများတွင် လူပေါင်းထောင်ကျော် သေဆုံးခဲ့ရပြီးဖြစ်သည်ဟု ဆိုသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar