ရန်ကုန်၊ ဧပြီ ၁၀
ရခိုင်ပြည်နယ်တွင် ဆောင်ရွက်ခဲ့သည့် လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးခံထားရသည့် ကလေးငယ်များအား ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) က မြန်မာအစိုးရကို တောင်းဆိုလိုက်သည်။
မငြိမ်မသက်ဖြစ်နေသည့် ပြည်နယ်မြောက်ပိုင်းဒေသတွင် စစ်တပ်ကဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများအတွင်း လူပေါင်း ၆၀၀ ခန့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် နယ်ခြားစောင့် ရဲစခန်းများ တိုက်ခိုက်ခံရပြီးကတည်းက စစ်ဆင်ရေးများ စတင်ခဲ့ခြင်း ဖြစ်သည်။
အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြသူ ရိုဟင်ဂျာ ၇၀,၀၀၀ ခန့်က ၎င်းတို့အား ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်းနှင့် အကျဉ်းထောက်များအတွင်း အစာရေစာ ငတ်မွတ်သည့်အကြောင်းများကို ကုလသမဂ္ဂ စစ်ဆေးရေးမှူးများထံ ပြန်ပြောင်းပြောကြားခဲ့ကြသည်။
ဖမ်းဆီး ထိန်းသိမ်းခံထားရသူများထဲတွင် အသက်မပြည့်သေးသည့် ကလေးသူငယ်များလည်း ပါဝင်သည်။
ဘူးသီးတောင်အကျဉ်းထောင်ထဲတွင် ထိန်းသိမ်းခံထားရသည့် ကလေးသူငယ် ဒါဇင်ပေါင်းများစွာနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးအပ်ခဲ့သည်ဟု ယူနီဆက်၏ ဒုတိယအမှုဆောင်ဒါရိုက်တာ Justin Forsyth က ပြောကြားသည်။
“အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရတဲ့ ကလေးငယ်အချို့ ရှိနေပါတယ်။ ကျွန်တော်တို့ ပြောနေတာလည်း ဒီကိစ္စတွေပဲ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီး စနေနေ့ညနေပိုင်းတွင် ၎င်းက အေအက်ဖ်ပီကို ပြောကြားသည်။
“ထိန်းသိမ်းခံနေရတဲ့ ကလေးတိုင်းက ကျွန်တော်တို့ကိစ္စပါပဲ” ဟု ၎င်းကပြောသည်။
အဆိုပါကိစ္စမှာ ပြဿနာတစ်ခုဖြစ်သည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့က အသိအမှတ်ပြုသော်လည်း ပြန်လွှတ်ပေးရေးနှင့် ပတ်သက်ပြီး သေချာစွာ ကတိကဝတ်ပြု ပြောကြားခြင်းမရှိဟု ၎င်းကပြောသည်။
အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးထံ အေက်ဖ်ပီက တနင်္ဂနွေနေ့တွင် ဆက်သွယ်ခဲ့သော်လည်း ၎င်းက တစုံတရာ ပြောကြားခြင်းမရှိပေ။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာရေးသားသူ မစ္စယန်ဟီလီက ၎င်းသွားရောက်ခဲသည့် ဇန်နဝါရီလအတွင်းက ဘူးသီးတောင်အကျဉ်းထောင်တွင် လူ ၄၅၀ ခန့်ကို ထိန်းသိမ်းထားသည်ဟု ပြောကြားသည်။ အများစုမှာ ၎င်းတို့၏ ရှေ့နေများ၊ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရရှိကြပေ။
ရိုဟင်ဂျာကလေးငယ်များအား အခွင့်အရေးများ မရရှိအောင် တားဆီးထားခြင်းက စစ်သွေးကြွများ ဖြစ်လာစေမည်ဆိုသည့်အချက်ကို မြန်မာနိုင်ငံ၏ အရပ်သားအစိုးရအဖွဲ့နှင့် တပ်မတော်အတွင်းတွင် တဖြည်းဖြည်း အသိအမှတ်ပြုလာကြပြီဟု Forsyth ကပြောကြားသည်။
“အဖြစ်မှန်ကတော့ ခင်ဗျားအနေနဲ့ ဒီအသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီး ပြဿနာတွေကို မပြောပဲနေမယ်ဆိုလို့ရှိရင် အဲဒါက ခင်ဗျားကို ပြန်လည်ခြောက်လှန့် လာပါလိမ့်မယ်။ ဖြစ်ပျက်ခဲ့တာမှာလည် ဒါကတစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
သတင်း-အေအက်ဖ်ပီ