ဆိုင်ကလုန်းမုန်တိုင်းကို အနီရောင်အဆင့် သတ်မှတ်၊ စစ်တွေနှင့် သံတွဲကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်

ရန်ကုန်၊ ဧပြီ ၁၆

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း မာရသာ (Maarutha) သည် မြန်မာနိုင်ငံ ကမ်းခြေဒေသသို့ စစ်တွေနှင့် သံတွဲမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရသဖြင့် အနီရောင်အဆင့် သတ်မှတ်လိုက်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

ယနေ့မြန်မာစံတော်ချိန် ၁၁ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း”မာရသာ” သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ကိုကိုးကျွန်းမြို့၏ အနောက်မြောက်ဘက် မိုင် ၁၆၀ ခန့်၊ ပုသိမ်မြို့၏ အနောက်ဘက် ၁၅၈ မိုင်ခန့်၊ ဂွမြို့၏ အနောက်- အနောက်တောင်ဘက် မိုင် ၁၆၀ ခန့်၊ သံတွဲမြို့၏ အနောက်တောင်ဘက် မိုင် ၁၇၀ ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် ၁၉၅ မိုင်ခန့်နှင့် စစ်တွေမြို့၏ အနောက်တောင်ဘက် ၂၂၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု မိုးဇလဌာန၏ ယနေ့မွန်းလွဲပိုင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းထားကာ ယနေ့နံနက်မှ နောက် ၁၂ နာရီ အတွင်း စစ်တွေမြို့နှင့် သံတွဲမြို့ကြားမှ ဖြတ်ကျော်မည်ဟု ခန့်မှန်းထားပြီး အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅၀ မှ မိုင် ၆၀ အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းထားသည်။

မုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိပြုကြရန် မိုးဇလဌာနက အကြံပြုထားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်လည်း မုန်တိုင်း အခြေအနေကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာ၍ အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ထားရှိပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကလည်း မုန်တိုင်းအန္တရာယ် လှည့်လည် သတိပေးဆော်သြခြင်းနှင့် မုန်တိုင်း ဖြတ်သန်းသွားနိုင်သော လမ်းကြောင်းများရှိ တိုင်းဒေသကြီးနှင့် မြို့နယ် မီးသတ်စခန်းအသီးသီးတွင် ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ပြင်ဆင်ထားရှိပြီး ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး၊ လျှပ်စစ်နှင့်လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုတွင်းဝန်ကြီးတို့ ဦးဆောင်သောအဖွဲ့သည် ရမ်းဗြဲမြို့တွင် ရောက်ရှိအခြေပြုလျက်ရှိပြီး လိုအပ်ပါက ရွှေ့ပြောင်းရေး၊ ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ် ထောက်ပံ့ရေးစသည့် အလျင်အမြန်တုံ့ပြန်မှု လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်စုဖွဲ့ဆောင်ရွက်လျက်ရှိပါသည်ဟု သိရသည်။

သံတွဲ၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူခရိုင်များအတွက် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများကိုလည်း ကြိုတင် စုပုံထားရှိပြီး စစ်တွေ၊ သံတွဲ၊ မာန်အောင်၊ ဂွ၊ မြောက်ဦး၊ ရမ်းဗြဲ၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ ကြိုတင် သတိပြု ပြင်ဆင်နိုင်ရန် မုန်တိုင်းနှင့်ပတ်သက်၍ လိုက်လံအသိပေး ဆော်သြခြင်းများလည်း ဆောင်ရွက်လျက်ရှိသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.