နိုင်ငံ့ဝန်ထမ်းများအပေါ် ပြည်သူ့သဘောထားစစ်တမ်း ကောက်ယူရန် ပြင်ဆင်

နေပြည်တော်၊ မေ ၅

နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ဝန်ထမ်းတို့အပေါ် ယုံကြည်မှုသဘောထားစစ်တမ်းကို လာမည့် စက်တင်ဘာမှ အောက်တိုဘာလအတွင်း ကောက်ယူရန် စီစဉ်ထားသည်ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက မီဒီယာများကို ပြောကြားသည်။

“နိုင်ငံ့ဝန်ထမ်းဆိုတာ ပြည်သူတွေရဲ့ ယုံကြည်မှုရနိုင်တဲ့ဝန်ထမ်းတွေ ဖြစ်ရပါမယ်။ အားကိုးရမယ့်သူတွေဖြစ်ရ မယ်။ ဒါကြောင့်ပြည်သူတွေက ဝန်ထမ်းတွေအပေါ် ဘယ်လိုသဘောထားရှိလဲလို့ သိချင်ပါတယ်”ဟု နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် မေ ၄ ရက်နေ့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားသည်။

စစ်တမ်းကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ အစီအစဉ်ဖြင့် လူဦးရေ ၂,၀၀၀ ထံမှ ကောက်ယူမည်ဖြစ်ပြီး အသေးစိတ်အစီအစဉ်များကို ဆက်လက်ညှိနှိုင်း လုပ်ဆောင်နေကြောင်း ဦးစောဗယ်လင်တိုင်းက ပြောသည်။

အဆိုပါအစီအစဉ်သည် နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှု မဟာဗျူဟာစီမံချက် ၂၀၁၇-၂၀၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး စီမံချက်အကောင်အထည်ဖော်ရာတွင် စစ်တမ်းက အထောက်အကူဖြစ်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့က မျှော်လင့်ထားသည်။

“ကျွန်တော်တို့နိုင်ငံမှာ ဝန်ထမ်းပြုပြင်ပြောင်းလဲရေးက အချိန်ရောက်နေပါပြီ။ ပြည်သူတွေ အားကိုးရတဲ့ ဝန်ထမ်းဖြစ်ဖို့၊ နိုင်ငံတော်အတွက်လည်း စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ပြောင်းလဲဖို့ တစ်တပ်တစ်အားပါဝင်နိုင်တဲ့ ဝန်ထမ်းဖြစ်ရမယ်။ ဘယ်အစိုးရတက်တက် ဝန်ထမ်းသည် သူ့အလုပ်သူ အောင်မြင်အောင်လုပ်နိုင်မှသာလျှင် တိုင်းပြည်က တိုးတက်မယ်”ဟု ဦးစောဗယ်လင်တိုင်းက ဆိုသည်။

အစိုးရ၏ စာရင်းများအရ တစ်နိုင်ငံလုံးတွင် နိုင်ငံ့ဝန်ထမ်း ကိုးသိန်းကျော်ရှိသည်ဟု သိရသည်။

လက်ရှိတွင် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ရှိ ပြည်သူ့ဝန်ထမ်းအကယ်ဒမီနှစ်ခုတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ဝန်ထမ်းများကို လေ့ကျင့်ပေးနေသည်။

ယခင်က စစ်ပညာဌာနအပါအဝင် ပညာရပ်ဌာန ခြောက်ခုဖြင့် ဝန်ထမ်းများကို လေ့ကျင့်ပေးနေရာမှ လက်ရှိ သင်ကြားနေသည့် အကယ်ဒမီများတွင် စစ်ပညာဌာနကို ချန်လှပ်ပြီး စီမံခန့်ခွဲမှု၊ စီးပွားရေး၊ နိုင်ငံရေးသိပ္ပံ၊ လူမှုရေးသိပ္ပံ၊ ဥပဒေ၊ အင်္ဂလိပ် ဘာသာပညာ၊၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ စုစုပေါင်း ပညာဌာန ခုနစ်ခုဖြင့် သင်တန်းများပေးနေခြင်းဖြစ်သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar