နေပြည်တော်၊ မေ ၆
အင်တာနက်ပေါ်တွင် ပေါ်ထွက်နေသည့် သတင်းမှားများကို ဖြန့်ချိနေသူများအား ဖော်ထုတ်အရေးယူရန်နှင့် ပတ်သက်ပြီး ဦးဝင်းထိန်၏ ပြောဆိုမှုများအပေါ် တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီတို့က ကန့်ကွက်လိုက်ကြသည်။
အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပတ်သက်သည့် သတင်းမှားများအား လူမှုကွန်ရက်စာမျက်နှာ Facebook ပေါ်တွင် ဖြန့်ချိနေသူများနှင့် ပတ်သက်ပြီး ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က “ကြားနေရတာက အများကြီး၊ ကြံ့ခိုင်ရေးကပဲ လုပ်သလား၊ တစ်ချို့ တပ်မတော် အဖွဲ့အစည်းတွေကပဲ လုပ်သလား၊ သို့တည်းမဟုတ် အိုင်တီမှာ ကျွမ်းကျင်တဲ့ ကျွန်တော်တို့ကို မလိုလားတဲ့ သူတွေလားဆိုတာ မှန်းဆရခက်တယ်”ဟု မေ ၄ ရက်နေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။
ဦးဝင်းထိန်၏ ထိုသို့ပြောဆိုချက်များသည် တပ်မတော်၏ ဂုဏ်သိက္ခာကို များစွာထိခိုက်စေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၅ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
“ဦးဝင်းထိန်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူးဖြစ်ပြီး ပါတီကို ကိုယ်စားပြု၍ မီဒီယာများအား တွေ့ဆုံရှင်းလင်းရာတွင် အခြေအမြစ် ခိုင်လုံခြင်းမရှိသော သံသယစိတ်အပေါ် အခြေခံ၍ တပ်မတော်အား ထည့်သွင်းပုတ်ခတ် စွပ်စွဲပြောဆိုခြင်းသည် တပ်မတော်၏ ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယနေ့အချိန်ကာလတွင် နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို အစဉ်တစိုက် ဦးတည်ဆောင်ရွက်နေသော ကာလဖြစ်သည့်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပြောရေးဆိုခွင့်ရှိသူတစ်ဦးအနေဖြင့် နိုင်ငံ၏ စည်းလုံးညီညွတ်မှုထိခိုက်စေသော နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေသည့် တပ်မတော်အပေါ် အခြေအမြစ်မရှိ ပုတ်ခတ် ပြောဆိုမှုအား ပြင်းထန်စွာကန့်ကွက်သည်ဟုလည်း ဖော်ပြထားသည်။
ထို့ပြင် တပ်မတော်အနေဖြင့် လိုအပ်သော တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ဦးဝင်းထိန်၏ ပြောဆိုချက်ကို ပယ်ချခဲ့ပြီး ကန့်ကွက် ရှုံ့ချသည်ဟု ထုတ်ပြန်ခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ၏ Facebook စာမျက်နှာပေါ်တွင် မေ ၅ ရက်နေ့ ညပိုင်းက လွှင့်တင်ခဲ့သည့် ထုတ်ပြန်ချက်တွင် “ဦးဝင်းထိန် ကျွန်တော်တို့ပါတီကို အဲဒီလို သံသယနဲ့ စွပ်စွဲပြောကြားတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါ တယ်။ လုံးဝမဟုတ်ဘူးဆိုတာလည်း ငြင်းဆိုတယ်” ဟု ပါတီမှ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားထားသည်။
“အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့မှ တိုင်းပြည်ကို ရှေ့ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင်၊ တည်ငြိမ် အေးချမ်းအောင် ပူးပေါင်းပြီး လုပ်ဆောင်ကြရမယ့်အချိန်မှာ အခုလိုမျိုး တစ်ဦးနဲ့ တစ်ဦး အမုန်းပွားစေမယ့်၊ ပြည်သူလူထု သံသယဖြစ်စေမယ့် အပြုအမူ အပြောအဆိုမျိုး လုပ်တာကို လုံးဝလက်မခံဘူးလို့ပြောချင်တယ်” ဟုလည်း ၎င်းက ပြောကြားထားသည်။
ပါတီတာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ လက်လွတ်စပယ်ပြောဆိုမှုကို လက်မခံသလို ပြောလည်း မပြောသင့်ဟု ၎င်းက ဆက်လက်ပြောကြားထားသည်။
“ဒီလိုပြောဆိုနေတာ ကို ကျွန်တော်တို့လက်ခံလို့ မရဘူး။ ပြည်သူတွေကလည်း ဒီလိုအပြောအဆိုမျိုးကို သေချာ စဉ်းစားဖို့လိုလိမ့်မယ်။ တာဝန်ရှိပုဂ္ဂိုလ်တစ်ယောက်အနေနဲ့လည်း အပြောအဆို ဆင်ခြင်သင့်တယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ဆက်လက်ပြောကြားထားသည်။
ပြည်ခိုင်ဖြိုးပါတီ ပျက်စီးရေးနှင့် တပ်မတော်ကို ပြည်သူများ မုန်းတီးပြီး ပျက်စီးရေး လုပ်ဆောင်နေမှုသည် တိုင်းပြည်အတွက် အလွန်အန္တရာယ်ကြီးမားပြီး နိုင်ငံ၏ အနာဂတ်ကို အများကြီး စိန်ခေါ်နေသည်ဟုလည်း ၎င်းက ပြောသည်။
“ဒီလိုမျိုး ပြောဆိုဆောင်ရွက်တာဟာ သိပ်အန္တရာယ်ကြီးတဲ့အတွက် ကျွန်တော်တို့ကတော့ လက်မခံဘူး။ ပြည်သူတွေအနေနဲ့လည်း ချင့်ချိန်စဉ်းစားပြီးတော့မှ နားထောင်စေချင်တယ်။ တပ်မတော်နဲ့ သဘောထား တစ်ထပ်တည်းပဲ။ ဒီလိုစွပ်စွဲပြောကြားမှုမျိုးကို ကန့်ကွက်ပါတယ်။ ရှုတ်ချပါတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။
၎င်း၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး တပ်မတော်က ကန့်ကွက်ပြောကြားသည့်အပေါ် ဦးဝင်းထိန်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမရှိပေ။