လန်ဒန်မြို့တော်၏ The Freedom of City of London ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ

ဗြိတိန်နိုင်ငံသို့ တရားဝင်ခရီး ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လန်ဒန်မြို့တော်ဝန်နှင့် ကောင်စီအဖွဲ့က ချီးမြှင့်ပေးအပ်သည့် The Freedom of City of London ဂုဏ်ထူးဆောင်ဆုကို မေ ၈ ရက်နေ့က လက်ခံရယူခဲ့သည်။

လန်ဒန်မြို့ရှိ Guildhall တွင် မွန်းလွဲပိုင်းက ကျင်းပခဲ့သည့် အခမ်းအနား၌ ဒေါ်အောင်ဆန်းစုကြည်က လက်ခံရယူခဲ့သည်။

အဆိုပါဆုမှာ လန်ဒန်မြို့တော်က ပေးအပ်သည့် အဆင့်အမြင့်ဆုံးဆုဖြစ်ပြီး နိုင်ငံတကာမှ အထင်ကရပုဂ္ဂိုလ်များအား ဂုဏ်ပြုသည့်အနေဖြင့် ချီးမြှင့်လေ့ရှိသည့်ဆုဖြစ်သည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေးအတွက် အကြမ်းမဖက်သည့်နည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့မှုနှင့် ကမ္ဘာ့နိုင်ငံရေးစင်မြင့်တွင် ထူးချွန်ပြောင်မြောက်သော ခေါင်းဆောင်မှုတို့အတွက် အဆိုပါဆုကို ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်ဟု The City of London က ထုတ်ပြန်ခဲ့သည်။

အဆိုပါဆုကို ယခင်က ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ၊ တောင်အာဖရိကသမ္မတနိုင်ငံ သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား၊ ကမ္ဘာကျော်သိပ္ပံ ပညာရှင် ပါမောက္ခစတီဗင်ဟော့ကင်းနှင့် ဗြိတိန်နိုင်ငံ ဝေလမင်းသမီး ဒိုင်ယာနာတို့ကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ဖူးသည်။

ဆုချီးမြှင့်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်အား လန်ဒန်မြို့ ခေတ္တ မြို့တော်ဝန် Alderman Sir Alan Yarrow က ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ဆုပေးပွဲကျင်းပခဲ့သည့် Guildhall ပြင်ပတွင် လူ ၄၀ ခန့်က မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန်နှင့် ရိုဟင်ဂျာကျေးရွာများကို တပ်မတော်က မီးရှို့နေမှုများအား ရပ်ဆိုင်းပေးရန်ဟူသည့် စာတမ်းများ ရေးသားထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

လန်ဒန်မြို့တော်၏ဆုကို လက်ခံရယူခြင်းမပြုမီ အဆိုပါနေ့ နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့သလို မေ ၅ ရက်နေ့ကလည်း ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်နှင့် မင်းသားချားစ်တို့နှင့် တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရရှိလာပြီးနောက် ၎င်း၏ ပထမဆုံးဥရောပခရီးစဉ်အဖြစ် ဘယ်လ်ဂျီယံ၊ အီတလီ၊ ဗာတီကန်မြို့တော်နှင့် ဗြိတိန်နိုင်ငံများသို့ တရားဝင်ခရီး ရောက်ရှိနေခြင်းဖြစ်သည်။

ခရီးစဉ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဘယ်လ်ဂျီယံဘုရင်မင်းမြတ်၊ ဘယ်လ်ဂျီယံဝန်ကြီးချုပ်၊ အီတလီဝန်ကြီးချုပ်နှင့် ပုပ်ရဟန်းမင်းကြီးတို့အပြင် ဥရောပကောင်စီဥက္ကဋ္ဌနှင့် ဥရောပကော်မရှင် နိုင်ငံခြားရေးရာပေါ်လစီအကြီးအကဲတို့ကိုလည်း တွေ့ဆုံခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar