မီဒီယာဖိနှိပ်မှုကို ကန့်ကွက်သည့် လှုပ်ရှားမှုများ ဆောင်ရွက်ရန် သတင်းသမားများ ဆုံးဖြတ်

ရန်ကုန်၊ ဇွန် ၆

မီဒီယာများအပေါ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)အသုံးပြုကာ ဖိနှိပ်လာသည့်အတွက်ဟုဆိုကာ သတင်းသမားများက မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး လက်ပတ်ဖြူ ဝတ်ဆင်သည့် လှုပ်ရှားမှုအပါအဝင် အဆိုပါပုဒ်မ ဖျက်သိမ်းရေးလှုပ်ရှားမှုများကို ဆောင်ရွက်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။

ဇွန် ၆ ရက်နေ့က ရန်ကုန်မြို့၊ Orchid Hotel တွင် သတင်းသမား ၃၀ ကျော် စုဝေးဆွေးနွေးကြပြီးနောက် ထိုသို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ထိုဆုံးဖြတ်ချက်အရ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ဖမ်းဆီးခြင်းခံထားရသည့် The Voice သတင်းစာနှင့် ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေအား ရုံးထုတ်သည့်နေ့တွင် တူညီလက်ပတ် ဝတ်ဆင်ကာ သွားရောက် သတင်းယူကြမည်ဖြစ်သည်။

The Voice သတင်းစာတွင် ပုံနှိပ်ဖော်ပြခဲ့ကာ သတင်းစာ၏ ဝက်ဘ်ဆိုက်တွင်လည်း လွှင့်တင်ခဲ့သည့် “ကျည်ထောင်စုသစ္စာ” ဟုသည့် သရော်စာတစ်ပုဒ်ကြောင့် သတင်းစာ၏ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် စာရေးသူ ဗြိတိသျှကိုကိုမောင်တို့အား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့သည်။

ထို့ကြောင့် ဦးကျော်မင်းဆွေနှင့် ဗြိတိသျှကိုကိုမောင်တို့ကို ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့က ဇွန် ၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး လာမည့် ဇွန် ၈ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်သည်။

ထို့ကြောင့် အဆိုပါရုံးချိန်းနေ့တွင် တရားရုံးသို့သို့ သွားရောက်အားပေးမည်ဖြစ်ကာ သက်ဆိုင်ရာ မီဒီယာတိုက်သို့လည်း သွားရောက် အားပေးမည်ဟု ထိုအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

”The Voice သတင်းစာမှာဆိုရင် အယ်ဒီတာချုပ်ဖြစ်တဲ့ ကိုကျော်မင်းဆွေ အချုပ်ထဲရောက်နေတော့ အဲဒီအတွက် The Voice မှာရှိတဲ့ သတင်းသမားတွေကို သွားအားပေးမယ်” ဟု Myanmar Now သတင်းဌာနမှ အကြီးတန်းသတင်းထောက် ကိုထက်ခေါင်လင်းက ပြောကြားသည်။

ထို့ပြင် မီဒီယာလွတ်လပ်ခွင့် လှုပ်ရှားမှုကိုလည်း အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်သွားမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

ပထမအဆင့်မှာ “သတင်းလွတ်လပ်ခွင့် ရှိရမည်”ဟု ရေးသားထားသော လက်ပတ်ဖြူ ဝတ်ဆင်သည့် လှုပ်ရှားမှုကို ဇွန် ၈ ရက်မှ ၁၈ ရက်အနေ့အထိ ပြုလုပ်မည်ဖြစ်ရာ စိတ်တူကိုယ်တူ သတင်းသမားများက အဆိုပါ လက်ပတ်အဖြူများကို ၁၀ ရက်တိတိ ဝတ်ဆင် သတင်းယူကြမည်ဟုဆိုသည်။

ဒုတိယအဆင့်အနေဖြင့် အဆိုပါအစည်းအဝေးတွင် ယာယီဖွဲ့စည်းခဲ့သည့် အဖွဲ့ဝင် ၂၁ ဦးပါဝင်သော မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက ဦးဆောင်ကာ ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းသင့် မသင့်နှင့် ပတ်သက်ပြီး လက်မှတ်များကို ဇွန် ၂၀ ရက်နေ့မှ ဇွန်လကုန်အထိ ကောက်ခံသွားမည်ဖြစ်ပြီး ရရှိသည့် လက်မှတ်များကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်ခေါင်းဆောင်များထံ ပေးပို့သွားမည်ဖြစ်သည်။

တတိယအဆင့်အနေဖြင့် တောင်းဆိုချက်များ ရရှိရေးအတွက် အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများ ပါဝင်သော လှုပ်ရှားမှုကို အကောင်အထည်ဖော်သွားမည်ဟုဆိုသည်။

ထို့ပြင် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိပါးနေသည့် ၆၆ (ဃ) နှင့် တရားမျှတမှုမရှီမသည့် ဥပဒေများကို ဖျက်သိမ်းပြင်ဆင်ရန်၊ အစိုးရ၊ တပ်မတော်နှင့် အာဏာပိုင် အဖွဲ့အစည်းများက ၆၆ (ဃ) ဖြင့် စွဲဆိုထားသည် အမှုများကိုချက်ချင်းရပ်ဆိုင်းရန်တို့ကိုလည်း တောင်းဆိုခဲ့သည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ဥပဒေကို ၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်၊ မတ်လကုန်အထိ လေးနှစ်ခန့်အတွင်း အဆိုပါပုဒ်မဖြင့် တရားစွဲဆိုမှု ခုနစ်မှုသာရှိခဲ့သော်လည်း ထိုအချိန်မှစ၍ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့အထိ ၆၁ မှုအထိ ရှိလာနေပြီဖြစ်သည်။

ထို့ကြောင့် ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခံရသူ စုစုပေါင်း ၆၈ မှုအထိ ရှိလာကာ ထိုအထဲတွင် သတင်းမီဒီယာသမားများကို စွဲဆိုသော အမှုကိုးမှုလည်း အပါအဝင်ဖြစ်သည်။

သတင်း- ခိုင်ဇာအောင်နှင့် ဘိုဘိုသိန်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.