မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် သြဂုတ် ၃၀ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၈,၅၀၀ ခန့်မှာ နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြသည်။
အဖွဲ့ဝင် ၁၅ ဦးပါဝင်သည့် ကောင်စီ၏ တံခါးပိတ်အစည်းအဝေးအပြီးတွင် တရားဝင်ထုတ်ပြန်ချက် တစ်စုံတစ်ရာကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ သို့သော် တင်းမာမှုများ လျော့ကျသွားစေရေးအတွက် ကောင်စီအဖွဲ့ဝင်များက တောင်းဆိုခဲ့ကြသည်ဟု ဗြိတိသျှသံအမတ်ကြီး Matthew Rycroft က ပြောကြားသည်။
“အကြမ်းဖက်မှုတွေကို ကျွန်တော်တို့အားလုံး ပြစ်တင်ရှုံ့ချပါတယ်။ ပါဝင်သူတွေအားလုံးကို တင်းမာမှုတွေ လျှော့ချကြဖို့ ကျွန်တော်တို့က တောင်းဆိုပါတယ်” ဟု ၎င်းက သတင်းထောက်များကို ပြောကြားသည်။
ပြီးခဲ့သည့် ၂၅ ရက်နေ့တွင် စစ်သွေးကြွများက ရဲစခန်းများအား ရုတ်တရက်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက် ထိတွေ့တိုက်ခိုက်မှုများ စတင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူပေါင်း ၁၁၀ ခန့်သေဆုံးခဲ့ရာတွင် အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦးလည်း ပါဝင်သည်။ ဘင်္ဂလားဒေရှ့်က တားဆီးရန် ကြိုးပမ်းနေသော်လည်း လူထောင်ပေါင်းများစွာမှာ နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ဗြိတိန်က တောင်းဆိုခဲ့သော်လည်း ထိုအရေးတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပါဝင်ပတ်သက်မှုကို တရုတ်နိုင်ငံက တားဆီးနေသည်ဟု သံတမန်များက ပြောကြားသည်။
ဆက်လက်ပြီး ဆောင်ရွက်ရန် စီစဉ်ထားခြင်းရှိမရှိကို သေချာစွာမသိရှိရသေးသော်လည်း လာမည့်စက်တင်ဘာတွင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ စုဝေးမည့် ကုလသမဂ္ဂ နှစ်ပတ်လည်အစည်းအဝေးတွင်မူ အဆိုပါကိစ္စကို ဆွေးနွေးဖွယ်ရှိနေသည်။
မြန်မာအစိုးရကို ဦးဆောင်နေသည့် နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား လုံခြုံရေးကောင်စီက ဆက်လက်ထောက်ခံနေဆဲဖြစ်သည်ဟု ဗြိတိန်သံအမတ်က ပြောကြားသည်။
“ကျွန်တော်တို့တွေဟာ သူမ(ဒေါ်အောင်ဆန်းစုကြည်) ကို အလွန်ထောက်ခံကြတဲ့ မဟာမိတ်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့က သူမရဲ့ တိုးတက်မှုတွေကို လေးစားတဲ့စိတ်တွေနဲ့ ကြည့်နေကြသူတွေပါ” ဟု ၎င်းကပြောကြားသည်။
သတင်း-အေအက်ဖ်ပီ