နယ်စပ်ခြံစည်းရိုး ကာရံရေးအတွက် ကျပ် ၂၀ ဘီလျံကို လက်ငင်းဖြည့်ဆည်းပေးမည်ဟု သမ္မတရုံးကြေညာ

နေပြည်တော်၊ စက်တင်ဘာ ၁၈

မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ချက်ချင်းဆောင်ရွက်နိုင်ရေးအတွက် ပထမအဆင့် အနေဖြင့် ကျပ် ၂၀ ဘီလျံကို အစိုးရက လက်ငင်းဖြည့်ဆည်းပေးမည်ဟု နိုင်ငံတော်သမ္မတရုံးက ယနေ့ထုတ်ပြန် ကြေညာခဲ့သည်။

နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းအား ယခင်ဆောင်ရွက်သည့်အတိုင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ရန်ပုံငွေ တင်ပြတောင်းခံ၍ ကာကွယ်ရေးဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်သွားစေမည် ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သြဂုတ်လ နောက်ဆုံးပတ်တွင် စတင်ဖြစ်ပေါ်ခဲ့သည့် တိုက်ခိုက်မှုများကြောင့် လူထောင်ပေါင်းများစွာမှာ နယ်စပ်ကိုဖြတ်ကျော်ကာ ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးနေကြရသည်။

တရားမဝင်ကျူးကျော်နေထိုင်သူများဟု မြန်မာအစိုးရနှင့် ပြည်သူအများစုကဆိုသည့် ဘင်္ဂါလီများကြောင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်နေသည်ဟု ယူဆထားကြပြီး နယ်စပ်ဒေသလုံခြုံရေးအတွက် နယ်စပ်ခြံစည်းရိုးအား ပြန်လည်ပြုပြင်တည်ဆောက်ရန် ပြည်သူများအကြား ပြောကြားမှုများ ရှိနေချိန်တွင် ယခုကြေညာချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

ယခုအချိန်တွင် ပြည်သူအချို့က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေသည်ဟု သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအတွက် ၂၀၀၉-၁၀ ခုနှစ်မှ ၂၀၁၇-၁၈ခုနှစ်အထိ ဘဏ္ဍာရေးနှစ်များအတွင်း နှစ်စဉ် မူလခန့်မှန်းခြေငွေစာရင်းနှင့် ဖြည့်စွက်ခွင့်ပြုငွေ စုစုပေါင်း ကျပ် ၁၉၀ ဘီလျံကျော်ကို ပြည်ထဲရေး ဝန်ကြီးဌာနသို့ ခွင့်ပြုပေးခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးသို့ လုပ်ငန်း အပ်နံှဆောင်ရွက်ခဲ့သည်ဟု ဖော်ပြထားသည်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ခြံစည်းရိုးကာရံခြင်းနှင့် ဆက်စပ်လုပ်ငန်းများအတွက် ကျပ် ၆ ဘီလျံကျော်ကို ခွင့်ပြုပေးခဲ့ပြီး ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ကျပ် ၂ ဘီလျံဘီလီယံကျော် ထပ်မံသုံးစွဲနိုင်ရေး ဆောင်ရွက်နေသည်ဟု ဆိုသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ထိစပ်နေသည့် ကုန်းတွင်းပိုင်း နယ်နိမိတ်အရှည် ၁၆၅ မိုင်ခန့်တွင် သွပ်ဆူးကြိုး ကာရံသည့်လုပ်ငန်းကို ၂၀၀၉ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့က တည်ဆောက်နေခြင်း ဖြစ်သည်။

လုပ်ငန်းများကို အဆင့်လေးဆင့်ဖြင့် ဆောင်ရွက်ရန် စီစဉ်ထားရာ ၂၀၀၉ -၁၀ ဘဏ္ဍာနှစ်မှ စတင်ကာ ပထမအဆင့် ၃၈ ဒသမ ၁၁ မိုင်၊ ဒုတိယအဆင့် ၃၆ဒသမ ၆၆၁ မိုင်၊ တတိယအဆင့် ၃၉ ဒသမ ၈၈၁ မိုင်အပါအဝင် ဆက်စပ်လုပ်ငန်းများကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အထိ လုပ်ကိုင်ခဲ့သည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်စပ်နေသည့် ရခိုင်ပြည်နယ်တွင် ဒုက္ခသည်အများအပြား ရှိနေပြီး လူဝင်မှုကြီးကြပ်ရေး ပြဿနာများ ရှိနေသည့်အတွက် တဖက်နိုင်ငံမှ တရားမဝင် ခိုးဝင်မှုများအား တားဆီးနိုင်ရန် အဆိုပါ ခြံစည်းရိုးကို တည်ဆောက်နေခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများအတွက် ပြည်သူများက အလှူငွေ ထည့်ဝင်မည်ဟု လူမှုကွန်ယက်ပေါ်တွင် ရေးသားပြောဆိုမှုများ ရှိနေသော်လည်း အစိုးရကမူ နိုင်ငံတော်၏ ဘဏ္ဍာငွေဖြင့်သာ ဆောင်ရွက်သွားမည်ဟု ပြောကြားထားသည်။

“၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့၌ ရခိုင်ပြည်နယ်အရေးကိစ္စများနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာများကို နိုင်ငံတော်သမ္မတအား ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင် နယ်စပ်ခြံစည်းရိုး ပျက်စီးနေသည့်နေရာများအား ပြုပြင်ခြင်း၊ ခြံစည်းရိုးကာရံရန် ကျန်ရှိသည့် နေရာများကို အဆင့်မီ လုံခြုံစွာ အမြန်ဆုံးကာရံခြင်းတို့ကို အချိန်မဆိုင်း ဆောင်ရွက်ရန်နှင့် လိုအပ်သည့်ဘဏ္ဍာငွေကို နိုင်ငံတော်အစိုးရက ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်း ပြောကြားခဲ့ပြီး ဖြစ်ပါသည်” ဟု သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ခြံစည်းရိုးတည်ဆောက်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ ကမ္ဘောဇအုပ်စုမှ ဦးအောင်ကိုဝင်းအပါအဝင် အလှူရှင်အချို့က လှူဒါန်းမှုများ ရှိခဲ့သည်ကို ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ ၁၀ ရက်နေ့က နေပြည်တော်တွင် ကျင်းပပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည့် ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များကို သက်စွန့် ကြိုးပမ်းထမ်းဆောင်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင် နေရသည့် ဒေသခံပြည်သူများနှင့် နယ်စပ်ခြံစည်းရိုး ကာရံရန်အတွက် စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုစုစုပေါင်းမှာ ငွေကျပ်သိန်းပေါင်း ၄၃,၆၀၃ ဖြစ်သည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.