ပြည်သူနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ပေါင်းကူးပေးရန် Open Hluttaw ကို မိတ်ဆက်

ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များအကြား ပေါင်းကူးပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးခဲ့သည့် Open Hluttaw ဟု ခေါ်သော မိုဘိုင်းအက်ပလီကေးရှင်းအား စက်တင်ဘာ ၁၉ ရက်နေ့က စတင်မိတ်ဆက်ခဲ့သည်။

ထိုအက်ပလီကေးရှင်းတွင် လွှတ်တော်များနှင့်ဆိုင်သည့် အချက်အလက်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်ရေးအကျဉ်းနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်၊ အီးမေးလိပ်စာများ၊ လွှတ်တော်ကော်မတီများကို အသုံးပြုသူများ လွယ်လင့်တကူ ရှာဖွေနိုင်စေရန် ဖန်တီးပေးထားသည်။

“တစ်ယောက်ယောက်က ဒီမဲဆန္ဒနယ်တစ်ခုထဲမှာ ဖြစ်တဲ့ ကိစ္စတစ်ခုအတွက် တိုင်ချင်တာမျိုးဆိုရင် ဒီအက်ပ်ကို အသုံးပြုခြင်းဖြင့် သူ့ရဲ့မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်ကို လွယ်လင့်တကူ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်” ဟု အက်ပလီကေးရှင်းစီမံချက်အား နယ်သာလန်သံရုံး၏ ငွေကြေးထောက်ပံ့မှုဖြင့် ဦးဆောင်အကောင်အထည်ဖော်ခဲ့သည့် မြန်မာ့ပဉ္စမမဏ္ဍိုင် (MFE) မှ Program Officer နော်စူစန်ဟီလာရီက ရန်ကုန်မြို့၊ ချက်ထရီယန်ဟိုတယ်တွင် ကျင်းပသည့် မိတ်ဆက်ပွဲတွင် ပြောကြားသည်။

လက်ရှိအချိန်တွင်မူ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့နှင့် သက်ဆိုင်သည့် အချက်အလက်များကိုသာ ရှာဖွေနိုင်မည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးတို့နှင့် သက်ဆိုင်သော အချက်အလက်များကို ဆက်လက်ကောက်ယူ ဖြည့်သွင်းရန် ကျန်ရှိသေးသည်။

MFE ၏ တည်ထောင်သူ ဦးစိုးလင်းထွဋ်က လွှတ်တော်အရပ်ရပ်၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အားကောင်းလာစေရန် ထိုအက်ပလီကေးရှင်းက လုပ်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ထားသည်။

“ဒီအက်ပလီကေးရှင်းကို ဖော်ဆောင်တဲ့နေရာမှာ ကြီးမားတဲ့ စိန်ခေါ်မှုကတော့ အချက်အလက်တွေ မရှိဘူးဖြစ်နေတာပဲ/ လွှတ်တော်အနေနဲ့က ဒီအချက်အလက်တွေကို အပြည့်အဝ မပေးနိုင်ဘူး/ ပွင့်လင်းမြန်မာ့ရှေ့ဆောင် (OMI) က ပေးတဲ့ လွှတ်တော်ဆိုင်ရာ အချက်အလက်တွေပေါ်အခြေခံပြီး ကိုယ်တိုင် သုတေသနပြု ထည့်သွင်းခဲ့ရတယ်” ဟု ၎င်းက ရှင်းပြသည်။

၂၀၁၂ ဝန်းကျင်း၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွက် ဌာနတွင်း အသုံးပြုနိုင်မည့် မဲဆန္ဒရှင်စနစ် တစ်ခုအား ဖန်တီးပေးခဲ့သည့် ပြည်တွင်း Developer ကုမ္ပဏီတစ်ခုဖြစ်သော Sundew Myanmar က အဆိုပါ အက်ပလီကေးရှင်းကို ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။

“Open Hluttaw ကို ကျွန်မ Install လုပ်ပြီးပါပြီ၊ ဒါပေမယ့် ဒီလိုမျိုး အက်ပလီကေးရှင်းတွေ ပိုပြီး မြင်ချင်ပါသေးတယ်၊ ဥပမာဆို (အမျိုးသမီးများအပေါ်) အကြမ်းဘက်မှုတွေ၊ အထိကရုန်းတွေကို ခြေရာခံပြီး အမျိုးသမီးတွေအနေနဲ့ အလွယ်တကူ ရဲတပ်ဖွဲ့ကို တိုင်ကြားပြီး အကူအညီတောင်းခံနိုင်တဲ့ အက်ပလီကေးရှင်းမျိုးပေါ့” ဟု ရန်ကုန်လူငယ်ကွန်ရက် ဥက္ကဋ္ဌ မသဉ္ဇာရွှန်းလဲ့ရီက ပြောကြားသည်။

သတင်း-ကျော်လင်းထွန်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar