အတိုင်ပင်ခံနဲ့ သူဌေးကြီးတွေ ရခိုင်ဖွံ့ဖြိုးရေးအတွက် ကျပ်သန်းချီလှူ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့ဘဏ္ဍာငွေထဲကနေ သူရနေတဲ့ ဝတ်စုံစရိတ် အမေရိကန်ဒေါ်လာ ၄,၀၀၀ (ကျပ်သိန်း ၆၀)နီးပါးကို ရခိုင်ပြည်နယ်အတွက် လှူဒါန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD) အတွက် ပြည်တွင်း ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့အတူ သူက လှူဒါန်းလိုက်တာပါ။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)မှာ အောက်တိုဘာ ၂၀ ရက်က အခမ်းအနားတစ်ရပ်ပြုလုပ်ပြီး အလှူငွေတွေ လက်ခံခဲ့တာဖြစ်ပါတယ်။

လှူဒါန်းသူစာရင်းနဲ့ စုစုပေါင်းပမာဏကို နိုင်ငံတော် အတိုင်ပင်ခံရုံးကထုတ်ပြန်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှူဒါန်းမှုကို ဖော်ပြထားပါတယ်။

စာရင်းမှာ ပြည်တွင်းထိပ်တန်းလုပ်ငန်းရှင် ၂၅ ဦးက စုစုပေါင်း ကျပ်သိန်းပေါင်း တစ်သိန်းရှစ်သောင်းနီးပါး လှူဒါန်းတယ်လို့ ပါဝင်တယ်။ ဒီအထဲမှာမှ ကမ္ဘောဇအုပ်စု ဥက္ကဌဦးအောင်ကိုဝင်းက ကျပ်သိန်းသုံးသောင်းနဲ့ အများဆုံးလှူဒါန်းသူအဖြစ် စာရင်းဝင်ပါတယ်။

အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က “အင်အားရဲ့ အဓိကအင်အားကတော့ ပူးပေါင်းဆောင်ရွက်ခြင်းပါ၊ ကျွန်မတို့စီစဉ်တဲ့အခါမှာ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ပွင့်ပွင့်လင်းလင်းနဲ့ အကြံဉာဏ်ပေးစေချင်ပါတယ်” လို့ ပြောခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဘယ်ဒေသမှာ ဘယ်လုပ်ငန်းရှင်က ပါဝင်လုပ်ကိုင်တယ်ဆိုတဲ့ ကောင်းမွန်သောယှဉ်ပြိုင်မှုကို သူ့အနေနဲ့အားပေးမယ်ဆိုတဲ့အကြောင်း လုပ်ငန်းရှင်တွေကို ဒေါ်အောင်ဆန်းစုကြည်က အသိပေးပါတယ်။

“နိုင်ငံမှာ ဥပဒေမဲ့လုပ်ရပ်တွေရှိရင် ဥပဒေရဲ့အကျိုးဆက်တွေကို ခံရမှာဖြစ်သလို ကျွန်မတို့က တာဝန်ယူတယ်ဆိုတာကိုလည်း ပြဖို့လိုပါတယ်” လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့ပါသေးတယ်။

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းမှာ ပြီးခဲ့တဲ့နှစ်ကစလို့ လုံခြုံရေးစခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် အခြေအနေတွေ ဆိုးရွားနေတာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေအပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေးတွေကြောင့် လူငါးသိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကိုထွက်ပြေးလာကြရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားသလို နိုင်ငံတကာကလည်း ဒီကိစ္စကို အကြောင်းပြုကာ မြန်မာနိုင်ငံအပေါ် သံတမန်ရေး၊ ကူညီထောက်ပံ့ရေး၊ စစ်ရေး၊ လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ကူညီထောက်ပံ့မှုအချို့ကို ဆိုင်းငံ့တဲ့အထိ ဝေဖန်ပစ်တင်နေကြတာပါ။

ဒီအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ အကူအညီနဲ့ ရခိုင်အရေးကိုဖြေရှင်းမယ်၊ မြန်မာနိုင်ငံသား အားလုံးပါဝင်ကူညီနိုင်မယ့် နည်းလမ်းတွေထုတ်ပြန်ပေးမယ်လို့ တိုင်းပြည်ကို ရုပ်မြင်သံကြားကတစ်ဆင့် အသိပေးအပြီး တစ်ပတ်အကြာမှာ အခုလိုငွေလှူဒါန်းပွဲ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၅ ရက်ကတည်းက ရခိုင်ပြည်နယ်အတွက် လှူဒါန်းလိုသူတွေ ဆက်သွယ်လှူဒါန်းနိုင်မယ့် ဘဏ်စာရင်းတွေကို အင်တာနက် ဝက်ဘ်ဆိုက် http://rakhine.unionenterprise.org ကနေ အစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်မယ့်ဒီစီမံကိန်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနှင့် ဒုက္ခသည်များ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည် ပဋိပက္ခကင်းဝေးရေး လုပ်ငန်းစဉ် သုံးရပ်ပါဝင်မှာပါ။

အင်္ဂလိပ်လို Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine လို့အမည်ပေးထားတဲ့ ဒီစီမံကိန်းမှာ ပြည်သူပြည်သားတွေ၊ ပြည်တွင်း/ပြည်ပ အစိုးရမဟုတ်တဲ့ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတွေ၊ အရပ်ဖက်လူမှု အဖွဲ့တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကမ္ဘာ့နိုင်ငံတွေ၊ ကုလသမဂ္ဂအေဂျင်စီတွေ၊ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ကဲ့သို့သော ဘဏ္ဍာရေးအဖွဲ့အစည်းတွေ ပါဝင်ကူညီကြပါလို့ အစိုးရက ဖိတ်ခေါ်ထားပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar