ဉာဏ်လှိုင်လင်း
ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့က မောင်တောမြို့နယ်၊ တရိန်ကျေးရွာနားအနီး တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်သလို နိုင်ငံတကာ ဥပဒများနဲ့အညီ ခုခံကာကွယ် တိုက်ခိုက်မှုတွေ ဆက်လုပ်သွားမယ်လို့ အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA )က ယနေ့ ကြေညာလိုက်ပါတယ်။
သူတို့အသုံးပြုနေတဲ့ Twitter စာမျက်နှာကနေတစ်ဆင့် ထုတ်ပြန်ချက်ထဲမှာ တပ်မတော်ကို ဗမာ့အကြမ်းဖက်တပ်မတော်လို့ သုံးနှုန်းထားသလို ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးတွေကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့ကတည်းက ရပ်ဆိုင်းထားတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ္ဘာသိ ပြောဆိုချက်ဟာ မမှန်ကန်တဲ့ အကြောင်းလည်း ရေးသားထားပါတယ်။
ဒေသတွင်းမှာ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ မုဒိန်းမှု စတာတွေကို တပ်မတော်က ဆက်လက်ပြုလုပ်နေဆဲဖြစ်သလို၊ ဒေသတွင်းမှာ နေထိုင်သူတွေဟာ သူတို့ရဲ့ စားဝတ်နေရေး၊ ပိုင်ဆိုင်မှု၊ နိုင်ငံသားဖြစ်မှု၊ ကျန်းမာရေး စတဲ့ကဏ္ဍ အရပ်ရပ်မှာ အခွင့်အရေးတွေ ဆုံးရှုံးနေဆဲဖြစ်တယ်လို့ ARSA က စွပ်စွဲထားပါတယ်။
တပ်မတော်၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးရုံးမှ ဗိုလ်ချုပ်ထွန်းထွန်းညီကတော့ တရားဝင် ထုတ်ပြန်ကြေညာထားတဲ့အတိုင်း စစ်ဆင်ရေးတွေ ရပ်ဆိုင်းထားပြီးဖြစ်တယ်လို့ Frontier ကိုပြောပါတယ်။
“သူတို့ကပဲ ယာဉ်တစ်စီးကို တိုက်တာ။ ကျွန်တော်တို့က စစ်ဆင်ရေးလုပ်တာမှ မဟုတ်တာ”လို့ ဗိုလ်ချုပ် ထွန်းထွန်းညီက ဆိုတယ်။ ဒါ့အပြင် ဒေသတွင်း မတရားသဖြင့် ကျူးလွန်မှုတွေ မရှိအောင်၊ ရှိရင်လည်း အရေးယူဆောင်ရွက်ဖို့ သက်ဆိုင်ရာ တပ်တွေကို အကြောင်းကြားထားပြီးဖြစ်တယ်လို့ သူက ဆက်ရှင်းပြပါတယ်။
ဒါ့ပြင် ARSA ရဲ့ ကြေညာချက်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ အနာဂတ်နိုင်ငံရေးအတွက် ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ရိုဟင်ဂျာများနဲ့ တိုင်ပင်ရမယ်လို့ တောင်းဆိုထားပေမယ့် မြန်မာအစိုးရဖက်ကတော့ ပယ်ချလိုက်ပါတယ်။
“အကြမ်းဖက်အဖွဲ့အစည်းကို ချေမှုန်းမယ်၊ အရေးယူရမယ်။ ညှိနှိုင်းဖို့ လုံးဝလုံးဝမရှိပါဘူး။ အကြမ်းဖက်သမားတွေကို အားပေးတာတွေ၊ မြှောက်ထိုးပင့်ကော် လုပ်တာတွေမလုပ်ကြဖို့ မေတ္တာရပ်ခံတယ်”လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက Frontier ကို ပြောပါတယ်။
နိုင်ငံလုံခြုံရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးကို မရရအောင် လုပ်သွားမှာဖြစ်သလို၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနဲ့ ပတ်သက်လာရင်လည်း ARSA အပါအဝင် ထောက်ပံ့ကူညီပေးနေတဲ့လူတွေ၊ အဖွဲ့တွေအားလုံးကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘဲ ဥပဒေနဲ့အညီ ပြတ်ပြတ်သားသား ဆောင်ရွက်သွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။
ARSAရဲ့ တိုက်ခိုက်မှုနဲ့ ဒီကြေညာချက်ဟာ ဒေသတွင်းကနေ ဘင်္ဂလားဒေ့ရ်ှဖက် ထွက်ပြေးသွားတဲ့သူတွေကို ပထမအသုတ်အဖြစ် ပြန်လည်လက်ခံဖို့ ပြင်ဆင်နေတဲ့ ဇန်နဝါရီ ၂၃ ရက်နေ့ မတိုင်မီ ပေါ်ပေါက်လာတာဖြစ်လို့ မြန်မာအစိုးရရဲ့ အစီအမံတွေကို ဖျက်ဆီးနေတဲ့ သဘောလို့ ယူဆတဲ့အကြောင်းကိုလည်း ဦးဇော်ဌေးက မှတ်ချက်ပြုပါတယ်။
“ပြန်လည်လက်ခံရေး၊ ပြန်လည် နေရာချထားရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်တွေ၊ ရှေရှည်ဖွံ့ဖြိုးရေး အစီအမံတွေ မဖြစ်အောင်၊ ဒေသတွင်းမှာ တိုက်ခိုက်မှုတွေရှိတယ်ဆိုရင် ပြန်လာသူတွေအတွက် လုံခြုံမှုမရှိပါဘူးဆိုတာမျိုး နိုင်ငံတကာကို ပြချင်တဲ့ရည်ရွယ်ချက်မျိုးလို့ မြင်ပါတယ်”လို့ ဦးဇော်ဌေးက ဆိုပါတယ်။
ဇန်နဝါရီ ၅ ရက်နေ့တုန်းက ယာဉ်တစ်စီးကို မိုင်းခွဲတိုက်ခိုက်ခြင်း၊ လုပ်သေနတ်များနဲ့ ပစ်ခတ်ခြင်းတို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ ယာဉ်မောင်းတစ်ဦး ဒဏ်ရရခဲ့တယ်လို့အစိုးရက ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်ခံရတဲ့ ယာဉ်ဟာ လူနာတင်ယာဉ်ဖြစ်တယ်လို့ အစိုးရက ပြောပေမယ့် တပ်မတော်ကတော့ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေတဲ့ ယာဉ်လို့ ဆိုထားပါတယ်။
ဘယ်ဟာအမှန်လဲလို့ Frontier က စုံစမ်းတဲ့အခါ ဦးဇော်ဌေးက အစိုးရထုတ်ပြန်ချက်ဟာ ပြည်ထဲရေးဝန်ကြီးဌာနထံက ရရှိတဲ့ အချက်အလက်ကို အခြေခံတာလို့ပြောပြီး ဗိုလ်ချုပ်ထွန်းထွန်းညီကတော့ သူတို့ ထုတ်ပြန်ချက်ထဲက အတိုင်းသာ အမှန်ဖြစ်တယ်လို့ ဆိုပါတယ်။ ARSA ရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ယာဉ်အမျိုး အစားဟာ ဘယ်ဟာမှန်တယ်ဆိုတာကိုတော့ Frontierက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ARSA အဖွဲ့ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လနှောင်းပိုင်းက မောင်တောဒေသအတွင်း ရဲတပ်ဖွဲ့ လုံခြုံရေး စခန်းများကို စီးနင်းတိုက်ခိုက်မှုနဲ့ စတင်ထင်ရှားလာတဲ့အဖွဲ့ဖြစ်ပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက သတ်မှတ် ကြေငြာထားပါတယ်။