အေအက်ဖ်ပီ
ရခိုင်ပြည်နယ်ရှိ မီးလောင်ခံထားရသည့် ရိုဟင်ဂျာကျေးရွာများ၏ နေရာတွင် မြန်မာအစိုးရက လုံခြုံရေးဆိုင်ရာ အဆောက်အဦးများကို ဆောက်လုပ်နေသည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ (AI) က ယနေ့ ပြောကြားသည်။ ထိုသို့ဆောက်လုပ်နေခြင်းက ရိုဟင်ဂျာ သိန်းပေါင်းများစွာအား ပြန်လည်လက်ခံမည့် မြန်မာအစိုးရ၏ အစီအစဉ်အပေါ် သံသယများ ဖြစ်ပေါ်စေခဲ့သည်။
လွန်ခဲ့သည့်ခြောက်လက သောင်းကျန်းသူများကို မြန်မာအစိုးရက ပြင်းထန်စွာ နှိမ်နင်းခဲ့မှုကြောင့် ရိုဟင်ဂျာ မူဆလင် ၇၀၀,၀၀၀ နီးပါးမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်။ ထိုဖြစ်ရပ်မှာ လူမျိုးစုအလိုက် ရှင်းလင်းရေးဖြစ်သည်ဟု အမေရိကန်နှင့် ကုလသမဂ္ဂတို့က စွပ်စွဲခဲ့သည်။ ယင်းစွပ်စွဲချက်ကို မြန်မာဘက်က ပယ်ချခဲ့ပြီး နှိမ်နင်းမှုမှာ လွန်ခဲ့သည့်နှစ် သြဂုတ်လက အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) ၏ တိုက်ခိုက်မှုများကို တုံ့ပြန်ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။
သို့သော်လည်း မြန်မာစစ်တပ်က သောင်းကျန်းသူတို့အား တုံ့ပြန်မှုဟူသည့် ဆင်ခြေကို သုံးကာ မလိုလားသည့် လူနည်းစုကို မောင်းထုတ်ရန် အင်အားအလွန်အကျွံသုံး၍ မြေလှန်ရှင်းလင်းသည့် စစ်ဆင်ရေးများ ဆင်နွှဲခဲ့သည်ဟု ဝေဖန်သူများက စွပ်စွဲကြသည်။ AI အစီရင်ခံစာသစ်က ဂြိုဟ်တုပုံရိပ်များနှင့် တွေ့ဆုံမေးမြန်းမှုများကို အသုံးပြုထားသည်။ ယခုနှစ်စကတည်းက စစ်ဘက်အခြေခံအဆောက်အအုံများနှင့် အခြားသော ဆောက်လုပ်မှုများ လျင်မြန်စွာ တိုးပွားလာသည်ဟု ဖော်ပြထားသည်။ ထိုသို့ပြုလုပ်ခြင်းက မြေသိမ်းသည့် သဘောသက်ရောက်သည်ဟု သုတေသီတို့က ပြောကြားသည်။
class=
“ကျွန်တော်တို့ရဲ့ နောက်ဆုံးသုတေသနမှာ AI က မှတ်တမ်းတင်ထားတဲ့ အထောက်အထားသစ်တွေနဲ့ ပြန်လည် တည်ဆောက်မှုတွေက ပြသနေတာကတော့ မြန်မာအာဏာပိုင်တွေဟာ ရိုဟင်ဂျာတွေ ပြန်လာဖို့လိုအပ်တဲ့ နေရာတွေပေါ်မှာ အဆောက်အဦးတွေ ဆောက်လုပ်နေပါတယ်” ဟု AI ၏ အကျပ်အတည်းဆိုင်ရာ တုံ့ပြန်ရေးဒါရိုက်တာ တီရာနာဟာဆန်က အစီရင်ခံစာမထုတ်ပြန်မီ အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
“သာဓကတချို့မှာ တည်ရှိနေဆဲဖြစ်တဲ့ အိမ်တွေဖျက်ဆီးတာတွေ ရှိနေပါတယ်” ဟု ၎င်းကဆိုသည်။ ဂြိုဟ်တုပုံရိပ်များက ဖြစ်ပေါ်နေသည့် မြင်ကွင်း၏ တစ်စိတ်တစ်ပိုင်းကို ဖော်ပြနိုင်သည်ဟု ဝန်ခံထားသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အဆောက်အဦးများ၊ ရဟတ်ယာဉ်ကွင်းများနှင့် လမ်းများကို မီးလောင်ထားသည့် အဆောက်အဦးများ၏ အနီးတဝိုက်တွင် ဆောက်လုပ်နေသည်ဟု လူ့အခွင့်အရေးအုပ်စုက ပြောကြားသည်။
အလားတူ ဆောက်လုပ်မှုတစ်ခုကိုလည်း အင်းဒင်ရွာတွင် စုံစမ်းသိရှိခဲ့သည်။ အင်းဒင်တွင် စက်တင်ဘာလက ဒေသခံ ရိုဟင်ဂျာ ၁၀ ဦးအား သတ်ဖြတ်မှုတွင် ၎င်း၏လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်ခဲ့သည်ဟု မြန်မာက ဝန်ခံထားသည်။ ရခိုင်ပြည်နယ်သည် အများအားဖြင့် လူ့အခွင့်အရေး အုပ်စုများ၊ မီဒီယာများနှင့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတို့အား သွားရောက်ခွင့် ပိတ်ပင်ထားသည့် နေရာဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလနောက်ပိုင်းက ရိုဟင်ဂျာဒုက္ခသည်များ ပြန်လည်ခေါ်ယူမှုကို စတင်တော့မည်ဟု မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့က ယူဆခဲ့ကြသော်လည်း ဒုက္ခသည်အများအပြားကမူ အခြေခံအခွင့်အရေးနှင့် လုံခြုံမှုအာမခံချက်မရှိဘဲ မပြန်လိုကြပေ။
စွန့်ပစ်ခဲ့ရသည့် ရိုဟင်ဂျာတို့၏ မြေယာများကို အခြားသူများထံ ခွဲဝေချပေးခြင်းနှင့် မြေအနေအထား ပြောင်းလဲမှုများကြောင့် စစ်တပ်က ကျူးလွန်သည်ဟု စွပ်စွဲထားသည့် ရက်စက်မှုများအတွက် အထောက်အထားများ ပျက်စီးသွားမည်ကို စိုးရိမ်ကြောင်းလည်း အစီရင်ခံစာက အလေးထားဖော်ပြထားသည်။
မြန်မာဘက်ကမူ ထိုသို့လုပ်ဆောင်နေမှုမှာ အထောပ်အထားကို ဖုံးကွယ်ရန်မဟုတ်ဘဲ နိုင်ငံရှိ အဆင်းရဲဆုံး ပြည်နယ်တစ်ခု၏ လူနေမှုအဆင့်အတန်းကို မြင့်တင်နေခြင်းသာ ဖြစ်သည်ဟု ပြောကြားသည်။