ဆုမြတ်မွန်
၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းတွင် မြန်မာနိုင်ငံက အဆင့်ခြောက်ဆင့် ကျဆင်းသွားသော်လည်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက စိတ်သက်သာရာရမိသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားသည်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ယခုနှစ်အတွက် ဧပြီ ၂၅ ရက်နေ့က ထုတ်ပြန်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်း (World Press Freedom Index) တွင် နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံက အဆင့် ၁၃၇ တွင် ရှိနေသည်ကို တွေ့ရသည်။ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက အဆင့် ခြောက်ဆင့် ကျဆင်းသွားခြင်းဖြစ်သည်။
“တစ်ကျော့ပြန် ဒီမိုကရေစီသက်တမ်း ခုနစ်နှစ်၊ စာနယ်ဇင်းလွတ်လပ်မှုသက်တမ်း ငါးနှစ်သာသာရှိသေးပြီး စိန်ခေါ်မှုပေါင်းမျိုးစုံနဲ့ နပန်းလုံးနေရတဲ့ ကျွန်တော်တို့အတွက် အနှုတ် (၆) နဲ့ အဆင့် ၁၃၇ ရတာ ယှဉ်ကြည့်လိုက်ရင် အနည်းငယ် စိတ်သက်သာမှုရသွားခဲ့ရပါတယ်” ဟု ဦးအောင်လှထွန်းက ၎င်း၏ Facebook စာမျက်နှာမှ တစ်ဆင့် ပြောကြားသည်။
မြန်မာနိုင်ငံ၏ အောက်ဘက်တွင် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယက အဆင့် (၁၃၈)၊ ပါကစ္စတန်က (၁၃၉)၊ ထိုင်းက (၁၄၀)၊ ကမ္ဘောဒီယားက (၁၄၂)၊ မလေးရှားက (၁၄၅)၊ ဘင်္ဂလားဒေရှ့်က (၁၄၆)၊ စင်ကာပူက (၁၅၁)၊ ဗီယက်နမ်က (၁၇၅)နှင့် တရုတ်က အဆင့် (၁၇၆) တို့၌ ရှိနေသည်ကို တွေ့ရှိရသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
“ဥရောပ ဒီမိုကရေစီနိုင်ငံအချို့ရဲ့ အညွှန်းကိန်း ကျဆင်းမှုကို တစ်ချက်ကြည့်လိုက်တော့ ဒိန်းမတ်က အနှုတ် (၅)၊ ဆလိုဗက်ကီးယားက အနှုတ် (၁၀) နဲ့ ချက်သမ္မတနိုင်ငံက အနှုတ် (၁၁) တို့ ဖြစ်တာတွေ့ရပါတယ်” ဟု ဦးအောင်လှထွန်းကပြောသည်။
ထိုကဲ့သို့ အညွှန်းကိန်းတွင် မြန်မာနိုင်ငံက အဆင့်ကျဆင်းလိမ့်မည်ဆိုသည်ကို ယခင်ကတည်းကပင် ခန့်မှန်းထားပြီးဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီ RSF အညွှန်းမှာ ကျွန်တော်တို့နိုင်ငံ ကျမယ်ဆိုတာကို အညွှန်းမထွက်ခင်ကတည်းက၊ ကျွန်တော် ဇန်နဝါရီလလယ် ပြန်ကြားရေးဒုတိယဝန်ကြီး မဖြစ်ခင် သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေခဲ့စဉ်ကပင် ခန့်မှန်းထားပြီးဖြစ်လို့ သိပ်မအံ့သြမိပါ” ဟု ဦးအောင်လှထွန်းကပြောသည်။
“RSF ရဲ့ အညွှန်းကိန်း တိုင်းတာတဲ့ စံများကိုလည်း အချိန်ရတဲ့အခါ မေးခွန်းထုတ်ချင်စရာတွေရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့ရဲ့အခြေအနေကို ကျေနပ်အားရတယ်လို့ မဆိုလိုပါ။ RSF အညွှန်းကိန်းတက်ဖို့ထက် မီဒီယာလောကကြီး အနှစ်သာရရှိရှိ တိုးတက်ဖို့ ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း သတင်းထောက်များအား နည်းမျိုးစုံဖြင့် ဖမ်းဆီးတရားစွဲဆိုမှုများ ဖြစ်ပေါ်ခဲ့သည်။ လက်ရှိအချိန်တွင်လည်း ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးဖြစ်သူ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့မှာ ဖမ်းဆီးခံထားရပြီး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေအား ချိုးဖောက်ခဲ့သည်ဟူသည့် စွပ်စွဲချက်နှင့် ရင်ဆိုင်နေရသည်။
ရိုက်တာသတင်းထောက်ဟောင်းတစ်ဦးဖြစ်သူ ဦးအောင်လှထွန်းကမူ ရိုက်တာသတင်းထောက်များ ဖမ်းဆီးခံထားရမှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်းမရှိပေ။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် မီဒီယာအခန်းကဏ္ဍအား အလေးမထားသည်ကို အကဲခတ်၍ရသည်ဟု ပြောကြားသည်။
“ရိုက်တာသတင်းထောက်နှစ်ဦးနဲ့ ပတ်သက်ပြီးတော့ အဖြစ်အပျက်ကတော့ ခန့်မှန်းလို့ရတယ်။ ပေါ်လွင် ထင်ရှားနေပါတယ်။ အဲဒါကို ပြည်ထဲရေးဝန်ကြီးဌာနက (မယုံကြည်ထိုက်တဲ့ သက်သေအဖြစ် တောင်းဆိုတာဟာ) သူတို့ လုပ်ပိုင်ခွင့်ရှိတယ်လို့ပဲ ပြောမလား။ ဆိုလိုချင်တာက သူတို့ ထောင်ခြောက်ဆင်ပြီး ဖမ်းတယ်ဆိုတာ သူတို့ရဲ့ လုပ်ပိုင်ခွင့်လို့ ပြောရတော့မှာပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
7Day ၏ ရုပ်သံသတင်းထောက်တစ်ဦးဖြစ်သူ ကိုစိုးရကမူ သမ္မတဦးဝင်းမြင့် လက်ထက်တွင် သတင်းမီဒီယာများကို အခွင့်အရေးပေးကာ တိုးတက်လာမည်ဟု မျှော်လင့်ထားကြောင်း ပြောကြားသည်။
“ဒါပေမယ့် အချိန်အရတော့ စောင့်ကြည့်ရအုံးမှာပေါ့” ဟု ဟု ၎င်းကပြောသည်။ “ကျွန်တော် တကယ် မျှော်လင့်တာကတော့ အစိုးရအနေနဲ့ မီဒီယာလွတ်လပ်ခွင့်နဲ့ မီဒီယာရဲ့ ရပ်တည်ချက်ကို အလေးထားဖို့ လိုတယ်။ အဲဒီလိုမျိုးမဟုတ်ရင်တော့ ဒီမိုကရေစီအစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်” ဟု ၎င်းက ပြောသည်။
DVB သတင်းဌာနမှ ကိုရဲမွန်ထွန်းက သတင်းမီဒီယာကောင်စီကို လုပ်ပိုင်ခွင့် ပိုမိုပေးအပ်ခြင်းနှင့် ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းသမားနှစ်ဦးအား ပြန်လွှတ်ပေးခဲ့ပါက သတင်းမီဒီယာ အဆင့်အတန်း ပိုမိုကောင်းမွန်လာလိမ့်မည်ဟု ပြောကြားသည်။
“လက်ရှိအချိန်မှာ သတင်းမီဒီယာတွေ အခက်အခဲဖြစ်နေတာကတော့ သတင်းရယူခွင့်ပေါ့။ အစိုးရကတော့ ဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရှိသူစာရင်းတွေ ထုတ်ပေးထားတာရှိပါတယ်။ ဒါပေမယ့် တစ်ဝက်လောက်က ဖုန်းဆက်ရတာ အဆင်မပြေပါဘူး” ဟု ၎င်းကပြောသည်။
ထို့ပြင် တပ်မတော်အား သတင်းကိစ္စနှင့် ပတ်သက်ပြီး ဆက်သွယ်ရာတွင်လည်း အခက်အခဲများ ရှိနေသည်ဟု ၎င်းကပြောသည်။
“လက်ရှိနိုင်ငံရဲ့ ပြဿနာ တော်တော်များများက တပ်မတော်နဲ့ ဖြစ်နေတာများတယ်။ အဲလိုဆိုတော့ တပ်မတော်ကို ဆက်သွယ်တဲ့အခါမှာ သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဖုန်းဆက်လို့မရတာတွေ များပါတယ်။ အကယ်၍ ဖုန်းဆက်လို့ရတာတောင်မှ မဖြေကြားပေးတာတွေ ရှိနေပါတယ်။ ဒါတွေက တိုက်ပွဲသတင်းနဲ့ ရခိုင်ကိစ္စလို သတင်းမျိုးကို ဆက်သွယ်ရတဲ့အခါ ကြီးမားတဲ့ အခက်အခဲတွေ ဖြစ်နေပါတယ်” ဟု ၎င်းက ပြောကြားသည်။