ရခိုင်မှ ရန်ကုန်သို့ လာသည့် မူဆလင်အမျိုးသမီးတစ်ဦး ထောင်တစ်နှစ်ကျ

ဆုမြတ်မွန်

ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ နေထိုင်တဲ့ IDP စခန်းတစ်ခုက မူဆလင်အမျိုးသမီးတစ်ဦးကို ခွင့်ပြုချက်မရှိပဲ ရန်ကုန်ကို လာရောက်မှုနဲ့ ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ခြင်းဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ မူဆလင်တွေအပေါ်ကို ခရီးသွားလာခွင့် တားမြစ်ထားမှုကို မီးမောင်းထိုး ပြသနေပါတယ်။

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ မလှဖြူကို တောင်ကုတ်မြို့နယ်မှာ မေ ၂၃ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ သူမဟာ ကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံးစခန်းကနေ ရန်ကုန်မြို့ကို သွားရောက်ဖို့ ကြိုးစားခဲ့တယ်လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က Frontier ကို တယ်လီဖုန်းကတစ်ဆင့် မေ ၃၁ ရက်နေ့မှာ ပြောပါတယ်။

တရားရုံးက အလျှင်အမြန် စစ်ဆေးပြီးချိန်မှာတော့ သူမဟာ မြန်မာနိုင်ငံတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆(၃) ကို ကျူးလွန်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပါတယ်။ သူမဟာ ယခုအချိန်မှာတော့ သံတွဲထောင်ကို ရောက်ရှိနေပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ စတင်ဖြစ်ပေါ်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက မလှဖြူဟာ မိသားစုနဲ့အတူ ကျောက်တစ်လုံးစခန်းမှာ နေထိုင်နေတာဖြစ်ပါတယ်။ အဲဒီစခန်းမှာ ရိုဟင်ဂျာတွေနဲ့ မြန်မာအစိုးရက တရားဝင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားတဲ့ ကမန်လူမျိုးတွေ ထောင်ပေါင်းများစွာ နေထိုင်နေကြပြီး ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင်အတွက် ကန့်သတ်မှုတွေကို ခံနေရပါတယ်။

မလှဖြူဟာ ကျောက်တစ်လုံးစခန်းက ကျောင်းမှာ ဆရာမအဖြစ် လုပ်ကိုင်နေပြီး အစိုးရထံက လစာ ရရှိတယ်လို့ ဦးရွှေလှအောင်က ပြောပါတယ်။

“ကျွန်တော်သိသလောက်တော့ သူက ခရီးသွားလာခွင့် မလျှောက်ထားခဲ့ဘူး” လို့လည်း သူကပြောပါတယ်။

စခန်းမှာ နေထိုင်သူတွေအနေနဲ့ ရန်ကုန်မြို့ကို သွားရောက်လိုတဲ့အခါ ရန်ကုန်မှာနေထိုင်မယ့် လိပ်စာကို ပြောပြဖို့ လိုအပ်တယ်လို့ သူကပြောပါတယ်။

ကမန်တွေအတွက် အမျိုးသားမှတ်ပုံတင်ကတ်တွေ ထုတ်ပေးထားပေမယ့် မလှဖြူတို့ မိသားစုက ကမန် မဟုတ်တဲ့အတွက် မလှဖြူဟာ “နိုင်ငံသားစိစစ်ခံရမည့်သူအတွက် သက်သေခံကတ်ပြား” လို့ခေါ်တဲ့ NVC ကတ်ကို ကိုင်ဆောင်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ နေထိုင်ပြီး နိုင်ငံသားမဖြစ်သေးတဲ့ မူဆလင်တွေကို NVC ကတ်တွေ လျောက်ထားကြဖို့ အစိုးရက တိုက်တွန်းနေပါတယ်။ ဒါမှသာ သူတို့ဟာ နိုင်ငံသားအဖြစ် စတင် လျှောက်ထားနိုင်ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်မှာ နေထိုင်သူအများအပြားကတော့ သူတို့ဟာ “တရားမဝင် ရွှေ့ပြောင်း နေထိုင်သူတွေ မဟုတ်တဲ့အတွက်” ဒီလုပ်ငန်းစဉ်ကို ကန့်ကွက်ထားကြတယ်လို့ ကျောက်တစ်လုံးစခန်း တာဝန်ခံ ဦးဖြူရှေက ပြောပါတယ်။

မလှဖြူဟာ မူဆလင်ဖြစ်နေတဲ့အတွက် အဖမ်းခံခဲ့ရတာလို့ ဦးဖြူရှေက ပြောပါတယ်။ “ဒါက သူ့ကိုဖမ်းဖို့ တစ်ခုတည်းသော အကြောင်းပြချက်ပဲ” လို့ သူက Frontier ကို ပြောပါတယ်။

မလှဖြူဟာ ရန်ကုန်မြို့ကို သွားရောက်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာအပါအဝင် နှစ်ကြိမ်တိုင်အောင် လျှောက်ထားခဲ့ပေမယ့် နှစ်ကြိမ်လုံး ပယ်ချခံခဲ့ရတယ်လို့ သူက ပြောပါတယ်။ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မှာ အလုပ်ရှာပြီး ကျန်ခဲ့တဲ့ မိသားစုကို ထောက်ပံ့လိုတဲ့အတွက် မလှဖြူက ရန်ကုန်ကို သွားရောက်ချင်ခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“သူ့ကို ဘာလို့ သွားခွင့်မပြုသလဲဆိုတာကိုတော့ မပြောဘူး” လို့ ဦးဖြူရှေက ပြောပါတယ်။

၂၀၁၂ ခုနှစ် အကြမ်းဖက်မှုတွေ မဖြစ်ခင်မှာ မလှဖြူဟာ အထက်တန်း အောင်မြင် ပြီးမြောက်ခဲ့ပါတယ်။ သူမဟာ အဲဒီအချိန်ကတည်းက တက္ကသိုလ်မှာ မြန်မာဘာသာအထူးပြု သင်ယူလိုခဲ့တာဖြစ်ပါတယ်။

အစ္စလာမ်ဥပုပ်ကာလဖြစ်တဲ့အတွက် ဥပုပ်ဝင်နေတဲ့ မိဘတွေက မလှဖြူ ဘယ်အချိန်မှာ စခန်းကနေ ထွက်ခွာသွားတယ်ဆိုတာကို မသိလိုက်ဘူးလို့ သူမရဲ့ အသက် ၁၉ နှစ်အရွယ် ညီမဖြစ်သူ မလှလှဖြူက ပြောပါတယ်။

“သူအဖမ်းခံရတာကို မြို့နယ်အုပ်ချုပ်ရေးမှူးဆီက သိရတာ။ ကျွန်မရဲ့ အမကို အမြန်ဆုံး တွေ့ချင်နေပါပြီ” လို့ မလှလှဖြူက Frontier ကို ပြောပါတယ်။ မလှဖြူရှိသည့် သံတွဲသို့ မိသားစု သွားရောက်နိုင်ဖို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက ကူညီမယ်လို့ ပြောတယ်လို့လည်း သူက ပြောပါတယ်။

မလှဖြူကို ဖမ်းဆီးထောင်ချခဲ့တဲ့အတွက် အင်တာနက်အသုံးပြုသူတွေကြားထဲမှာလည်း ကန့်ကွက် ဝေဖန်မှုတွေ ဆူညံခဲ့ပါတယ်။

Facebook မှာ Follower ၅,၀၀၀ ကျော်ရှိတဲ့ ဒေါက်တာမင်းဆွေကတော့ စစ်တပ်က ချုပ်ကိုင်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို ဒီဖမ်းဆီးမှုအတွက် အပြစ်တင်ခဲ့ပါတယ်။

ပြည်ထဲရးဝန်ကြီးဌာနကပဲ ဒီလိုပြဿနာမျိုးကို စနစ်တကျ ဖန်တီးနိုင်တာဖြစ်တယ်လို့ သူက ရေးသားထားပါတယ်။

နေပြည်တော်နဲ့ ကျောက်ဖြူမှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေထံ Frontier က ဆက်သွယ်ခဲ့ပေမယ့် ဒီအမှုနဲ့ ပတ်သက်ပြီး ဖြေကြားဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.