ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားပွဲတော်မှာ ထည့်သွင်းကျင်းပတဲ့ အလှမယ် ရွေးချယ်ပွဲမှာ ကချင်ပြည်နယ်ကိုယ်စားပြု အမ်ဂျာဆန်က Miss Ethnic Myanmar 2019 အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” လို့အမည်ပေးထားတဲ့ အဲဒီပွဲတော်ကို ကျိုက္ကဆံကွင်းမှာ ဇန်နဝါရီ ၂၅ ရက်နေ့ကတည်းက စတင်ကျင်းပနေတာဖြစ်ပါတယ်။ ဇန်နဝါရီ ၂၉ ရက်နေ့ညက ကျင်းပတဲ့ အလှမယ်ရွေးချယ်ပွဲမှာတော့ တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ အလှမယ် ၄၁ ဦး ပါဝင်ဆင်နွဲခဲ့ကြပါတယ်။
အလှမယ်ရွေးချယ်ပွဲကို လူထောင်ပေါင်းများစွာ လာရောက်အားပေးခဲ့ကြပြီး Welcome to the Golden Land ဆိုတဲ့ သီချင်းတဲ့အတူ အလှမယ်တွေဟာ စင်ပေါ်မှာ ယှဉ်ပြိုင်ခဲ့ကြပါတယ်။
အလှမယ်သရဖူကို ရရှိသွားတဲ့ အသက် ၂၅ နှစ်အရွယ် အမ်ဂျာဆန်ကတော့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံဟာ နောင်နှစ်ပေါင်းများစွာအထိ အတူလက်တွဲနေထိုင်သွားမယ်ဆိုတာကို ကမ္ဘာကို ပြသချင်တယ်လို့ ပြောကြားပါတယ်။
ကချင်အလှမယ် အမ်ဂျာဆန်။
သူကို ကျောက်မျက်ရတနာရှစ်မျိုးနဲ့ ပြုလုပ်ထားတဲ့ ရွှေသရဖူနဲ့ ငွေသားဆု ကျပ်သိန်း ၁၅၀ ကို ချီးမြှင့်ခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းရဲ့ သံတမန်အဖြစ် တိုင်းရင်းသားလူမျိုးစုတွေကြား ရိုးရာယဉ်ကျေးမှု၊ ငြိမ်းချမ်းရေးနဲ့ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးအတွက် လုပ်ဆောင်ရမယ်လို့ သိရပါတယ်။
ပထမဆုနဲ့ ဒုတိယဆုတွေကိုတော့ ချင်းအလှမယ်နဲ့ ကယန်းအလှမယ်တို့ အသီးသီးရရှိသွားကြပါတယ်။
တိုင်းရင်းသားပွဲတော်ကို ရန်ကုန်မြို့မှာ အခုလို စည်စည်ကားကား ကျင်းပပြီး လူထောင်ပေါင်းများစွာ လာရောက်ကြပေမယ့် မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားပြည်နယ်အချို့မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူအများအပြားဟာ အိမ်မပြန်နိုင်ကြသေးပါဘူး။
“ပွဲတော်ကို ကျွန်တော်တို့ လာခဲ့တယ်။ ဒါပေမယ့် ကချင်ပြည်နယ်မှာ စစ်ရှောင်တစ်သိန်းကျော် ရှိနေသေးတာကိုတော့ ကျွန်တော်တို့ စိတ်မကောင်းဘူး” လို့ အသက် ၅၉ နှစ်အရွယ် Lupa က အေအက်ဖ်ပီကို ပြောပါတယ်။
အဲဒီပွဲတော်ကို အစိုးရရဲ့ ပံ့ပိုးမှုနဲ့အတူ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက စီစဉ်ကျင်းပတာဖြစ်ပါတယ်။