အမေရိကန်က ပေးအပ်သည့် အမျိုးသမီးရဲစွမ်းသတ္တိရှင်ဆုကို ကရင်အမျိုးသမီးတစ်ဦး ရရှိ

အမေရိကန်နိုင်ငံခြားရေးဌာနက နှစ်စဉ်ချီးမြှင့်သည့် နိုင်ငံတကာ အမျိုးသမီးရဲစွမ်းသတ္တိရှင်များဆု ရရှိသူများထဲတွင် မြန်မာနိုင်ငံမှ ကရင်အမျိုးသမီး နော်ကညောဖောလည်း ပါဝင်ခဲ့သည်။

အဆိုပါဆုပေးအပ်ပွဲကို မတ် ၇ ရက်နေ့က ဝါရှင်တန်တွင် ကျင်းပခဲ့ရာ အမေရိကန်သမ္မတကတော် Melania Trump တက်ရောက်ခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက နော်ကညောဖောအပါအဝင် ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာနိုင်ငံစသည့် နိုင်ငံများမှ အမျိုးသမီး ၁၀ ဦးအား ဆုများ ပေးအပ်ခဲ့သည်။

နော်ကညောဖောသည် ငြိမ်းချမ်းရေးအတွက် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ကာ ကရင်အမျိုးသမီး အစည်းအရုံး (KWO) ၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သည်။

ဆုပေးပွဲအခမ်းအနားတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က “ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့တဲ့ မြန်မာနိုင်ငံက ပြည်တွင်းစစ်ကြောင့် ထွက်ပြေး ပြောင်းရွှေ့နေထိုင်ကြတဲ့ တိုင်းရင်းသား မိသားစုတွေအပေါ် ဘဝတလျှောက်လုံး မြှပ်နှံကူညီပေးခဲ့သူဖြစ်ပါတယ်” ဟု နော်ကညောဖော၏ လုပ်ဆောင်မှုများနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်ဟု ဗီအိုအေသတင်းဌာနက ရေးသားထားသည်။

ငယ်စဉ်ကတည်းက ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် ကြီးပြင်းခဲ့သည့် ၎င်းသည် အကာအကွယ်မဲ့သူများအတွက် ရပ်တည်လှုပ်ရှားခဲ့သူဖြစ်သည်။ နော်ကညောဖောနှင့် KWO တို့သည် မြန်မာနိုင်ငံ၏ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ဖြစ်ပေါ်ခဲ့သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား ၂၀၀၄ ခုနှစ်ကစတင်ကာ မှတ်တမ်းပြုစုခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်က ဦးဆောင်ပြီး ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် အကြမ်းဖက်မှုများကို ၎င်းဦးဆောင်သည့် KWO က ၂၀၁၇ ခုနှစ်တွင် လူသိရှင်ကြား ပြစ်တင်ဝေဖန်ခဲ့သည်။

“၂၀၁၇ ခုနှစ်ကဆိုရင်လည်း မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ရက်စက်မှုတွေကို ကမ္ဘာကြီးအနေနဲ့ စိုးရိမ်ထိတ်လန့်စွာ မြင်ခဲ့ကြပါတယ်။ အခုတကြိမ်ကတော့ ရိုဟင်ဂျာ အမျိုးသမီးတွေ အပေါ်ကို ကျူးလွန်မှုတွေပါ။ အမျိုးသမီးတွေအပေါ် အဲဒီလို အဓမ္မပြုကျင့်မှုတွေ ထောင်နဲ့ချီပြီး တခြားတိုင်းရင်းသားတွေကလည်း မှတ်တမ်း ပြုစုထားပါတယ်။ ဒါပေမယ့်လည်း အဲဒီ လူတစုကနေပဲ တိုင်းပြည်ကို အုပ်ချုပ်နေပြီး ကျွန်မတို့ လူထုတွေရဲ့ ဘဝကို ထိန်းချုပ်နေပါတယ်။ ဒါကြောင့် အဲဒီလူတစုအပေါ် တရားမျှတစွာ စီရင်နိုင်ဖို့ ကမ္ဘာကြီးအနေနဲ့ ဆောင်ရွက်ပေးပါလို့ ကျွန်မ အနူးအညွတ်မေတ္တာရပ်ခံပါတယ်” ဟု နော်ကညောဖောက ပြောကြားခဲ့သည်ဟုလည်း ဗီအိုအေသတင်းတွင် ဖော်ပြထားသည်။

အဆိုပါဆုကို သက်ဆိုင်ရာနိုင်ငံများရှိ အမေရိကန်သံရုံးများက ရွေးချယ်ပေးပြီး အမေရိကန် နိုင်ငံခြားရေးဌာနက နောက်ဆုံး အတည်ပြု ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။

ယခုနှစ်ဆုပေးပွဲသည် ၁၃ ကြိမ်မြောက်ဖြစ်ပြီး ၂၀၁၂ ခုနှစ်က မဇင်မာအောင်နှင့် ၂၀၁၅ ခုနှစ်တွင် မမေစံပယ်ဖြူတို့ကလည်း ထိုဆုကို ရရှိခဲ့ဖူးသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.