မြန်မာ့ပထမဆုံး စက်ရုပ်ပြိုင်ပွဲအတွက် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများအား ဖိတ်ခေါ်

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် စက်ရုပ်ပြိုင်ပွဲ (Myanmar RoboLeague 2019) အတွက် အရည်အသွေးပြည့်ဝထူးချွန်သည့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများကို စတင်ခေါ်ယူနေပြီဟု ဦးဆောင်ကျင်းပမည့် ဖန်တီးရာက ကြေညာသည်။

စက်ရုပ်နှင့် STEM ကျွမ်းကျင်မှုအတတ်ပညာဖြစ်သော သိပ္ပံဘာသာရပ်၊ နည်းပညာ၊ အင်ဂျင်နီယာပညာရပ် နှင့် သင်္ချာဘာသာရပ်များကို မြန်မာနိုင်ငံရှိလူငယ်များ ပိုမိုစိတ်ပါဝင်စား ရင်းနှီးကျွမ်းကျင်လာသဖြင့် ဖန်တီးရာ နှင့် ပညာရေးဝန်ကြီးဌာနရှိ ပါချုပ်များကော်မတီတို့ပူးပေါင်းကာ နိုင်ငံအဆင့်စက်ရုပ်ပြိုင်ပွဲတစ်ခုကျင်းပရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

ပြိုင်ပွဲဝင်စိစစ်ရွေးချယ်မှုကို ဖန်တီးရာက တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များသာမက အနုပညာနှင့် သိပ္ပံတက္ကသိုလ်များအပါအဝင် စုစုပေါင်း တက္ကသိုလ် ၄၆ ခု တို့မှ ကျောင်းသူ၊ ကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဟု ဖန်တီးရာက ပြောကြားသည်။

ထို့နောက် မြန်မာတစ်နိုင်ငံလုံးမှ ပြည်နယ်နှင့်တိုင်း တစ်ခုလျှင် တက္ကသိုလ်တစ်ခုစီဖြင့် စုစုပေါင်း ၁၄ ခုအား စကာတင်ရွေးချယ်မည်ဖြစ်ကာ နိုင်ငံအဆင့် ယှဉ်ပြိုင်မှုကို ရန်ကုန်တက္ကသိုလ်၌ လာမည့် ဇွန်လတွင် ပြုလုပ်မည်ဖြစ်သည်။

Myanmar RoboLeague 2019 ပြိုင်ပွဲတွင် ပထမရရှိမည့်အသင်းသည် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့၌ အောက်တိုဘာလတွင် ကျင်းပမည့် FIRST Global Robotics Challenge ပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်ခွင့်ကို ရရှိမည်ဖြစ်သည်။

“FIRST Global စက်ရုပ်ပြိုင်ပွဲကြီးဟာ မြန်မာကျောင်းသား လူငယ်တွေအတွက် သူတို့ရဲ့ နည်းပညာကျွမ်းကျင်မှုကို ကမ္ဘာကသိအောင် ထုတ်ဖော်ပြသဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်ပြီး၊ ဒီကျောင်းသားတွေရဲ့ STEM ပညာရေးအပေါ်စိတ်ဝင်စားမှုကိုလည်း ထောက်ပြနေပါတယ်” ဟု ဖန်တီးရာ၏ အမှုဆောင်အရာရှိချုပ် Jes Kaliebe Petersen ကပြောကြားသည်။

ယခင်က ကျင်းပခဲ့သည့် FIRST Global Challenge သို့ မြန်မာနိုင်ငံကိုယ်စားပြုအသင်းများကို ဖန်တီးရာက နှစ်ကြိမ်စေလွှတ်ခဲ့ပြီးဖြစ်သည်။

FIRST Global Challenge ပြိုင်ပွဲကြီး၏ ပထမဆုံး အဖွင့်ပွဲကို ၂၀၁၇ ခုနှစ်က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ ကျင်းပခဲ့ရာ ဖန်တီးရာ Makerspace က မြန်မာနိုင်ငံကိုယ်စားပြုအသင်းကို USAID ၏ အကူအညီဖြင့် စေလွှတ် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ထိုြပိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ၁၅၇ နိုင်ငံထဲတွင် အဆင့် ၆ (အာရှနိုင်ငံများထဲမှ အမှတ်အများဆုံး) ရရှိခဲ့ပါသည်။ သို့သော် အဆိုပါနှစ်များတွင် လက်ခံရရှိသည့် လျှောက်လွှာပေါင်း ၁၅၀ ကျော်ထဲတွင် ရန်ကုန်နှင့် မန္တလေးမြို့များမှ အများဆုံးဖြစ်ပြီး ၎င်းတို့အနက်မှ ကျောင်းသူ၊ ကျောင်းသား ၅ ဦးကို ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။

ဆေးတက္ကသိုလ်-၂ ၏ ပါမောက္ခချုပ် နှင့် ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက “ကျွန်တော်တို့အနေနှင့် သုတေသနနဲ့ တီထွင်ဆန်းသစ်မှုတွေပေါ်ကို အာရုံစိုက်ပြီး မြန်မာနိုင်ငံရဲ့ ပညာရေးကို ကမ္ဘာအဆင့်မီအောင် အဆင့်အတန်းမြှင့်တင်ပေးဖို့ အားစိုက်ပြီး ဆောင်ရွက်နေကြပါတယ်။ ဒါကြောင့် အခုကျင်းပမယ့် နိုင်ငံတော်အဆင့် စက်ရုပ်ပြိုင်ပွဲကြီးမှာ မဖြစ်မနေ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒီအခွင့်အရေးကို အရယူပြီး လူငယ်တွေအနေနှင့် သူတို့ရဲ့ တီထွင်မှု၊ ဝေဖန်စဉ်းစားတတ်မှုနဲ့ ခွဲခြမ်းစိတ်ဖြာတွေးခေါ်တတ်မှုတွေကို ထုတ်ဖော်ပြသဖို့ အကောင်းဆုံး အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ ဖန်တီးနိုင်မှုစွမ်းအားကိုလည်း ကမ္ဘာက သိအောင် ပြသနိုင်မှာလည်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

ကျောင်းသူကျောင်းသားများအနေနှင့် www.bit.ly/mmroboleague သို့သွားရောက်ပြီး စတင်လျှောက်ထားနိုင်မည်ဟု ဖန်တီးရာက ပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.