နေပြည်တော်ရှိ တပ်မတော်ပိုင် ကုန်တိုက်တွင် ဧပြီ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောကြားသည်။
ဇေယျာသီရိမြို့နယ်၊ ဇေယျာသီရိကုန်ပဒေသာတိုက်အတွင်းရှိ စားသောက်ဆိုင်တန်းတွင် သြင်္ကန်အကျနေ့၊ ညနေ ၃ နာရီချိန်ခန့်က စတင်ဖြစ်ပွားခဲ့သည့် မီးလောင်မှုမှာ ဝါယာရှော့ကြောင့်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မီးလောင်မှုကို မီးသတ်တပ်ဖွဲ့က Level 2 အဖြစ် သတ်မှတ်ငြှိမ်းသတ်ခဲ့ပြီး ၁၅ မိနစ်အတွင်း မီးညွှန့်ကျိုးသွားကာ ညနေ ၃ နာရီခွဲခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟုဆိုသည်။
လူမှုကွန်ရက်ပေါ်တွင် ပေါ်ထွက်လာသည့် ဓာတ်ပုံနှင့် ဗီဒီယိုများတွင် မီးလောင်မှုမှ အနက်ရောင် မီးခိုးလုံးကြီးများ ပေါ်ထွက်နေသည်ကို တွေ့မြင်ရသည်။
တပ်မတော်နေ့ စစ်ရေးပြကွင်းအနီးတွင် တည်ရှိသည့် ဇေယျာသီရိကုန်ပဒေသာတိုက်သည် တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများထဲမှ တစ်ခုဖြစ်ကာ ရုပ်ရှင်ရုံ၊ ဈေးဝယ်စင်တာ၊ မြဝတီဘဏ်နှင့် ရေကူးကန်တို့လည်း တည်ရှိသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အရာရှိကြီးများ လာရောက်ကာ မီးငြှိမ်းသတ်မှုကို မီးသပ်တပ်ဖွဲ့နှင့်အတူ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။