မြန်မာနိုင်ငံ၌ ဖန်တာနိုင်းမူးယစ်ဆေး မကြုံစဖူးမြောက်မြားစွာ ပထမဆုံးအကြိမ်ဖမ်းမိ

သတင်း – အေအက်ဖ်ပီ

အရှေ့တောင်အာရှ၏ ဓာတုမူးယစ်ဆေးဝါး (synthetic drugs) အမြောက်အမြား မြန်မာနိုင်ငံတွင်း၌ ဖမ်းဆီးရမိသည်မှာ ဘိန်းဖြူ၊ စိတ်ကြွဆေးပြားများထုတ်လုပ်ရာတွင် နာမည်ဆိုးနှင့် ကျော်ကြားနေသောဒေသ၌ မူးယစ်ဆေး (opioid) များ စံချိန်တင်ထုတ်လုပ်နေခြင်းကို လှစ်ဟပြနေသကဲ့သို့ ရှိသည်ဟု ကုလသမဂ္ဂက ပြောကြားသည်။

ဖေဖော်ဝါရီနှင့် ဧပြီလကြားတွင် ဥပဒေစိုးမိုးမှုကင်းမဲ့နေသော ရှမ်းပြည်နယ် ကွတ်ခိုင်ဒေသ၌ အာဏာပိုင်များက မက်သ်ဆေးပြား သန်း ၂၀၀ နီးပါး၊ ခရစ်စတယ်မက်သ် ၅၀၀ ကီလိုဂရမ် (ပေါင် ၁,၁၀၀) ၊ ဘိန်းဖြူ ၃၀၀ ကီလိုဂရမ်၊ မီသိုင်းဖန်တာနိုင်း methyl fentanyl ၃,၇၅၀ လီတာကို ဖမ်းဆီးရမိခဲ့သည်။

မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က ယင်းပမာဏသည် ဒေသတွင်းသမိုင်းတွင် အကြီးမားဆုံးနှင့် အအောင်မြင်ဆုံးသော မူးယစ်ဆေးဝါးနှိမ်နှင်းမှု စစ်ဆင်ရေး တစ်ခုဖြစ်ကြောင်း ပြောကြားသည်။

“ဒီစစ်ဆင်ရေးမှာ ဖော်ထုတ်ဖမ်းဆီးမိတာတွေကတော့ တကယ့်ကို စံချိန်တင်လောက်အောင် များတာပဲ” ဟု အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ဂျယ်ရမီဒေါက်ဂလပ်စ် Mr. Jeremy Douglas ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းကဲ့သို့ များပြားသော ထုတ်လုပ်မှုပမာဏသည် နိုင်ငံတကာအတိုင်းအတာရှိသည့် ရာဇဝတ်မှုကျူးလွန်သော အဖွဲ့အစည်းများ၏ အထောက်အပံ့နှင့်သာလျှင် ဖြစ်နိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ထိုသို့ မီသိုင်းဖန်တာနိုင်း မူးယစ်ဆေးများ စံချိန်တင်ဖော်ထုတ်ဖမ်းဆီးရမိမှုသည် “မည်သူတစ်ဦးတစ်ယောက်မှ မျှော်လင့်မထားသော ပမာဏ” ဖြစ်ပြီး ဓာတုမူးယစ်ဆေးဝါးများ opioid ထုတ်လုပ်ခြင်း လမ်းကြောင်းသစ်တစ်ခု ထွက်ပေါ်လာသော အရိပ်လက္ခဏာဖြစ်သည်ဟု မစ္စတာ ဒေါက်ဂလပ်စ်ကပြောသည်။

ဖန်တာနိုင်း မူးယစ်ဆေးများသည် ဘိန်းဖြူထက် အဆ ၅၀ ပိုပြင်းပြီး မော်ဖင်းထက် အဆ ၁၀၀ အာနိသင်ပိုပြင်း၍ သဲပွင့်အနည်းငယ်နှင့် ညီမျှသော ၂ မီလီဂရမ် ပမာဏလောက်နှင့်ပင် အသက်ဆုံးစေနိုင်သည်။

၂၀၁၈ ခုတွင် အမေရိကန်ပြည်ထောင်စု၌ လူပေါင်း ၃၂,၀၀၀ အသက်ဆုံးရှုံးစေခဲ့သော opioid ခေါ် မူးယစ်ဆေးစွဲပြဿနာတွင် ဤဖန်တာနိုင်းဆေးဝါးများက အဓိကပါဝင်သည်။

ထို့ကြောင့် တရားဥပဒေ ကင်းမဲ့နေသော နယ်စပ်ဒေသမှ မူးယစ်ဆေးများ ဖောဖောသီသီ ထွက်ရှိနေခြင်းကို တားဆီးနှိမ်နှင်းရန် မြန်မာနိုင်ငံမှာ ဖိအားပေးခြင်းခံနေရသည်။

ရှမ်းပြည်နယ်သည် မြန်မာ၊ လာအို၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေသော ရွှေတြိဂံဒေသ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဒေါ်လာဘီလျံမြောက်မြားစွာ ရောင်းဝယ်ဖောက်ကားမှုများ ရှိနေသော်ငြားလည်း မည်သည့်အာဏာပိုင်များ၏ အရေးယူမှုမှ မရှိသလောက်ပင်ဖြစ်သည်။

မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံး ဘိန်းဖြူထုတ်လုပ်နေသော ဒေသဖြစ်နေပြီး ယခုအချိန်တွင် မက်သ်စိတ်ကြွမူးယစ်ဆေးများ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ရာ တကမ္ဘာလုံး၏ ပင်မရင်းမြစ်ကြီး ဖြစ်ဖွယ်ရှိသည်ဟု ထင်မြင်ယူဆနေရသည်။ ထိုထုတ်လုပ်မှုများကို တရုတ်မှ ပါဝင်ဓာတုပစ္စည်းအမြောက်အမြား ရရှိနေမှုကလည်း မီးလောင်ရာ လေပင့်ပေးနေသကဲ့သို့ရှိနေသည်။

အရှေ့တောင်အာရှတွင် လူသုံးများသော ကဖင်း caffeine ပါဝင်သော ယာဘဆေးပြားများသည် ဈေးပေါပြီး ဒေသတွင်း၌ ရောင်းဝယ်ဖောက်ကားနေကြသည်။ ယင်းတို့သည် နယ်စပ်မှတဆင့် ထိုင်းနှင့်မလေးရှားသို့ ရောက်သွားသောအခါတွင် ဈေးနှုန်း သုံးဆခန့်မြင့်တက်သွားသည်။

ပိုမိုစွဲလမ်းစေတတ်သော အိုက်စ် ice ဟုခေါ်သည့် ခရစ်တယ်မက်သ်ဆေးပြားများကို တိုကျို၊ ဆိုးလ်၊ ဆစ်ဒနီတို့သို့ ရောင်းချနေပြီး ယင်းတို့မှာ လမ်းများပေါ်တွင် ၁ ကီလိုဂရမ်ကို ဒေါ်လာ ၁၅၀,၀၀၀ ဝန်းကျင်ဖြင့် ရောင်းဝယ်နေကြသည်။

“မြန်မာတွင်ထုတ်လုပ်နေသော” မူးယစ်ဆေးများသည် တောင်ဘက်၌ ထိုင်းနိုင်ငံသို့၎င်း၊ မြောက်ဘက်တွင် တရုတ်သို့၎င်း၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်သို့၎င်း ရောင်းဝယ်ဖောက်ကားနေသည်။ ယင်းစိတ်ကြွမူးယစ်ဆေး ထုတ်လုပ်မှုများသည် ဒေသတွင်း ဥပဒေထိန်းသိမ်းရေးများကို ကျော်လွန်ကာ၊ မူးယစ်ဆေးစွဲပြဿနာများ မျိုးစေ့ချခြင်း၊ အကျင့်ပျက်ခြစားခြင်း၊ ငွေကြေးခဝါချခြင်းများကို ဖြစ်ပေါ်စေလျက်ရှိသည်။

အာဏာပိုင်များက ယင်းစစ်ဆင်ရေးတွင် လူပေါင်း ၃၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သောအဖွဲ့များ၊ ရောင်းဝယ်ဖောက်ကားသူများနှင့် ပူးပေါင်းပါဝင်သူများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဟု ပြောသည်။

မြန်မာ့မူးယစ်ဆေးဝါး နှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ဗိုလ်မှူးကြီး ဇော်လင်းက ရှေ့တွင် တွေ့ကြုံရမည့် စိန်ခေါ်မှုများရှိသည်ကို အသိအမှတ်ပြုလက်ခံပါကြောင်း၊ သို့သော် “မူးယစ်ရောင်းဝယ်လုပ်ကိုင်နေသူတွေ နိဂုံးချုပ်ဖို့အချိန်ကတော့ မဝေးတော့ပါဘူး” ဟုပြောကြားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.