၂၀၂၀ ဇူလိုင် ၄ ရက် မြေပြိုမှု၌ ကွယ်လွန်သည့်ရုပ်အလောင်းကို တပ်မတော်သားများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ သယ်ထုတ်လာစဉ်။ ဓာတ်ပုံ - ရဲအောင်သူ(အေအက်ဖ်ပီ)
၂၀၂၀ ဇူလိုင် ၄ ရက် မြေပြိုမှု၌ ကွယ်လွန်သူ၏ရုပ်အလောင်းကို တပ်မတော်သားများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ သယ်ထုတ်လာစဉ်။ ဓာတ်ပုံ - ရဲအောင်သူ(အေအက်ဖ်ပီ)

ဖားကန့်မြေပြိုမှု၌ လူပေါင်းရာချီသေဆုံးမှုကြောင့် အဆင့်မြင့်အရာရှိကြီး နှစ်ဦးထုတ်ပယ်ခံရ

မြန်မာနိုင်ငံတွင် မြေပြိုမှုကြောင့် အနည်းဆုံး ကျောက်စိမ်းတွင်း လုပ်သား ၁၇၄ ဦး သေဆုံးပြီးနောက် အဆင့်မြင့် အရာရှိကြီး နှစ်ဦးအား  “၎င်းတို့၏ တာဝန်ဝတ္တရားများပျက်ကွက်မှု”ဖြင့် ဇူလိုင် ၆ ရက်က အလုပ်မှထုတ်ပယ်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်က မုတ်သုံမိုး ပြင်းထန်စွာရွာသွန်းမှုကြောင့် ကချင်ပြည်နယ်မြောက်ပိုင်း ဖားကန့်ရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များတွင် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ကျောက်စိမ်းရှာဖွေနေသည့် အလုပ်သမားများပေါ်တွင် ရွှံ့နွံများ ပြိုကျခဲ့သည်။

သေဆုံးသူများမှာ တိုင်းပြည်အနှံ့က လာရောက်လုပ်ကိုင်လျက်ရှိကြသည့် ရွှေ့ပြောင်းလုပ်သားအများစုဖြစ်ကာ ဆင်းရဲနွမ်းပါးသူများဖြစ်ကြပြီး ကုမ္ပဏီကြီးများမှ တူးဖော်ကျန်ရှိခဲ့သော အန္တရာယ်များလှသည့် ကျောက်စိမ်းလုပ်ကွက်များတွင် အဖိုးတန် ကျောက်မျက်များကို ရှာဖွေရန် မျှော်လင့်ခဲ့ကြသည်။

မြေပြိုမှုကြောင့် လူအများ သေဆုံးမှုသည် စစ်တပ်နှင့် ဆက်နွယ်နေသော ကုမ္ပဏီများက လွှမ်းမိုးထားသည့် ဒေါ်လာ ဘီလျံများစွာ တန်ကြေးရှိသော လုပ်ငန်းနှင့်သက်ဆိုင်သည့် အဆိုးရွားဆုံး ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။

ကချင်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းနှင့် အမည်မဖော်လိုသော တပ်မှူးတစ်ဦးအား အဆိုပါဖြစ်ရပ်ကြောင့် ရာထူးမှဖယ်ရှားလိုက်ကြောင်း တပ်မတော်က ဇူလိုင်လ ၆ ရက်က လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ခဲ့သည်။

“ဒီကန့်သတ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ရှာဖွေမှုတွေအတွက် တာဝန်ရှိပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားသည်။

“သူတို့က သူတို့ရဲ့ တာဝန် မကျေဘူး”

တပ်မတော်က စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး ထိုအရာရှိနှစ်ဦးအား ထိုက်သင့်သည့် အရေးယူမှုများ ပြုလုပ်လိမ့်မည်ဟုလည်း သူက ဆက်ပြောသည်။

အမည်မသိ ကျောက်စိမ်းရှာဖွေသူများမှာ အစုလိုက်အပြုံလိုက် မြေပြိုမှုတွင် နစ်မြုပ်ခဲ့ကြပြီး အများအပြား ပျောက်ဆုံးနေဆဲဖြစ်သည်။

သူတို့သည် ဖားကန့်တွင် တရုတ်နယ်စပ်၌ အလွန်အမင်း တန်ဖိုးကြီးသော ကျောက်စိမ်းကို ရှာဖွေရင်း နှစ်စဉ် သေဆုံးမှုများ ဖြစ်ပွားလျက်ရှိသည်။

အဆိုပါ ကျောက်မျက်ရှာဖွေရေးလုပ်ငန်းသည် လျှို့ဝှက်ချက်များစွာဖြင့် ဖုံးကွယ်တိမ်မြုပ်နေပြီး ထိုလုပ်ငန်းလုပ်ကိုင်နေသော ကုမ္ပဏီများသည် တပ်မတော် အဆင့်မြင့်အရာရှိကြီးများ၊ ယင်းတို့၏ ခရိုနီများနှင့် ဆက်စပ်နေသည်ဟု သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေးအဖွဲ့ Global Witness က စွပ်စွဲခဲ့သည်။

အဆိုပါအဖွဲ့၏ခန့်မှန်းချက်အရ ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၁ ဘီလျံတန်ကြေးရှိသော လုပ်ငန်းဖြစ်လာခဲ့သော်လည်း အစိုးရဘဏ္ဍာငွေ အနည်းငယ်သာ ရရှိခဲ့ကြောင်းသိရသည်။

သေဆုံးသူ၏ မိသားစုများအား လျော်ကြေးငွေအချို့ပေးအပ်ခဲ့ပြီး ဖြစ်သော်လည်း စာနာမှုကင်းမဲ့နေသေးကြောင်း အစိုးရကို လေ့လာသူများက ဝေဖန်ခဲ့ကြသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ကြေညာချက်ထုတ်ပြန်ခြင်း မရှိသော်လည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ကျောက်စိမ်းရှာဖွေသူများမှာ လောဘကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ဇူလိုင်လ ၅ ရက်က ဒေသခံမီဒီယာများကို ပြောကြားခဲ့သည်။

ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်သည်လည်း မြန်မာနိုင်ငံမြောက်ပိုင်းရှိ သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ဝင်ငွေများအတွက် ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်နေခဲ့ကြသည်။ အဆိုပါ လုပ်ငန်းတစ်ခုလုံးသည်  အောက်ခြေရှိလုပ်ငန်းများမှတဆင့် အမြတ်အစွန်း ကြီးကြီးမားမားရရှိအောင် စနစ်တကျ ဖွဲ့စည်းထားသော ရာဇဝတ်လုပ်ငန်းကြီးတစ်ခုဖြစ်သည်ဟု ရန်ကုန်အခြေစိုက် လွတ်လပ်သော နိုင်ငံရေးလေ့လာဆန်းစစ်သူ မစ္စတာ ရစ်ချတ်ဟော်ဆေး Mr. Richard Horsey က ပြောကြားသည်။

ခန့်လင်းဦး ဘာသာပြန်သည်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.