ရန်ကုန်မြို့လယ်က ပုဂ္ဂလိကဆေးရုံစီမံကိန်း ရပ်ဆိုင်းရန် ပြည်သူ့လွှတ်တော် ဆုံးဖြတ်

နေပြည်တော်၊ မေ ၁၂

ရန်ကုန်မြို့လည်ရှိ ရန်ကုန်အထွေထွေ ဆေးရုံကြီးအနီး ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေေနရာမှာ ပုဂ္ဂလိက ဆေးရုံဆောက်မယ့် စီမံကိန်းကို ရပ်ဆိုင်းလိုက်ဖို့ ပြည်သူ့လွှတ်တော်က ယနေ့ ဆုံးဖြတ်လိုက်ပါတယ်။

လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနဲ့ ပြည်လမ်းထောင့်မှာရှိတဲ့ မြေ ၄ ဒဿမ ၃ ဧကပေါ်မှာ တည်ဆောက်မယ့် The Parkway Yangon Hospital စီမံကိန်းဟာ အရင်အစိုးရလက်ထက်က တင်ဒါခေါ်ယူခြင်းမရှိခဲ့ပဲ လုပ်ပိုင်ခွင့်ပေးခဲ့တာဖြစ်ပြီး ပြည်သူ့လွှတ်တော်ရဲ့ ဆွေးနွေးချက်တွေဟာ လျော်ကန်သင့်မြတ်တဲ့အတွက် စီမံကိန်းကို ရပ်ဆိုင်းဖို့ သဘောတူပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက လွှတ်တော်မှာ ပြောကြားပါတယ်။

အဲဒီ စီမံကိန်းရပ်ဆိုင်းပေးဖို့အဆိုကို ရေကြည်မြို့နယ်အမတ် ဒေါက်တာစံရွှေဝင်းက မေ ၄ရက်က တင်သွင်းတာဖြစ်ပြီး ဒီကနေ့မှာ တပ်မတော်သား သုံးဦးအပါအဝင် စုစုပေါင်း ခုနစ်ဦး ဆွေးနွေးပြီးနောက် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်တာပါ။

မြေငှားရမ်းကာလ နှစ် ၇၀ ကြာမြင့်ပြီး အမေရိကန်ဒေါ်လာ သန်း ၇ဝ တန်ကြေးရှိတဲ့ ကုတင် ၂၅၀ ဆန့် ပုဂ္ဂလိကဆေးရုံစီမံကိန်းမြေနေရာကို အခြေခံလူတန်းစားတွေ အခမဲ့ဆေးကုသခွင့်ရမယ့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ရာမှာ သုံးဖို့နဲ့ ဆရာဝန်တွေ စာသင်ကြားနိုင်တဲ့နေရာတစ်ခုဖြစ်သင့်တယ်လို့ ရွေးချယ်ခံ အရပ်သားအမတ်တွေက ဆွေးနွေးပါတယ်။ တပ်မတော်သားကိုယ်စားလှယ်တွေကတော့ စီမံကိန်း ရပ်သင့်မရပ်သင့် အပေါ် မဆွေးနွေးပဲ ပုဂ္ဂလိကဆေးရုံတွေရဲ့ အခန်းကဏ္ဍ ပိုမိုမြင့်မားလာသင့်တယ်ဆိုတဲ့ ရှုထောင့်ကနေ ဆွေးနွေးကြပါတယ်။

အရပ်သားအမတ်တွေရဲ့ ဆွေးနွေးချက်များအပေါ် ကျန်းမာရေးဝန်ကြီးက “သင်ကြားရေး ဆေးရုံလေးတစ်ခု ရန်ကုန်ဆေးရုံကြီးရဲ့ အနီးအနားလိုနေတာ အမှန်ပါပဲ။ ရန်ကုန်ဆေးရုံကြီးမှာ လူနာတွေ ကြပ်နေတယ်ဆိုတာကိုလည်း ထောက်ခံပါတယ်” လို့ ပြန်လည် ဆွေးနွေးခဲ့ပါတယ်။

တပ်မတော်သားတွေရဲ့ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး “တပ်မတော်သားတွေ တင်ပြတဲ့ ပုဂ္ဂလိကကဏ္ဍကို မြှင့်တင်ရမှာလည်း မှန်ပါတယ်။ သို့သော် ဒီလိုမျိုးကိစ္စတွေမှာ ကိစ္စတစ်ခုချင်းစီအပေါ် အခြေတည်ပြီး စဉ်းစားရပါမယ်။ အကျိုးအမြတ် ဘယ်လောက်ရှိမလဲ၊ အကျိုးဆုတ်ယုတ်မှု ဘယ်လောက်ရှိမလဲ၊ အကျိုးအမြတ်များတယ် ဆိုရင် လက်ခံသင့်ပါတယ်” လို့ ဒေါက်တာမြင့်ထွေးက ဆက်လက်ပြောကြားပါတယ်။

အဲဒီနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက စီမံကိန်းရပ်ဆိုင်းဖို့အဆိုနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီး ဌာနရဲ့ သဘောထားနဲ့ လွှတ်တော်ရဲ့သဘောထားကို မေးမြန်းပြီး ကန့်ကွက်သူမရှိ အတည်ပြုလိုက်တာပါ။

အဲဒီမြေနေရာမှာ စင်ကာပူနိုင်ငံမှ Parkay Hospital အုပ်စုနှင့် မြန်မာနိုင်ငံမှ Andaman Alliance Healthcare လီမိတက်တို့ ပူးပေါင်းပြီး ပုဂ္ဂလိကဆေးရုံ တည်ဆောက်ဖို့ စီစဉ်နေတာပါ။ စီမံကိန်း ရပ်ဆိုင်းတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ကုမ္ပဏီတွေရဲ့ သဘောထားကိုတော့ မေးမြန်းလို့ မရသေးပါဘူး။ 

သတင်း- ဉာဏ်လှိုင်လင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.