အမြဲတမ်းသုံးစွဲသူ လေးသန်းရှိနေပြီဟု Mytel က ကြေညာ

မြန်မာနိုင်ငံ၏ စတုတ္ထမြောက် မိုဘိုင်းအော်ပရေတာဖြစ်တဲ့ Mytel က ဝန်ဆောင်မှုစတင်ပြီး ခြောက်လအတွင်း အမြဲတမ်းသုံးစွဲသူ လေးသန်း ရရှိနေပြီဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ဈေးကွက်ထဲ တရားဝင် စတင်ဝင်ရောက်လာတဲ့ Mytel ကို မြန်မာနိုင်ငံရဲ့  ဗီယက်နမ်နိုင်ငံတို့က တပ်မတော်ပိုင် ဆက်သွယ်ရေးကုမ္ပဏီတွေက ရှယ်ယာအများစု ပိုင်ဆိုင်ထားပါတယ်။

“ကျွန်တော်တို့အနေနဲ့ အခုလို အချိန်တိုတွင်းမှာ လက်ရှိသုံးစွဲသူ လေးသန်းအထိရှိတဲ့အတွက် အင်မတန် ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့အနေနဲ့ အစဉ်အဆက် ပံ့ပိုးပြီး အသုံးပြုလျက်ရှိတဲ့ သုံးစွဲသူ အယောက်တိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်” လို့ Mytel ရဲ့ ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးက ပြောပါတယ်။

Mytel သုံးစွဲသူ ၈၀ ရာခိုင်နှုန်းကို 2G နည်းပညာနဲ့ လွှမ်းခြုံထားပြီး လုပ်ငန်း လုပ်ကိုင်နေတဲ့ ပထမနှစ်မှာ ဒေတာပိုင်းဆိုင်ရာ တိုးတက်မှု ၅၅ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ Mytel က ပြောပါတယ်။

“ဒီတိုးတက်လာမှုကို အခြေခံဖွဲ့စည်းမှုများဖြစ်တဲ့ (Base Transceiver Stations) BTS ပေါင်း ၆,၀၀၀ နဲ့ ကေဘယ်လ်ကြိုး သွယ်တန်းမှုပေါင်း ၂၄,၀၀၀ ကီလိုမီတာတို့နဲ့ ပံ့ပိုးပေးထားပါတယ်။ ဆက်လက်ပြီးလည်း ဒီထက်မက ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ဆောင်သွား ဖို့ရှိပါတယ်” လို့ဦးဇော်မင်းဦးက ပြောပါတယ်။

Mytel ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Telecom International Myanmar Company Limited ဟာ မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ကိုင်ဖို့ Nationwide Telecommunication License ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့က ရရှိခဲ့ပါတယ်။

ဒီလိုလုပ်ကိုင်ဖို့အတွက် ဗီယက်နမ် တပ်မတော်ပိုင် ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Viettel Global Investment Joint Stock Company Limited နဲ့ မြန်မာ့တပ်မတော်ရဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်းပိုင် Star High Company နှင့် Myanmar National Telecom Holding Public တို့က ဖက်စပ်လုပ်ငန်း သဘောတူညီချက်ကို ၂၀၁၆ ခုနှစ်ကတည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီ သဘောတူညီချက်အရ Viettel က ၄၉ ရာခိုင်နှုန်း ထည့်ဝင်မှာဖြစ်ပြီး  မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်း ၁၁ ခု ပူးပေါင်းထားတဲ့ Myanmar National Telecom Holding Public နဲ့ Star High Public Co တို့က ၂၃ ရာခိုင်နှုန်းနဲ့ ၂၈ ရာခိုင်နှုန်းစီ ထည့်ဝင်ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ Mytel က ကျေးလက်ဒေသမှာ ၃၀ ရာခိုင်နှုန်း၊ ဝေးလံခေါင်ပါးသော ဒေသတွေမှာ ၁၀ ရာခိုင်နှုန်းနဲ့ မြို့ကြီးတွေမှာ ၆၀ ရာခိုင်နှုန်းအထိ တိုးချဲ့ဝန်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.