ဦးထင်ကျော် သမ္မတ ဖြစ်လာရန် သေချာနေ

၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ဦးထင်ကျော်နှင့်အတူ ၎င်း၏ ခြံတံခါးဝတွင် တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ

၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ဦးထင်ကျော်နှင့်အတူ ၎င်း၏ ခြံတံခါးဝတွင် တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ

နေပြည်တော်၊ မတ် ၁၀

သမ္မတနှင့် ဒုသမ္မတများ တင်မြှောက်ရန်အတွက် ဒုသမ္မတလောင်းများကို လွှတ်တော်များတွင် ယနေ့ရွေးချယ်ကြရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တင်သွင်းခဲ့သည့် ဦးထင်ကျော်က သမ္မတဖြစ်လာရန် သေချာသွားပြီဖြစ်သည်။

ဒုသမ္မတလောင်းများအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးထင်ကျော်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒေါက်တာစိုင်းမောက်ခမ်းတို့ကို ပြည်သူ့လွှတ်တော်တွင် အဆိုပြုခဲ့ကြခြင်း ဖြစ်သည်။

အသက် ၆၉  နှစ်ရှိပြီဖြစ်သည့် ဦးထင်ကျော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်အားထားရသူတစ်ဦးဖြစ်ကာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးဆောင်နေသူလည်း ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည့် ဦးလွင်၏ သမီးဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်နှင့် လက်ထပ်ထားသူလည်း ဖြစ်သည်။ 

ဒေါက်တာစိုင်းမောက်ခမ်းသည် လက်ရှိအစိုးရအဖွဲ့တွင် ဒုသမ္မတတစ်ဦးဖြစ်ကာ ၂၀၁၅ ရွေးကောက်ပွဲတွင် လားရှိုးမဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သူဖြစ်သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ကိုယ်စားလှယ်နေရာ အများဆုံးရရှိထားသည့် အမျိုးသား ဒီမိုကရေစိအဖွဲ့ချုပ်က တင်သွင်းသည့် ဒုသမ္မလောင်းဖြစ်သလို ပြင်ပတွင် အစောပိုင်းကတည်းက သမ္မတသစ်အဖြစ် နာမည်ထွက် ရေပန်းစားနေသည့် ဦးထင်ကျော်သည် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲချိန်တွင်လည်း အနိုင်ရရှိနိုင်သဖြင့် သမ္မတသစ်ဖြစ်ရန် ကျိန်းသေနေပြီဖြစ်သည်။

အမျိုးသားလွှတ်တော်တွင်မူ ဒုတိယ သမ္မတလောင်းများအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ချင်းပြည်နယ် အမှတ်(၃) မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးဟင်နရီဗန်ထီးယူနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပထမအကြိမ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဖြစ်ခဲ့ဖူးသည် ဦးခင်အောင်မြင့်တို့ကို တင်သွင်းခဲ့သည်။

အသက် ၅၈ နှစ်အရွယ်ရှိစစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သော ဦးဟင်နရီဗန်ထီးယူသည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်သည်။ ချင်းတိုင်းရင်းသား ခရစ်ယာန်ဘာသာ ကိုးကွယ်သူဖြစ်ကာ B.A(Diploma in Law) ရရှိထားသည်ဟု အမျိုးသားလွှတ်တော်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

တပ်မတော်ကလည်း ဒုတိသသမ္မတလောင်းတစ်ဦးကို ရွေးချယ်ကာ အမည်စာရင်း တင်သွင်းရမည်ဖြစ်ရာ ၎င်းတို့ရွေးချယ်မည့် ဒုသမ္မတလောင်း၏ အမည်ကို ပြည်ထောင်စုလွှတ်တော်သို့ မတ် ၁၁ ရက်နေ့တွင်မှ တင်သွင်းမည်ဟု ကြားသိရသည်။ 

အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တပ်မတော်တို့က ရွေးချယ်ထားသည့် ဒုတိယသမ္မတလောင်း သုံးဦးကို ပြည်ထောင်စုလွှတ်တော်တွင် ဆန္ဒမဲဖြင့် ရွေးချယ်ကြမည်ဖြစ်ရာ တစ်ဦးမှာ သမ္မတဖြစ်လာမည်ဖြစ်ပြီး ကျန်နှစ်ဦးသည် ဒုတိယသမ္မတများ ဖြစ်လာမည်ဖြစ်သည်။

လက်ရှိအစိုးရထံမှ အာဏာ လွှဲပြောင်းရယူမည့်နေ့မှာ မတ်လကုန်တွင် ဖြစ်ရာ ပြည်ထောင်စုအစိုးရ ဖွဲ့စည်းခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ ဖွဲ့စည်းခြင်းများကို မတ်လတတိယပတ်အတွင်း ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားကြသည်။

သတင်း- စိုးသန်းလင်း

 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.