ဦးထင်ကျော်နှင့် ဦးဟန်နရီဗန်ထီးယူတို့ ဒုသမ္မတများ ဖြစ်သွားပြီ

ဦးထင်ကျော်နှင့် ဦးဟန်နရီဗန်ထီးယူ။ ဓာတ်ပုံ- တေဇလှိုင်နှင့် အန်းဝမ်

ဦးထင်ကျော်နှင့် ဦးဟန်နရီဗန်ထီးယူ။ ဓာတ်ပုံ- တေဇလှိုင်နှင့် အန်းဝမ်

နေပြည်တော်၊ မတ် ၁၁

လွှတ်တော်နှစ်ရပ်တွင် အမည်စာရင်းတင်သွင်းထားသည့် ဒုသမ္မတလောင်းများ တစ်ဦးစီထက် ပိုနေသဖြင့် ယနေ့ ဆန္ဒမဲပေးကာ ပြည်သူ့လွှတ်တော်တွင် ဦးထင်ကျော်နှင့် အမျိုးသားလွှတ်တော်တွင် ဦးဟန်နရီဗန်ထီးယူတို့အား ဒုတိယသမ္မတများအဖြစ် ရွေးချယ်ခဲ့ကြသည်။

ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့တို့က ဒုတိယ သမ္မတလောင်းများကို မတ် ၁၀ ရက်နေ့က အမည်စာရင်း တင်သွင်းခဲ့ကြသည်။ ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးထင်ကျော်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒေါက်တာစိုင်းမောက်ခမ်းတို့ကို အမည်စာရင်း တင်သွင်းခဲ့ပြီး အမျိုးသားလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဟန်နရီဗန်ထီးယူနှင့် ပြည်ထော်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးခင်အောင်မြင့်တို့ကို အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်၌ မဲရေရာတွင် ဦးထင်ကျော်က ၂၇၄ မဲ၊ ဒေါက်တာစိုင်းမောက်ခမ်းက ၂၉ မဲ၊ ပယ်မဲ ၁၄ မဲ ရရှိသဖြင့် ဦးထင်ကျော်အား ပြည်သူ့လွှတ်တော်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် ဒုတိယသမ္မတအဖြစ် အတည်ပြု ကြေညာခဲ့သည်။

အမျိုးသားလွှတ်တော်တွင် ဦးဟင်နရီ ဗန်ထီးယူ က ၁၄၈ မဲ၊ ဦးခင်အောင်မြင့်က ၁၃ မဲနှင့် ပယ်မဲ ၆ မဲရရှိသဖြင့် ဦးဟင်နရီဗန်ထီးယူကို အမျိုးသားလွှတ်တော်အစုအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် ဒုတိယသမ္မတအဖြစ် အတည်ပြု ကြေညာခဲ့သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ကလည်း  ၎င်းတို့ အမည်စာရင်း တင်သွင်းမည့် ဒုတိယသမ္မတလောင်း အမည်ကို မတ်လ ၁၀ ရက်မှာပင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတ်မှတ်ပေးသည့် နေရာ၌ အစည်းအဝေးကျင်းပ ရွေးချယ်ကာ သမ္မတ၊ ဒုတိယသမ္မတများ အရည်အချင်း သတ်မှတ်ချက် ပြည့်မီမှု ရှိ မရှိ စိစစ်ရေးအဖွဲ့ထံ ပေးပို့ရမည် ဖြစ်သည်။

“ကျွန်တော်တို့ ရွေးထားတဲ့ ဒုတိယသမ္မတ အမည်ကို မတ်လ ၁၁ ရက်နေ့၊ နေ့လယ် ၂း၀၀ နာရီမှာ ပြည်ထောင်စု လွှတ်တော်ကို ပို့ပေးရပါမယ်” ဟု အမျိုးသားလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက Frontier ကို ပြောသည်။

တပ်မတော်သားအစုအဖွဲ့က တင်သွင်းမည့် ဒုတိယ သမ္မတလောင်းမှာ တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ဖြစ်နိုင်ခြေများကြောင်း  ပြင်ပတွင် သတင်းများ ထွက်ပေါ်နေသည်။

ဒုသမ္မတများအား သမ္မတ၊ ဒုတိယသမ္မတများ အရည်အချင်း သတ်မှတ်ချက် ပြည့်မီမှု ရှိ မရှိကို လွှတ်တော်နှစ်ရပ်မှ စိစစ်ရေး အဖွဲ့ဝင်တို့က ယနေ့ စတင်စိစစ် သွားမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောသည်။

စိစစ်ရေးအဖွဲ့၏ အဖွဲ့ဝင် ခုနစ်ဦးတို့မှာ လွှတ်တော် နှစ်ရပ်၏ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်၊ အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ် ဦးဘမျိုးသိန်းနှင့် လွှတ်တော်နှစ်ရပ်၏ တပ်မတော်သားအစုအဖွဲ့မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးတို့ ဖြစ်ကြသည်။

ထို့နောက် ဒုတိယသမ္မတသုံးဦးမှ သမ္မတ၊ ဒုတိယသမ္မတ (၁) နှင့် ဒုတိယ သမ္မတ(၂) တို့ကို ပြည်ထောင်စုလွှတ်တော်တွင် မတ် ၁၄ ရက်နေ့တွင် မဲခွဲကာ ရွေးချယ်ကြမည်ဟု လွှတ်တော်ရုံး ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင်ကလည်း သမ္မတ ရွေးချယ်ခြင်းနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ဖွဲ့စည်းခြင်းတို့ကို မတ် ၁၈ ရက်တွင် အပြီး ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

သတင်း- စိုးသန်းလင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.