ခိုကိုးရာမဲ့သူများအတွက် ဓမ္မရိပ်မြုံ

ရန်ကုန်မြို့ပြင်ပက တရားစခန်းတစ်ခုဟာ ဓမ္မရိပ်မှာ ခိုလှုံပြီး ဘဝရဲ့ပြဿနာတွေကို ဖြေရှင်းလိုကြတဲ့ ရောဂါသည်၊ ဒုက္ခိတ၊ ခိုကိုးရာမဲ့ သက်ကြီးရွယ်အို ရာပေါင်းများစွာအတွက်တော့ ခိုနားရာ အိမ်ဂေဟာလေး တစ်ခု ဖြစ်ပါတယ်။

ကျော်ဖုန်းကျော် ရေးသားသည်။

တကယ်တော့ မြန်မာနိုင်ငံမှာ ဘုန်းကြီးတစ်ပါးက တရားစခန်း ဖွင့်တယ်ဆိုတာ မဆန်းတော့ပါဘူး။ သဘာဝ တရားစခန်းကို ၂၀၀၈ ခုနှစ်က ဆရာတော် ဦးဥတ္တမသာရက သက်တော် ၃၉ နှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီတရားစခန်းဟာ ရန်ကုန်မြို့ အရှေ့တောင်ပိုင်းမှာရှိတဲ့ သန်လျင်မြို့နယ်မှာရှိပြီး ကူညီစောင့်ရှောက်မှု လိုအပ်နေကာ တရားစခန်းဝင်လိုတဲ့ သက်ကြီးရွယ်အိုတွေအဖို့တော့ အိမ်တစ်အိမ်လို ဖြစ်ပါတယ်။

တရားစခန်း ဝင်ချင်သူအားလုံးကို ဝင်ခွင့်ပြုထားပြီး လာရောက်နားခိုကြသူ တော်တော်များများက ကိုယ်ပိုင်အိမ်ရာဆိုတာ မရှိကြတော့တဲ့ အဖိုး၊ အဖွားတွေသာ ဖြစ်ကြပါတယ်။ တရားစခန်းမှာ ကျန်းမာရေး၊ အစားအသောက်တွေအားလုံးက အခမဲ့ ဖြစ်ပါတယ်။

“ဆရာတော်က လူတွေရဲ့ လိုအပ်ချက်တွေကို သိလို့ ဒီလိုတရားစခန်းမျိုး ဖွင့်ထားတာပါ”လို့ သဘာဝတရားစခန်းရဲ့ ကြီးကြပ်ရေးမှူး ကိုနန္ဒက Frontier ကို ပြောပါတယ်။

“သဘာဝကို လာကြတဲ့သူတွေကို ဆရာတော်က အားပေးလေ့ကျင့် သင်ကြားပေးပါတယ်။ များသောအားဖြင့် ကျန်းမာရေး၊ လူမှုရေးနဲ့ ငွေကြေးကိစ္စတွေအတွက် သောကရောက်နေကြတဲ့ သက်ကြီးရွယ်အိုတွေကိုပေါ့။ သူတို့ရဲ့ ဒုက္ခတွေကို ဓမ္မရဲ့အကူအညီနဲ့ ဖြေရှင်းပေးတယ်”လို့ ဦးဥတ္တမသာရက တရားစခန်းရဲ့ ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။

The Thabarwa Center in Yangon's Thanlyin Township. (Teza Hlaing / Frontier)

The Thabarwa Center in Yangon’s Thanlyin Township. (Teza Hlaing / Frontier)

သန်လျင်မြို့ ကျိုက်ခေါက်စေတီနဲ့ မလှမ်းမကမ်းမှာရှိတဲ့ သဘာဝတရားစခန်းက ၅၈ ဧက ကျယ်ဝန်းတဲ့အတွက် တရားစခန်းဆိုတာထက် ရွာငယ်တစ်ခုလိုတောင် ဖြစ်နေပါတယ်။ တရားစခန်းမှာ လူပေါင်း ၂,၅၀၀ လောက် နေထိုင်ပြီး အယောက် ၁,၀၀၀ လောက်က အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ အများစုက စောင့်ရှောက်မှု လိုအပ်နေသူတွေ ဖြစ်ကြပြီး တချို့ကတော့ ပြင်းပြင်းထန်ထန် ဖျားနာနေသူတွေ ဖြစ်ကြပါတယ်။

တရားစခန်း ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ ဆရာတော် ဦးဥတ္တမသာရဟာ သာသနာ့ဘောင်ကို ၂၀၀၂ ခုနှစ်က ဝင်ခဲ့ပြီး ဒီ့မတိုင်ခင်က လုပ်ငန်းရှင်တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

သူဟာ ၂၀၀၅ ခုနှစ်အတွင်းက တရားစခန်း တစ်ခုကို ရန်ကုန်မြို့လယ်ခေါင်က ၄၅ လမ်းမှာရှိတဲ့ ရှစ်ထပ်တိုက်မှာ ဖွင့်လှစ်ခဲ့ဖူးပြီး ယောဂီ အယောက် ၂၀၀ လောက် ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ၂၀၀၇ ခုနှစ်က ရွှေဝါရောင် တော်လှန်ရေးလို့လည်း လူသိများတဲ့ သံဃာများ ဆန္ဒပြမှုအပြီးမှာ တရားစခန်းက ဘုန်းကြီးတွေ၊ သီလရှင်တွေနဲ့အတူ ဆရာတော်ကိုယ်တိုင်လည်း  ဒီထက်ပိုပြီး ကြီးမားတဲ့နေရာကို ပြောင်းရွှေ့ခဲ့ရတယ်လို့ ကိုနန္ဒက ပြောပြပါတယ်။ သဘာဝတရားစခန်းကို သန်လျင်က မြေဧက သုံး ဧကမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အလှူရှင်က အငြိမ်းစားတပ်မတော်အရာရှိ ဦးကျော်အေး ဖြစ်ပါတယ်။

“တရားစခန်းနားမှာ နေထိုင်သူတွေက မြေနေရာကို ဈေးကွက်ပေါက်ဈေးနဲ့ ရောင်းချတာကို ဆရာတော်က လက်ခံပြီး ဝယ်ခဲ့တော့ တရားစခန်းနေရာက တဖြည်းဖြည်း ပိုကျယ်လာခဲ့တယ်”လို့ တရားစခန်း ရုံးအဖွဲ့မှူး ဖြစ်ပြီး ဦးဥတ္တမသာရကို နှစ်ရှည်လများ လှူဒါန်းထောက်ပံ့ခဲ့သူ ဆရာမဟောင်း ဒေါ်ခင်စမ်းဦးက ဆိုပါတယ်။

The Thabarwa Center in Yangon's Thanlyin Township. (Teza Hlaing / Frontier)

The Thabarwa Center in Yangon’s Thanlyin Township. (Teza Hlaing / Frontier)

ဆရာတော်ရဲ့ ကနဦးရည်ရွယ်ချက်က တရားထိုင်ချင်ကြတဲ့ ဒုက္ခရောက်နေသူတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်သူတွေကို အထောက်အပံ့ပေးဖို့ ဖြစ်ပါတယ်။

တရားစခန်းမှာ နေထိုင်သူတွေရဲ့ စာရင်းထဲမှာ နေထိုင်သူ ၆၅၀ ခန့်ဟာ ရောဂါဝေဒနာ ခံစားနေရသူတွေ၊ ဒါမှမဟုတ် ချို့တဲ့နေသူတွေ ဖြစ်ကြပြီး အယောက် ၅၀ လောက်က အိပ်ချ်အိုင်ဗီ-အေ့ဒ်စ်ရောဂါ ခံစားနေရသူတွေလို့ သိရပါတယ်။ ဒါ့ပြင် ဒီလောက်ပမာဏကပဲ စိတ်ရောဂါဝေဒနာ ခံစားနေရသူတွေ ဖြစ်နေကြပါတယ်။ စာရင်းအရ နေထိုင်သူ ၁၀၇ ယောက်လောက်က လေဖြတ်နေသူများလည်း ဖြစ်ကြပါတယ်။

စွန့်ပစ်ခံ သက်ကြီးရွယ်အိုတွေနဲ့ အိမ်ခြေမဲ့သူတွေကို တရားစခန်းက ကယ်တင်နေပါတယ်လို့ ကြေညာခဲ့တဲ့အချိန်မှာ မီဒီယာကနေ ဇာတ်လမ်းဆန်ဆန် ဖော်ပြခဲ့ကြတယ်လို့ ကိုနန္ဒက ပြောပါတယ်။ “ရလဒ်ကတော့ စေတနာ့ဝန်ထမ်းအဖွဲ့တွေကနေ ကျွန်တော်တို့ တရားစခန်းကို ချို့တဲ့နေတဲ့ လူတွေအများကြီး ပို့လိုက်တာပါပဲ”လို့ သူက ဆိုပါတယ်။

“တကယ်တမ်းပြောရရင် ဆရာတော်ရဲ့ ပထမရည်ရွယ်ချက်က ဒုက္ခရောက်နေသူပဲဖြစ်ဖြစ်၊ စွန့်ပစ်ခံထားရသူပဲဖြစ်ဖြစ်၊ အိမ်မရှိတဲ့သူပဲဖြစ်ဖြစ် တရားထိုင်ချင်ရင် ထိုင်လို့ရတဲ့နေရာ တစ်ခုဖန်တီးဖို့ ဖြစ်ပါတယ်၊ ဒါကို နားလည်မှု လွဲခဲ့ကြပေမဲ့ ဆရာတော်ရဲ့မူဝါဒက ဘယ်သူ့ကိုမှ မငြင်းပယ်ဖို့ ဖြစ်ပါတယ်”လို့ ကိုနန္ဒက ပြောပြပါတယ်။

လူအများကြီးကို ဂရုစိုက်ရပြီ ဆိုကတည်းက စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ “ကျွန်တော်တို့ဆီမှာ လူနာတွေကို စောင့်ရှောက်ဖို့ စေတနာ့ဝန်ထမ်း ၁၁ ယောက်ပဲ ရှိပါတယ်။ သူတို့ကို စောင့်ရှောက်ဖို့ ကျွန်တော်တို့ အခက်အခဲတွေ အများကြီးကြုံနေရပါတယ်”လို့ သူက ဆက်ပြောပါတယ်။

တရားစခန်းမှာ နေထိုင်သူတွေရဲ့ ဘဝအကြောင်းကို Frontier က မေးမြန်းတဲ့အခါမှာ အများစုက သားသမီး ရှိကြတယ်လို့ဆိုပြီး တချို့ကတော့ ဆွေမျိုးတွေ ရှိပေမဲ့ သူတို့ကို ဂရုမစိုက်နိုင်ကြဘူးလို့ ပြောပြကြပါတယ်။

အသက် ၆၇ နှစ်ရှိပြီ ဖြစ်တဲ့ ဦးမြင့်စိုးနဲ့ သူ့ဇနီးဖြစ်သူ အသက် ၆၁ အရွယ် ဒေါ်သန်းသန်းအောင်တို့ဟာ တရားစခန်းမှာ နေထိုင်လာတာ ကိုးလခန့်ရှိနေပြီလို့ သိရပါတယ်။ ဦးမြင့်စိုးဟာ လေဖြတ်ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့အတွက် စကားမပြောနိုင်တော့ပါဘူး။ သူတို့ကို သမီးဖြစ်သူက သုံးလတစ်ကြိမ် လာရောက်ကြည့်ရှုတယ်လို့ ဒေါ်သန်းသန်းအောင်က ဆိုပါတယ်။ “ကျွန်မတို့ ဒီမှာအဆင်ပြေပါတယ်”လို့ သူက ပြောပါတယ်။

တရားစခန်းမှာ နေထိုင်သူတွေထဲမှာ တစ်ချိန်က နာမည်ကြီးတွေ ပါသလို အဆင့်အတန်းမြင့်တဲ့  မိသားစုထဲက လူတွေလည်း ပါပါတယ်။ သူတို့တွေထဲမှာ တစ်ချိန်တစ်ခါက မြန်မာ့ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့တဲ့  မင်းသမီး ဒေါ်စမ်းစမ်းနွယ် ပါဝင်သလို ဦးနုအစိုးရလက်ထက်နဲ့ ဦးနေဝင်းအစိုးရအောက်က ပြည်ထောင်စု လူမှုဝန်ထမ်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီး ဖြစ်ခဲ့တဲ့ ဦးထွန်းဖေရဲ့ သမီး ဒေါ်မြလည်း ရှိနေတာ တွေ့ရပါတယ်။

သဘာဝစခန်းကနေ ၁၅ မိနစ်လောက် လမ်းလျှောက်သွားမယ်ဆိုရင် စေတနာလို့ အမည်ပေးထားတဲ့ ရွာကို ရောက်ပါတယ်။ ဒီရွာက အိမ်ခြေမရှိတဲ့သူတွေကို အိမ်၊ မြေပေးနိုင်ဖို့နဲ့ အစားအသောက် ထောက်ပံ့ဖို့အတွက် ဦးဥတ္တမသာရက တည်ထောင်ထားတာ ဖြစ်ပါတယ်။

ရွာသားတွေကနေ သူတို့ရဲ့မြေတွေကို ဆရာတော်က ဝယ်ဖို့ တောင်းဆိုတာကို ဆရာတော်က သဘောတူပြီးတဲ့အခါမှာ စိုက်ပျိုးတာတွေ ဆက်လုပ်နိုင်ဖို့ သူတို့မြေတွေကို ပြန်ပေးမယ့် အကြံအစည်မျိုး ရလာတယ်လို့ ဒေါ်ခင်စမ်းဦးက ဆိုပါတယ်။ ဒါပေမဲ် မြေရဲ့ အရင်းအမြစ်က ဆိုးရွားလွန်းတဲ့အတွက် လယ်သမားတွေအနေနဲ့ မြေကို ပြန်မလိုချင်ခဲ့ကြပါဘူး။ မြေကို ရောင်းခဲ့သူတချို့က အိမ်ခြေမဲ့ ဖြစ်သွားခဲ့ပြီး ဆရာတော့်ဆီက အိမ်ပြန်ဆောက်ဖို့ မြေတစ်ကွက်လောက် ပြန်တောင်းကြတယ်လို့ ဒေါ်ခင်စမ်းဦးက Frontier ကို ပြောပါတယ်။ အိမ်ခြေမဲ့တွေကို ၂၂၄ စတုရန်းပေ ရှိတဲ့မြေနေရာပေးဖို့ ဆရာတော်က သဘောတူခဲ့ပေမဲ့ မိသားစုဝင်တစ်ဦးဦးက တရားစခန်းမှာ ၁၅ ရက်နေဖူးရမယ်ဆိုတဲ့ စည်းမျဉ်းတော့ ထားရှိထားတယ်လို့ သူက ပြောပြပါတယ်။

The Thabarwa Center in Yangon's Thanlyin Township. (Teza Hlaing / Frontier)

The Thabarwa Center in Yangon’s Thanlyin Township. (Teza Hlaing / Frontier)

“သဘာဝတရားစခန်းမှာ ၁၅ ရက် တရားအားထုတ်ဖူးတာနဲ့ မြေရမယ်ဆိုတဲ့သတင်းက ပြန့်သွားတော့ အိမ်ခြေမဲ့ တော်တော်များများက ဆရာတော့်ဆီလာပြီး တရားစခန်းဝင်ဖို့ စာရင်းလာပေးခဲ့ကြတယ်”လို့ လွန်ခဲ့တဲ့ နှစ်လက သားသမီးတွေကို ဒုက္ခမပေးချင်ဘူးလို့ဆိုပြီး တရားစခန်းကို ပြောင်းလာတဲ့ အသက် ၆၂ နှစ်အရွယ်ရှိ ဦးကျော်ညွန့်က ပြောပါတယ်။

မြေနေရာ ၂၈ ဧကရှိတဲ့ရွာမှာ အိမ်ခြေ ၃,၀၀၀ ရှိပြီး နေထိုင်သူ ၁၀,၀၀၀ ခန့် ရှိပါတယ်။ အများစုဟာ သာမန်လက်လုပ်လက်စားတွေ၊ ဒါမှမဟုတ် လက်သမားတွေ ဖြစ်ကြပါတယ်။ ရွာမှာရှိတဲ့ ကလေးပေါင်း ၆၀၀ ဟာ ၇ တန်းအထိ စာသင်ကြားပေးတဲ့ ရွာဘုန်းကြီးကျောင်းကိုပဲ တက်ကြပါတယ်။

ရွာက အခုဆို ပြည့်နေပြီဆိုပေမဲ့ အိမ်ခြေမဲ့သူတွေကတော့ တရားစခန်းဝင်ဖို့ ဆက်လက်စာရင်းပေးနေကြပြီး ဆရာတော်ကလည်း လှည်းကူးမြို့က ဧက ၁၈၀ လောက်ရှိတဲ့မြေမှာ နောက်ထပ် စေတနာရွာကို တည်ထောင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ မြေနေရာ တစ်ဝက်လောက်က အိမ်ခြေမဲ့သူတွေကို ထောက်ပံ့ဖို့ဖြစ်ပြီး နောက်တစ်ဝက်က တရားစခန်းအတွက် လျာထားတယ်လို့ သဘာဝတရားစခန်းရဲ့ သတင်းထုတ်ပြန်ရေးဌာနက ဆိုပါတယ်။ ဒါ့အပြင် ဆရာတော်က သဘာဝတရားစခန်းမှာ လာရောက်စွန့်ပစ်ထားတဲ့ ခွေးတွေနဲ့ ကြောင်တွေအတွက် လှည်းကူးမှာ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း တစ်ခုဖွင့်ဖို့ စီစဉ်ထားတယ်လို့ ကိုနန္ဒက ဆိုပါတယ်။

Frontier က အင်တာဗျူးခဲ့တဲ့ ဆရာတော်ရဲ့ နောက်လိုက်တွေရဲ့အဆိုအရ သူတို့ဟာ သဘာဝတရားစခန်းမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ဖို့ အတိတ်က ဘဝကို မေ့ပစ်ခဲ့ကြပြီလို့ သိရပါတယ်။

ဆရာတော်ဟာ တရားစခန်းအတွင်း နေထိုင်သူတွေအနေနဲ့ တရားတော်ရဲ့ အဆုံးအမကို နာယူခြင်း၊ မိမိခန္ဓာကိုယ်ကို ဝိပဿနာ ရှုမှတ်ပွားများခြင်း၊ သီလကုသိုလ် စောင့်ထိန်းခြင်းတို့နဲ့ မှန်ကန်တဲ့သစ္စာတရားကို နားလည်နိုင်စွမ်း တိုးမြင့်လာအောင် သင်ကြားပေးတယ်လို့ တရားစခန်းရဲ့ ဝက်ဘ်ဆိုက်မှာ ဦးဥတ္တမသာရက မိန့်ဆိုထားပါတယ်။

“သဘာဝတရားစခန်းမှာ နေထိုင်စဉ်အတွင်း ပြုလုပ်မိတဲ့ ကောင်းမှုကုသိုလ်တွေကတစ်ဆင့် ရရှိလာတဲ့ ကုသိုလ်တွေက သူတို့ရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တယ်ဆိုတာ လူတွေသဘောပေါက်လာခဲ့ကြတယ်”လို့ ဆရာတော်က မိန့်ကြားပါတယ်။

“ဆရာတော်က “ဘာမှ မရှိတာပဲ ရှိတယ်”လို့ ကျွန်မတို့ကို ဟောကြားပို့ချပေးခဲ့ပါတယ်။  ဒါဟာ မှန်တယ်လို့ ကျွန်မတို့ သိလာတဲ့နောက်ပိုင်း ကျွန်မတို့ အရင်က ဘဝကိုမေ့ဖို့ လွယ်သွားပြီး တခြားသူတွေကို ကူညီဖို့ ရှိသမျှအချိန်တွေကို သုံးနိုင်ခဲ့ပါတယ်”လို့ ဒေါ်ခင်စမ်းဦးက ပြောကြားပါတယ်။

ရဲထွဋ်သိန်း ဘာသာပြန်သည်။

ဓာတ်ပုံများ – တေဇလှိုင်/ Frontier

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.