ကမ္ဘာမြေပေါ်ကနေ တိတ်တဆိတ် မျိုးသုန်း ပျောက်ကွယ်သွားနိုင်တဲ့ ငှက်ကလေး

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၅၀ လောက်က ကမ္ဘာမြေပေါ်ကနေ ဒိုင်နိုဆာတွေ မျိုးသုန်း ပျောက်ကွယ်သွားသလိုပဲ တနင်္သာရီဒေသကငှက်တစ်မျိုးဟာလည်း ကမ္ဘာမြေပေါ်ကနေ တိတ်တဆိတ် ထာဝရ ပျောက်ကွယ်သွားရတော့မယ့် အကြောင်းနဲ့ ကြုံကြိုက်နေရပါပြီ။

ထွန်းခိုင် ရေးသားသည်။

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၅၀ လောက်က ကမ္ဘာမြေပေါ်ကနေ ဒိုင်နိုဆာတွေ မျိုးသုန်း ပျောက်ကွယ်သွားပါတယ်။ ဒိုင်နိုဆောတွေကို ကြည့်ချင်တယ်ဆိုရင် ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ ပြတိုက်တွေမှာ ပြထားတဲ့ အရိုးစုတွေဆီပဲ သွားကြည့်ရတော့မှာပါ။

အခုတော့ Gurney’s Pitta လို့ခေါ်တဲ့ငှက်တစ်မျိုးဟာလည်း ဒိုင်နိုဆောတွေလို ကမ္ဘာမြေပေါ်ကနေ တိတ်တဆိတ်ပျောက်ကွယ်သွားရတော့မယ့် အကြောင်းနဲ့ ကြုံကြိုက်နေရပါပြီ။

မြန်မာဒေသအခေါ် တောင်ငုံးရင်မဲ (ဒါမှမဟုတ်)တီတူးငှက်လို့ခေါ်တဲ့ ကော်ဖီပန်းကန်လုံးလောက်အရွယ်အစား ရှိတဲ့ ငှက်ကလေးတွေဟာ အချိန်မီ ထိန်းသိမ်းမှုတွေမလုပ်ရင် ကမ္ဘာမြေပေါ်ကနေ အပြီးတိုင် ပျောက်ကွယ်သွားတော့မယ့် အခြေအနေနဲ့ ကြုံတွေ့နေရပြီလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

တောင်ငုံးရင်မဲငှက် နောက်ဆုံးမျိုးဆက်တွေရဲ့ကံကြမ္မာဟာ မြန်မာနိုင်ငံရဲ့ လက်ထဲမှာရှိနေပြီး အဲဒီငှက်တွေရဲ့ အနာဂတ်ဟာ မြန်မာနိုင်ငံက ဘယ်လိုကိုင်တွယ်လဲဆိုတဲ့အပေါ် မူတည်နေတယ်လို့ တောင်ငုံးရင်မဲငှက်အကြောင်း လေ့လာသူတွေက ဆိုပါတယ်။

“ကမ္ဘာပေါ်မှာ ဒီမှာနောက်ဆုံးပဲ။ ဒီမှာ(မြန်မာနိုင်ငံမှာ)ပဲ ကျန်တယ်။ ဒါကြောင့်ဒီငှက်ကို ဒီလောက်အလေးထား နေရတာပါ”လို့ သူ့ရဲ့ပါရဂူဘွဲ့စာတမ်းအတွက် တောင်ငုံးရင်မဲငှက်တွေကို လေ့လာသုတေသနပြုနေတဲ့  ဦးနေမျိုးရွှေက ပြောပါတယ်။

ဦးနေမျိုးရွှေဟာ အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရိစ္ဆာန်နှင့် သစ်ပင်များအဖွဲ့၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်း ကာကွယ်ရေးအဖွဲ့(FAUNA & FLORA INTERNATIONAL)ရဲ့  တနင်္သာရီဒေသ ထိန်းသိမ်းရေးအစီအစဉ် ညှိနှိုင်းရေးမှူးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတောင် နိုင်ငံရဲ့ တောင်ဘက်အဖျားပိုင်းဖြစ်တဲ့ တနင်္သာရီတိုင်းဒေသကြီးရဲ့ နေရာအချို့မှာပဲ ဒီငှက်တွေ ရှင်သန်နေနိုင်တယ်လို့ ဦးနေမျိုးရွှေကပြောပါတယ်။

“ဒီအချိန်မှာသာ တိုင်းနဲ့ ပြည်နယ်အလိုက် ကိုယ်စားပြုတဲ့ ငှက်တစ်မျိုးစီ ပေးပါဆိုရင် တနင်္သာရီတိုင်းကို ကိုယ်စားပြုတဲ့ ဂုဏ်ဆောင်ငှက်က Gurney’s Pitta လို့ ပြောရမယ့် အခြေအနေမှာ ရှိပါတယ်”လို့ ဦးနေမျိုးရွှေက ဆိုပါတယ်။

ဒါပေမယ့် တောင်ငုံးရင်မဲငှက်(Gurney’s Pitta) တွေ ပျောက်ကွယ်မှာ စိုးရိမ်ပြီး အစဉ်တစိုက် ထိန်းသိမ်းခဲ့တာက မြန်မာနိုင်ငံ မဟုတ်ပါဘူး။ အိမ်နီးခြင်းဖြစ်တဲ့ ထိုင်းနိုင်ငံက သစ်တောနဲ့ ငှက်ပညာရှင်တွေက အစပြုခဲ့တာဖြစ်ပြီး ၁၉၈၈ ခုနှစ် ဝန်းကျင်ကတည်းက အဲ့ဒိငှက်တွေ မျိုးတုန်းပျောက်ကွယ်မှာ စိုးရိမ်ပြီး ထိန်းသိမ်းခဲ့ကြတာပါ။

ဒါပေမယ့် မအောင်မြင်တဲ့ တောင်ငုံးရင်မဲငှက် ထိန်းသိမ်းရေးစီမံကိန်းကြောင့် ထိန်းသိမ်းမှုလုပ်ငန်း စတင်ခဲ့ပြီး နောက်နှစ် ၃၀ လောက်အကြာမှာတော့ လေးကောင်ပဲ ရှာဖွေတွေ့ရှိခဲ့တော့တယ်လို့ ထိုင်းနိုင်ငံက တောင်ငုံးရင်မဲငှက်အကြောင်း ကျွမ်းကျင်သူ Somying ကပြောပါတယ်။

ချစ်စရာကောင်းတဲ့ ဒီငှက်လေးတွေ ထာဝရ ပျောက်ကွယ်သွားတော့မယ့်အရေး အကြီးအကျယ် စိုးရိမ်နေကြတဲ့ ပညာရှင်တွေဟာ ထိုင်းနိုင်ငံက အခြေအနေတွေကြောင့် စိတ်ပျက်ခဲ့ရပေမယ့် မြန်မာနိုင်ငံမှာ ဒီငှက်လေးတွေကို ၂၀၀၃ ခုနှစ် ဝန်းကျင်မှာ ပြန်လည် တွေ့ရှိခဲ့တယ်ဆိုတာကြောင့်  မြန်မာနိုင်ငံအပေါ် အာရုံစိုက်လာကြပါတော့တယ်။

ဒါပေမယ့် ငှက်အကောင်ရေဘယ်လောက် ကျန်သေးတယ်ဆိုတာ ဘယ်သူကမှ တိတိကျကျ မသိသေးပါဘူး။

တစ်ကမ္ဘာလုံးက တောင်ငုံးရင်မဲငှက်အကြောင်း သုတေသနပြုသူတွေကတော့ ဒီငှက်ကလေးတွေရဲ့ နောက်ဆုံးခံတပ်ဟာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသသာ ဖြစ်တယ်လို့ ယုံကြည်နေကြပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က ထိုင်းနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်မျိုး ထပ်မံမဖြစ်အောင် ဂရုတစိုက်ကိုင်တွယ်ဖို့ ပြင်ဆင်နေကြပါတယ်။

အခုတော့ ဥရောပသမဂ္ဂကလည်း တောင်ငုံးရင်မဲငှက်တွေ ရှင်သန်ရေးအတွက် ပါဝင်ပတ်သတ်လာပြီး ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းတွေအတွက် ရံပုံငွေအထောက်အပံ့ပေးကာ မျိုးသုန်းပျောက်ကွယ်သွားရမယ့် အဖြစ်ကနေ ကယ်တင်နိုင်ဖို့ ကြိုးစားနေပါတယ်။

ဒါပေမယ့် လူတိုင်းစိုးရိမ်နေကြသလို တောင်ငုံးရင်မဲငှက်တွေ မျိုးသုန်းအောင် ခြိမ်းခြောက်လာတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာနေပါတယ်။

တနင်္သာရီတိုင်းဒေသကြီးမှာ ဆီအုန်းတိုးချဲ့ စိုက်ပျိုးမှုတွေက တောင်ငုံးရင်မဲ (ဒါမှမဟုတ်)တီတူးငှက်တွေ နေထိုင်ကျက်စားတဲ့သစ်တောတွေကို ခြိမ်းခြောက်နေပါတယ်။ ဓာတ်ပုံ- Flora And Fauna International

တနင်္သာရီတိုင်းဒေသကြီးမှာ ဆီအုန်းတိုးချဲ့ စိုက်ပျိုးမှုတွေက တောင်ငုံးရင်မဲ (ဒါမှမဟုတ်)တီတူးငှက်တွေ နေထိုင်ကျက်စားတဲ့သစ်တောတွေကို ခြိမ်းခြောက်နေပါတယ်။ ဓာတ်ပုံ- Flora And Fauna International

အဲဒီငှက်တွေ ရှင်သန်နေထိုင်နိုင်တဲ့ဒေသတွေဟာ ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ ဆီအုန်းစိုက်ခင်းတွေ အဖြစ် ပြောင်းလဲသွားတဲ့အတွက် တောင်ငုံးရင်မဲငှက်တွေ နေထိုင်ရှင်သန်ဖို့အတွက် ပြဿနာ အကြီးအကျယ်ရှိနိုင်တယ်လို့ ဦးနေမျိုးရွှေက ပြောပါတယ်။

မြန်မာအစိုးရရဲ့မူဝါဒမှာ တနင်္သာရီတိုင်းဒေသကြီးကို မြန်မာနိုင်ငံရဲ့ ဆီအိုးကြီးဖြစ်စေရမယ် (Tanintharyi Division Must Become Oil Blow Of Myanmar) ဆိုပြီး ဆီအုန်းစိုက်ပျိုးရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်နေပါတယ်။

အလွတ်တန်း စိုက်ပျိုးရေးအကြံပေး John Patrick Baskett က ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်ခဲ့တဲ့ “မြန်မာ့ဆီအုန်း စိုက်ပျိုးရေးလုပ်ငန်းများ”ဆိုတဲ့ အစီရင်ခံစာအဆိုအရ မြန်မာနိုင်ငံက လက်ရှိအချိန်မှာ တစ်နှစ်ကို စားသုံးဆီတန်ချိန် ၃၀၀,၀၀၀ ကနေ  ၄၀၀,၀၀၀ အထိ တင်သွင်းနေရတဲ့အတွက် ဒီပြဿနာကို ဖြေရှင်းဖို့ အစိုးရက ဆီအုန်းကို မိတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။

အစီရင်ခံစာရဲ့ အဆိုအရ ၂၀၁၅ ခုနှစ်အထိ တနင်္သာရီတိုင်းမှာ ဆီအုန်း စိုက်မျိုးမြေဧက သုံးသိန်းခွဲနီးပါးရှိနေပြီး ၂၀၃၀-၃၁ အရောက်မှာ ဧက ခုနစ်သိန်းအထိ စိုက်ပျိုုးသွားဖို့ စီမံကိန်းရှိတယ်လို့ ဆိုပါတယ်။

ဆီအုန်းအပြင် ရာဘာနဲ့ ကွမ်းပင်လို စိုက်ခင်းတွေ၊ သစ်တောတွေ ခုတ်ထွင်တာတွေကြောင့် တောင်ငုံးရင်မဲငှက်တွေအတွက် နေထိုင်ဖို့ အခက်အခဲဖြစ်နေရတယ်လို့လည်း အဲဒီငှက်တွေကို ထိန်းသိမ်းနေသူတွေက ဆိုပါတယ်။

FAUNA & FLORA INTERNATIONAL က လေ့လာတွေ့ရှိချက်တွေအရ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီးနဲ့ အစိုးရ အပြောင်းအလဲကာလတွေမှာ မြန်မာပြည်တောင်ပိုင်းက သစ်တောတွေ ခုတ်ယူခံရတဲ့နှုန်း သိသိသာသာကြီး များလာတယ်လို့ ဆိုပါတယ်။

“ဒေသခံတွေက ဘယ်လို နားလည်သွားလဲမသိဘူး။ မြေယာတွေ အပြိုင်အဆိုင် ခုတ်နေပါတယ်” လို့ FAUNA & FLORA INTERNATIONAL က ဦးနေမျိုးရွှေက ပြောပါတယ်။

တနင်္သာရီတိုင်းက သစ်တောတွေဟာ တောင်ငုံးရင်မဲငှက်တွေအတွက်သာမကပဲ အခြားငှက်တွေအတွက်လည်း အရေးပါတဲ့ ကျက်စားရာနေရာတွေဖြစ်တယ်လို့ ငှက်နဲ့ ပတ်သတ်တဲ့ ပညာရှင်တွေက ယူဆထားပါတယ်။

Biodiversity And Nature Conservation Association က Senior Ornithologist ဖြစ်တဲ့ ဦးလေးဝင်းရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ငှက်မျိုးစိတ် ၁,၁၁၆ မျိုးလောက် ရှိတဲ့အထဲမှာ တောင်ငုံးရင်မဲငှက် အပါအဝင် ငှက်မျိုးစိတ် တစ်ဝက်လောက်က တနင်္သာရီဒေသမှာ ရှင်သန်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီငှက်အထဲကမှ တခြားငှက်တွေဟာ တနင်္သာရီဒေသကနေ ပျောက်ကွယ်သွားရင်တောင် ကမ္ဘာကြီးရဲ့ တစ်နေရာရာမှာ ရှာတွေ့နိုင်သေးပေမယ့် တောင်ငုံးရင်မဲငှက်တွေကတော့ ဒီလိုအခွင့်အရေး မရှိတော့ဘူးလို့ ဦးလေးဝင်းက ဆိုပါတယ်။

တောင်ငုံးရင်မဲငှက်တွေရဲ့ အနာဂတ်ဟာ မြန်မာနိုင်ငံအပေါ် လုံးလုံးမူတည်နေပြီး အမှားအယွင်း တစ်စုံတရာ လုပ်ခဲ့မယ်ဆိုရင် ဒိုင်နိုဆောတွေနဲ့အတူ ကမ္ဘာမြေပေါ်ကနေ မျိုးသုံးပျောက်ကွယ်သွားတဲ့ တိရစ္ဆာန်တွေရဲ့ စာရင်းထဲမှာ ထည့်ဖို့အတွက် နောက်ထပ်တိုးလာမယ့် သက်ရှိတစ်မျိုးဖြစ်လာဖို့ ရှိပါတယ်။

“(ဒီမျိုးစိတ်ပျောက်သွားရင်) ဘယ်လောက်ပဲ ပိုက်ဆံချမ်းသာချမ်းသာ ပြန်ဝယ်လို မရတော့ဘူး”လို့ ဦးလေးဝင်းက ဆိုပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.