ခွဲခြားဆက်ဆံမှုကို မသန်စွမ်းသူများ ပြစ်တင်ရှုတ်ချ

ပညာရေးဝန်ကြီးဌာနသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ဆိုင်ရာ မြန်မာနိုင်ငံ၏ သဘောတူညီချက်များကို ချိုးဖောက်သော မသန်စွမ်းသူများကို ခွဲခြားဆက်ဆံသည့် ကြော်ငြာတစ်ခု ထည့်သွင်းမှုကြောင့် အငြင်းပွားဖွယ်ရာများ ဖြစ်ပွားစေခဲ့သည်။

သီခ ရေးသားသည်။

မမို့မိုသည် မြန်မာနိုင်ငံတွင် ဘွဲ့ရထားသော မသန်စွမ်းသူ လူနည်းစုထဲမှ တစ်ဦးဖြစ်သည်။ ထိုဘွဲ့ဖြင့် သူ့ရည်မှန်းချက်ဖြစ်သော ကျောင်းဆရာမအလုပ် ရရှိရန် မျှော်လင့်ခဲ့ခြင်းဖြစ်သည်။

သို့သော် မျှော်လင့်သလို ဖြစ်မလာခဲ့ချေ။

မမို့မို့သည် အသက် ၂၃ နှစ် ရှိပြီဖြစ်ပြီး ၂၀၀၁ ခုနှစ်က ဧရာဝတီတိုင်း ဘိုကလေးကောလိပ်မှ အင်္ဂလိပ်စာ အဓိကဖြင့် ဘွဲ့ရခဲ့ခြင်း ဖြစ်သည်။ သူသည် လူမှုဖူလုံရေး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ၂၀၁၀ ပြည့်နှစ်၌ တစ်နိုင်ငံလုံး ကောက်ယူခဲ့သော စစ်တမ်းအရ မြန်မာနိုင်ငံရှိ ဘွဲ့ရရှိပြီးသူ မသန်စွမ်း ၂ ရာခိုင်နှုန်းအနက်မှ တစ်ဦးဖြစ်သည်။

ဆရာဖြစ်သင်တန်းကျောင်း တက်ရောက်ရန် သူလျှောက်ထားသောအခါ သူ့ဘယ်ဘက်လက်တွင် လက်ပွားလေးတစ်ချောင်းပါ၍ဟုဆိုကာ ပယ်ချခံရသဖြင့် သူ့အိပ်မက် ပျက်စီးသွားခဲ့ရသည်။

ထိုသို့ ပယ်ချခံရသောကြောင့် သူ၏ မိဘများသည်လည်း လွန်စွာ စိတ်ပျက်ခဲ့ရသည်။ သူ့မိဘနှစ်ပါးစလုံးသည် ကျောင်းဆရာများ ဖြစ်ကြသည်။

မမို့မို့သည် သူ့အဖြစ်အပျက်ကို လွန်စွာ နာကျည်းမိသည်။

“ကျွန်မရဲ့ ကိုယ်ခန္ဓာက သိသိသာသာ ချို့ယွင်းနေရင် ကျွန်မ မပြောပါဘူး။ ဒီပြဿနာလေးက ကျွန်မအတွက် အမည်းစက်ကြီး မဖြစ်သင့်ဘူး။ ဒါပေမဲ့ သူတို့က အဲဒါကို လက်ညှိုးထိုးပြီး ကျွန်မလျှောက်လွှာကို ပယ်ချခဲ့တယ်” ဟု မမို့မို့က သူ့လက်ကို ရည်ညွှန်းပြောပြသည်။

“ကျွန်မက ပညာတတ် တစ်ယောက်ပါ။ ကျွန်မတတ်ထားတဲ့ ပညာတွေနဲ့ ဆရာမတစ်ယောက်အနေနဲ့ တိုင်းပြည်ကို အလုပ်အကျွေး ပြုချင်ပါတယ်”

ဝေဖန်သူများက ပညာရေးဝန်ကြီးဌာန၏ မူဝါဒများသည် မသန်စွမ်းသူများကို အမြဲတမ်း ခွဲခြားဆက်ဆံလေ့ရှိသည်ဟု ဆိုသည်။ ကျောင်းအပ်လာသော ကလေးများက မသန်စွမ်းများဖြစ်နေကြပြီး ကျောင်းက သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်းမရှိဟု ယူဆလျှင် ကျောင်းများတွင် ပယ်ချပိုင်ခွင့်များ ရှိနေသည်။ အထူးကျောင်းများသည်လည်း မြို့ကြီးများတွင်သာရှိပြီး သာမန်ကျောင်းမှ ကလေးများနှင့် ခွဲခြားထားသည်။ အကျိုးဆက်အားဖြင့် ၂၀၁၀ ပြည့်နှစ် ဝန်ကြီးဌာန၏ အစီရင်ခံစာအရ မသန်စွမ်းသူ ၂ ဒသမ ၃ သန်းတွင် ၅၅ ရာခိုင်နှုန်းသည် ကျောင်းပညာရေး မရရှိကြကြောင်း တွေ့ရှိရသည်။

ထိုသို့သော အခြေအနေမျိုးတွင် ပညာရေးဝန်ကြီးဌာနသည် ပညာရေးကောလိပ်နှင့် ဆရာဖြစ် ဒီပလိုမာသင်တန်းများအတွက် ခေါ်ယူသည့်ကြော်ငြာ၌ မသန်စွမ်းသူများ၊ လိင်ပြောင်းထားသူများနှင့် ဆရာတစ်ယောက်အတွက် လိုအပ်သော ကိုယ်အင်္ဂါ မပြည့်စုံလျှင် လျှောက်ထားရန်မလိုဟု ဖော်ပြခဲ့မှုကြောင့် လူအများ အံ့အားတသင့် ဖြစ်ခဲ့ကြရသည်။

ထိုကြော်ငြာက မသန်စွမ်းသူ လူအဖွဲ့အစည်းကို မကျေမနပ်ဖြစ်စေခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ မသန်စွမ်းသူများအဖွဲ့ Myanmar Federation of Persons with Disabilities က ထုတ်ပြန်သည့် ကြေညာချက်တွင် ထိုကြော်ငြာကို ရှုတ်ချထားသည်။

MFPD အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပညာရေးဝန်ကြီးဌာန၏ ကြော်ငြာသည် မသန်စွမ်းသူများကို ခွဲခြားဆက်ဆံပြီး ၎င်းတို့၏ လူ့အခွင့်အရေးကို ချိုးဖောက်ထားခြင်း ဖြစ်သည်ဟု ပြောကြားသည်။

“မသန်စွမ်းသူတွေကလည်း ပြည်သူနဲ့ တိုင်းပြည်အတွက် အလုပ်လုပ်ပေးနိုင်ပါတယ်။ သူတို့ကို ဆရာဖြစ်သင်တန်း တက်ရောက်ခွင့် တားမြစ်လိုက်တာက သူတို့ကို အလုပ်အကိုင်ကောင်းတွေ မရအောင် ငြင်းပယ်တားမြစ်လိုက်သလိုပါပဲ” ဟု ဦးအောင်ကိုမြင့်က ပြောကြားသည်။

“ကျွန်တော်တို့က ကိုယ့်နိုင်ငံကို ချစ်ပါတယ်။ ဒါပေမဲ့ ဒီလိုပြုမူတာက မသန်စွမ်းတွေကို လူမဆန်စွာ ဆက်ဆံလိုက်သလိုပဲ။ ဒါကို ဘယ်လိုမှ သည်းခံလို့ မရပါဘူး” ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၆ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ထံ မိတ္တူတစ်စောင် ပေးပို့ထားသည့် ယင်းကြေညာချက်၌ ပညာရေးဝန်ကြီးဌာန၏ ကြော်ငြာသည် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း United Nations Universal Declarations on Human Rights ၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ပဋိညာဉ်စာချုပ် Convention on the Rights of Persons with Disabilities နှင့် ပြည်သူ့ဝန်ထမ်း ခန့်ထားရာတွင် နိုင်ငံသားတိုင်း အလုပ်အကိုင် အခွင့်အလမ်း တန်းတူရပိုင်ခွင့်ရှိသည်ဟု အတိအလင်း ဆိုထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့နှင့် မကိုက်ညီကြောင်း ဖော်ပြထားသည်။

ထိုကြော်ငြာသည် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စော်ကားနေသည်ဟု ရေးသားထားသည်။ ထို့ပြင် မသန်စွမ်းသူများသည် နိုင်ငံနှင့် လူ့အဖွဲ့အစည်းအတွက် အလုပ်လုပ်ကိုင်နိုင်သော စွမ်းရည်များ ရှိကြပါသည်ဟုလည်း ဖော်ပြထားသည်။

ပညာရေးဝန်ကြီးဌာနကိုယ်၌က ထိုသို့ လုပ်ဆောင်နေသဖြင့် ၎င်းတို့က မသန်စွမ်းသူများအတွက် စားဝတ်နေရေး ဖြေရှင်းပေးရန်၊ လူ့အဖွဲ့အစည်းအတွင်း တန်းတူအဖွဲ့ဝင်များအဖြစ် ပါဝင်ခွင့်ရရှိရန်၊ ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်ပေးရန် မြန်မာနိုင်ငံ မသန်စွမ်းသူများအဖွဲ့ MFPD က ကြိုးပမ်းရာတွင် ဆောင်ရွက်ရမည့်နည်းလမ်းနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ ရှိလာစေသည်ဟု ဆိုထားသည်။

“ဒါ့ကြောင့် ကျွန်တော်တို့က ပညာရေးဝန်ကြီးဌာနရဲ့ အဲဒီလုပ်ရပ်ကို ရှုတ်ချပါတယ်။ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ ဥပဒေဘောင်အတွင်းကနေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ကြေညာချက်၌ ဆက်လက်ဖော်ပြထားသည်။ ထို့ပြင် အစိုးရက မသန်စွမ်းသူများ၏ အခွင့်အရေးကို အလေးထား ဖော်ဆောင်လာအောင် လိုအပ်သော နည်းလမ်းတိုင်းကို အသုံးပြုသွားမည်ဟုလည်း ပါရှိသည်။

MFPD သည် ၎င်း၏ ရည်မှန်းချက်များ အောင်မြင်နိုင်စေရန် အချက် ၃ ချက်ပါ မဟာဗျူဟာကို ချမှတ်ထားသည်။ ယင်းတို့အနက် ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲသည် ပထမအချက် ဖြစ်သည်။ ဒုတိယအချက်မှာ MFPD သည် လူမှုဖူလုံရေး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့်အတူ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပသွားမည့်အချက်ဖြစ်သည်။ တတိယအချက်မှာမူ မသန်စွမ်းသူများ၏ အခွင့်အရေးကို ကာကွယ်ရန် ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်နိုင်သည်များကို လုပ်သွားမည့်အချက် ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ ခိုင်မြဲသည် MFPD သတင်းစာရှင်းလင်းပွဲကို တုန့်ပြန်ပြောကြားသောအားဖြင့် ဝန်ကြီးဌာန၏ မူဝါဒနှင့်စပ်လျဉ်း၍ နိုင်ငံပိုင် အသံလွှင့်ဌာနမှတဆင့် ကာကွယ်ပြောဆိုသွားသည်။

ဆရာများသည် လူမှုအဖွဲ့အစည်း၌ နမူနာကောင်းများ ချပြနိုင်ရန်လိုအပ်ပြီး ပကတိ ပြီးပြည့်စုံရန်လိုကြောင်း ဒေါက်တာခိုင်မြဲက ဖေဖော်ဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည်။

“ဒါ့ကြောင့် အခြေခံ ပညာရေးစနစ်မှာ လက်ရော ခြေရော ပုံမှန်ရှိတဲ့သူတွေကိုပဲ ခန့်အပ်ရတာပါ” ဟု သူက ပြောပြသည်။

တဖန် အခြေခံနှင့် မူလတန်းကျောင်းသားများသည် တခါတရံမှာ ဆရာ ဆရာမများနှင့် ခြေလက်များ အသုံးပြု ကစားရတတ်ကြောင်း ဒေါက်တာခိုင်မြဲက ဆိုသည်။

“သင်္ချာဘာသာ သင်ကြားမယ်ဆိုရင် ကလေးတွေက သူတို့လက်ချောင်းကလေးတွေ သုံးပြီး လက်ချိုးရေတွက်တာမျိုး ရှိတာမို့ ဆရာ ဆရာမတွေမှာ ပုံမှန်လက်ချောင်းတွေ အပြည့်အစုံရှိဖို့ လိုအပ်ပါတယ်” ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ပဋိညာဉ်စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်သည် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေတွင် မသန်စွမ်းသူများသည် ပညာရေးကဏ္ဍ၌ တန်းတူတက်ရောက်ခွင့် ရရှိနိုင်ရမည်၊ အလုပ်ရှင်များသည်လည်း မသန်စွမ်းသူများကို အလုပ်အကိုင် အခွင့်အလမ်းများ တန်းတူပေးရမည်ဟု ပါရှိသည်။ သို့သော် သက်ဆိုင်ရာ နည်းဥပဒေများ ပြဋ္ဌာန်းရန် ကျန်ရှိနေသေးပြီး မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အမျိုးသား ကော်မတီတစ်ရပ် ဖွဲ့စည်းရန်လည်း ကျန်နေသေးသည်။

၂၀၁၅ ခုနှစ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ဥပဒေ ထွက်ရှိလာသော်လည်း မသန်စွမ်းသူများအရေး လှုပ်ရှားဆောင်ရွက်သူများက ထပ်မံလုပ်ဆောင်စရာများ ကျန်ရှိနေသေးသည်ဟု ဆိုသည်။ လုပ်ဆောင်ရမည့် ပထမဆုံးအချက်မှာ ပညာရေးကဏ္ဍတွင် မသန်စွမ်းသူများ၏ အခွင့်အရေးကို ထိရောက်စွာ ကာကွယ်လုပ်ဆောင်ပေးနိုင်မည့် နည်းဥပဒေများ ပြဋ္ဌာန်းပေးရန်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂၃ ရက်က နေပြည်တော်တွင် ကျင်းပသော မသန်စွမ်းသူများ၏ ပညာရေးဆိုင်ရာ ဆွေးနွေးပွဲ Convention on the Education of Persons with Disabilities တွင် မသန်စွမ်းသူများ တန်းတူညီမျှစွာ အခွင့်အရေးရရှိစေရန် ထောက်ပံ့ပြောဆိုခဲ့သည်။ မသန်စွမ်း ကလေးငယ်များ အပါအဝင် လူတိုင်းသည် ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ခွင့်နှင့် ပျော်ရွှင်ပိုင်ခွင့် ရှိသည်ဟု ၎င်းက ဆိုသည်။

နိုင်ငံတော် အတိုင်ပင်ခံက အရွယ်ရောက်ချိန်၌ စိတ်အနှောက်အယှက်ဖြစ်ရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းစသည့် ခံစားချက်များ မဖြစ်ရအောင် ရှောင်ရှားနိုင်စေရန် ကလေးအရွယ် ငယ်စဉ်ကတည်းက ဘဝကို ပြည့်ဝလုံလောက်စွာ နေထိုင်ခြင်းနှင့် အခွင့်အလမ်းများ တန်းတူညီမျှ ရစေခြင်းတို့အားဖြင့် လေ့ကျင့်ပျိုးထောင်ပေးသင့်သည်ဟု ဆိုသည်။

မသန်စွမ်းသူများကို အသက်ငယ်ရွယ်စဉ်ကတည်းက အားပေးပျိုးထောင်ပေးရန် အရေးကြီးလှကြောင်း ၎င်းက ဆိုသည်။

၎င်းတို့တွင် တန်းတူအခွင့်အရေးများရှိပြီး ထိုအခွင့်အရေးများကို ကျေကျေနပ်နပ် ခံစားနိုင်ကြသည်ဟု မသန်စွမ်းသူများက ယုံကြည်မှု ရှိနေစေရန် လူ့အဖွဲ့အစည်းတွင် တာဝန်ရှိပေသည်။

ဒေါ်အောင်ဆန်းစုကြည်က တစ်ဦးနှင့်တစ်ဦး လေးစားမှုကို ထုတ်ဖော်ပြသရန် အရေးကြီးကြောင်းကိုလည်း အလေးအနက်ထား ပြောကြားခဲ့သည်။

“လူတိုင်းမှာ တလေးတစား ဆက်ဆံခံပိုင်ခွင့် ရရှိရပါမယ်” ဟု ၎င်းက ဆိုသည်။

“လူ့အခွင့်အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာ အတွေးအမြင်အရပြောရရင် ဂုဏ်သိက္ခာဆိုတာ မွေးရာပါ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဘယ်သူကမှ ဖယ်ရှားပစ်ပိုင်ခွင့် မရှိပါဘူး။ ဥပဒေတွေ၊ စွဲဆိုချက်တွေနဲ့လည်း ဖျက်ဆီးပိုင်ခွင့် မရှိပါဘူး။ တခြားလူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို မလေးစားတာဟာ ကိုယ့်ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်လိုက်တာနဲ့ အတူတူပါပဲ။ လူတိုင်းဟာ သူ့တန်ဖိုးကို အလေးထား ရပ်တည်နိုင်စေရပါမယ်။

“ပညာရေးဝန်ကြီးဌာနနဲ့ လူမှုဖူလုံရေး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်နေကြတယ်ဆိုပေမဲ့ ဝန်ကြီးဌာန တစ်ခုတည်းနဲ့ အောင်မြင်အောင် အကောင်အထည် မဖော်နိုင်ပါဘူး။ ကျွန်မတို့အားလုံး လက်ချင်းတွဲဆက်ပြီး ဝိုင်းဝန်းကူညီကြရပါမယ်။

ကံမကောင်း အကြောင်းမလှသည်ကတော့ ပညာရေးဝန်ကြီးဌာနသည် ထိုအသိအမြင်ကို မရရှိနိုင်သေးခြင်းပင် ဖြစ်သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်မြို့၊ ခဝဲခြံ မျက်မမြင်ကျောင်းတွင် ကျောင်းသားများ မျက်မမြင်စာဖတ်နည်း သင်ကြားနေစဉ်။ ဓာတ်ပုံ – စိုးသန်းဝင်း/ အေအက်ဖ်ပီ 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.