သည်းခံတရား လက်ကိုင်ထားကြရန် အွန်လိုင်းမှနေ၍ နားချနေသည့် အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူများပင်လျှင် ပစ်မှတ်ထား တိုက်ခိုက်ခံလာရသည်ကို တွေ့လာရသည်။
မဂ္ဂီ ကွာဒရီနီ ရေးသားသည်။
မြန်မာနိုင်ငံတွင် ဈေးသက်သာသော အင်တာနက်ချိတ်ဆက်မှု ရရှိလာသဖြင့် အငြင်းပွားဖွယ် ပြဿနာများနှင့်ပတ်သက်၍ လူအဖွဲ့အစည်းအတွင်း အယူအဆ ကွဲပြားမှုများကို ထုတ်ဖော်ပြသလာကြသည်မှာ ပို၍ပင် ဆိုးရွားလာသည်ဟု ဆိုနိုင်ပေသည်။ စစ်တပ်၏ဆင်ဆာ ရှိနေသည့် ဟိုတချိန်က စကားသံများကို ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ယခုအခါ လူတိုင်းက ပြောဆိုခွင့်ရလာသည်။
လူ့အခွင့်အရေး ကာကွယ်သူများက နယ်ပယ်သစ်များကို တွေ့ရှိလာကြပြီး လူ့အဖွဲ့အစည်းက တားမြစ်ထားသည့် အကြောင်းအရာများကို အွန်လိုင်းပေါ်၌ အစဖော်လာကြသည်။ ကာလရှည်ကြာစွာ တိုက်ခိုက်ခံလာကြသူများအား ခုခံကာကွယ်ပေးလာကြသည်။
“ငါဟာ လူသားချင်း စာနာထောက်ထားတဲ့သူ တကယ်ဖြစ်ချင်တာ ဟုတ်ရဲ့လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးလာရပြီ” ဟု တအာင်းအမျိုးသားရေး လှုပ်ရှားသည့် ငယ်ရွယ်သူ မသင်းသင်းအောင်က ပြောသည်။
၎င်း၏ဖေ့စ်ဘွတ်ခ်ပေါ်မှ ရေးသားဖော်ပြချက်များ Facebook Feed တွင် အမုန်းစကားများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်မှ ဒုက္ခသည်များ စွန့်ခွာထွက်ပြေးမှုဆိုင်ရာ အမုန်းစကားများကို ရှုတ်ချရာတွင် ၎င်းသည် ထူးထူးခြားခြား ဝေဖန်ပြောကြားလာသူဖြစ်သည်။
“သူတို့ မျှဝေ(ရှယ်)ထားတာကြည့်ပြီး လူတွေကို ကောက်ချက်ချလို့တော့ မရပါဘူး။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာ အမုန်းစကားတွေ ဒီလောက်များတာမျိုး ကျွန်မဘဝမှာတော့ တခါမှ မတွေ့ဖူးသေးဘူး” ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ မီဒီယာများတွင် ကာလရှည်ကြာစွာ ဖော်ပြမှုများနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အပြည်ပြည်ဆိုင်ရာမှ ဝေဖန်ပြစ်တင်မှုတို့က အမျိုးသားစိတ်ဓာတ်နှင့် အွန်လိုင်းပေါ်မှ အမုန်းစကားများကို ပြင်းထန်လာစေသည်။
“လူ့အခွင့်အရေးဆိုတာ ဘာလဲလို့ လူအများစုက မသိနားမလည်ကြတဲ့အတွက် ” ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဆွေးနွေးဖို့ လူတွေက လက်တွန့်နေပါသေးတယ်ဟု ရန်ကုန်မြို့ရှိ Koe Koe Tech မှ မနုဿဗေဒဘာသာရပ် လူမျိုးခွဲဗေဒပညာရှင် ethnographer ဖြစ်သည့်အမျိုးသမီးငယ် တက်ကြွလှုပ်ရှားသူ မမေနဒီက ပြောသည်။
“လေးစားစရာကောင်းပြီး အဆင့်တိုင်းမှာ လိုက်နာကျင့်သုံးသင့်ပေမဲ့ မြန်မာနိုင်ငံက လူတချို့က ‘လူ့အခွင့်အရေး’ ဆိုတာကို နယ်ချဲ့စနစ်ရဲ့လက်နက်ကိရိယာအဖြစ် တွဲမြင်နေကြတဲ့အတွက် ဝမ်းနည်းစရာ ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
“အမုန်းနှင့် လူမျိုးရေးဆန်သော” မှတ်ချက် comment များကို “အမြင်ကျဉ်းသော အလွန်အကျွံမျိုးချစ်များ” အဖြစ် အများမြင်နိုင်သည့် public post မှနေ၍ ၎င်း၏ မိတ်ဆွေနှင့် နှစ်သက်လက်ခံသူများ friends and followers တို့အား စက်တင်ဘာ ၂၅ ရက်က ရှင်းလင်းတင်ပြခဲ့သည်။
သို့ရာတွင် “ခေတ်သစ်မီဒီယာများ၏ တဖက်သတ်အယူအဆ” များကိုလည်း မမေနဒီက ဝေဖန်ခဲ့ပြီး ရခိုင်ပြည်နယ်ပဋိပက္ခ ကဲ့သို့သော နိုင်ငံရေးကိစ္စမျိုးကို သတင်းရေးသားရာတွင် မျှမျှတတ ရေးသားရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။
“အပြည်ပြည်ဆိုင်ရာ မီဒီယာတွေမှာ မြန်မာတွေအားလုံးကို မျိုးချစ်ဝါဒီတွေဆိုပြီး စွပ်စွဲနေကြတယ်။ မြန်မာအားလုံးကို လူယုတ်မာတွေလို ပုံဖော်ပြီး အထင်အမြင် လွဲနေကြတယ်။ အများစုက အနည်းစုကို တိုက်ခိုက်နေတယ်ဆိုပြီး သတင်းမီဒီယာတွေက သွေးခွဲနေကြပါတယ်” ဟု ၎င်းက ဆိုသည်။
အဖြစ်မှန်နှင့် လုပ်ဇာတ်
အင်တာနက်ကို ၂၀၁၄ ခုနှစ်အထိ အခွင့်ထူးခံအများစုကသာ အသုံးပြုနိုင်ခဲ့သည်။ နောက်ပိုင်းကျမှသာ နိုင်ငံခြားမှ အော်ပရေတာများဖြစ်သော တယ်လီနောနှင့် အူရီဒူးတို့က နိုင်ငံတော်ပိုင် မြန်မာ့စာတိုက်နှင့် ဆက်သွယ်ရေး၏ လက်ဝါးကြီးအုပ်မှုကို ထိုးဖောက်နိုင်ခဲ့သည်။
အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက လူ့အခွင့်အရေးနဲ့ပတ်သက်ပါက သူတို့ရပ်တည်ချက်ကို တွေဝေယိမ်းယိုင်မှု မရှိကြပေ။ သူတို့၏ ရပ်တည်ချက်များနှင့်စပ်လျဉ်း၍ အခင်မင်ဆုံး သူငယ်ချင်းများနှင့် မိသားစုဝင်များ၏ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများကိုပင် ခံကြရတတ်သည်။
လူသန်းပေါင်းများစွာသည် အင်တာနက်ဆက်သွယ်မှုနှင့် လွတ်လပ်သောမီဒီယာ ကင်းမဲ့နေခဲ့ရာမှ အချိန်တိုအတွင်း ဖေ့စ်ဘွတ်ခ်ပေါ်၌ အဆက်မပြတ် ရနိုင်သော သတင်းများကို အသားကုန် အသုံးပြုခွင့် ရလာခဲ့သည်။ အဖြစ်မှန်နှင့် အကြံအဖန်လုပ်ဇာတ်ကို ခွဲခြားနိုင်ရေးမှာ လမ်းမှန်ကမ်းမှန်သွား၍ မရနိုင်လောက်အောင် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။
“ကျွန်မတို့က အာဏာရှင်စနစ်လက်အောက် နှစ်ပေါင်း ၇၀ လောက် နေခဲ့ရတာပါ။ အခုတော့ တိုင်းပြည်က အွန်လိုင်းဆက်သွယ်မှုတွေ ပွင့်သွားပြီဆိုတော့ အထူးသဖြင့် ပညာနည်းပြီး ဝေဖန်ဆန်းစစ်နိုင်တဲ့ ပညာအဆင့် မရှိတဲ့အခါ ဦးနှောက်အဆေးခံရ brainwash ဖို့ ပိုပြီးလွယ်ကူသွားတာပေါ့။ ပြင်ပကမ္ဘာရဲ့ သြဇာသက်ရောက်မှုတွေနဲ့ ကျွန်မတို့က အတွေ့အထိမှ မရှိခဲ့ဖူးတာကိုး” ဟု မမြနဒီက ဆိုသည်။
၎င်း၏ ဖေ့စ်ဘွတ်ခ်မိတ်ဆွေအချို့မှာ အကြောင်းအရာတစ်ခုနှင့်ပတ်သက်၍ ဘာမှသိမထားဘဲ အငြင်းပွားဖွယ် ကိစ္စရပ်များတွင် ဘက်လိုက်မိတတ်ကြကြောင်း မသင်းသင်းအောင်က မှတ်ချက်ပြုသည်။
“ကျွန်မရဲ့ဖေ့စ်ဘွတ်ခ်မိတ်ဆွေတွေက ဆိုရှယ်မီဒီယာပေါ်က ပို့စ်တွေကို အဆက်အစပ်မရှိဘဲ မျှဝေ(ရှယ်)တတ်ကြပါတယ်။ ဒါပေမဲ့ သူတို့ဝေမျှလိုက်တဲ့ အကောင့်တွေမှာက follower တွေက အများကြီးပါပဲ။ ဒီအခြေအနေက လူတွေကို အထူးသဖြင့် လက်ခံလွယ်တဲ့သူတွေကိုဆိုရင် လမ်းမှားကို ပို့နိုင်လောက်အောင် သြဇာလွှမ်းမိုးနိုင်တဲ့ အလားအလာရှိပါတယ်” ဟု ၎င်းက ဆိုသည်။
အမျိုးသမီးများ၏ အခွင့်အရေး
မြန်မာနိုင်ငံ၌ အခြားလူ့အခွင့်အရေး ပြဿနာအများအပြား ရှိနေသေးသည်။ ရခိုင်ပြည်နယ်ပြဿနာလောက် သတင်းမကြီးလှသည့်တိုင် ယင်းတို့ကို အွန်လိုင်းပေါ်တွင် အစဖော်ပေးရန် ခက်ခဲနေဆဲဖြစ်သည်။
ဥပမာအားဖြင့် လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးပညာပေးနှင့် ဆက်နွယ်နေသော သတင်းအချက်အလက်များကို မျှဝေသောအခါ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရတတ်ကြောင်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက ပြောသည်။
၎င်း၏ဖေ့စ်ဘွတ်ခ်စာသားကို ဖတ်မိကြသူ ယောကျ်ားအချို့က ကျားမကွဲပြားမှုဆိုင်ရာ အသိပညာပေးမှုများကို ဆွေးနွေးချိန်၌ လက်ခံပေးရန် အခက်တွေ့ရတတ်ကြကြောင်း ချင်းမိုင်အခြေစိုက် မြန်မာအမျိုးသမီးများ သမဂ္ဂမှ မဇင်မာဖြိုးက ဆိုသည်။
“ယောကျ်ားနဲ့ မိန်းမတွေက ကျားမတန်းတူညီမျှရေးကို တမျိုးတဘာသာစီ ပြောနေကြတာပဲ။ သူတို့က ကျွန်မတို့ကို ခွက်တစ်ခုနဲ့တူတဲ့ လောကကျဉ်းကျဉ်းလေးထဲမှာ နေနေတယ်လို့ မြင်ထားကြတယ်။ ယောကျ်ားတွေက ကျွန်မတို့ကို ရုန်းမထွက်နိုင်၊ ပြေးမလွတ်နိုင်တဲ့ အိမ်ထောင့်တာဝန်တွေနဲ့ ပိတ်လှောင်ထားတဲ့ ခွက်ကလေးနဲ့တူတဲ့ ကမ္ဘာလေးထဲမှာပဲ နေစေချင်ကြတယ်” ဟု ၎င်းက ဆိုသည်။
ကျားမတန်းတူမှုဆိုင်ရာ ပြောကြားချက်များသည် ဆန့်ကျင်မှုများနှင့် အပြင်းအထန် ရင်ဆိုင်နေရသည်။ အစိုးရ ဥပဒေအရာရှိများ၊ ဥပဒေပြုသူများ၊ ပညာရှင်များက မိန်းမများတွင် တန်းတူညီမျှမှုမရှိဟူသော အချက်ကို ယုံတမ်းစကားအဖြစ် လက်ခံထားကြသည်။ သို့ရာတွင် လေ့လာချက်စစ်တမ်းများအရဆိုပါက ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်ကို တွေ့ရသည်။
Raising the Curtain ဟူသော ကျားမတန်းတူညီမျှရေးကွန်ရက် Gender Equality Network ၏ ၂၀၁၅ ခုနှစ် အသေးစိတ် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် လူမှုဓလေ့ကျင့်ထုံးများက ယောကျ်ားနှင့် မိန်းမတို့၏ ဘဝတသက်တာတွင် တမျိုးတဖုံစီ ဂယက်ရိုက်ခတ်တတ်ပုံကို ဆန်းစစ်ဖော်ပြထားသည်။
အမျိုးသမီးအခွင့်အရေး ဆွေးနွေးမှုများကို အခြေအနေအချို့တွင် ယဉ်ကျေးမှုအရ လက်ခံနိုင်ခြင်း မရှိသေးပေ။ ယင်းတို့ကို အစဉ်အလာစံနှုန်းများကို စိန်ခေါ်မှုအဖြစ် အထူးသဖြင့် လူကြီးသူမအချို့က ရှုမြင်နေကြဆဲဖြစ်သည်။
ယောကျ်ားများက မိန်းမများ၏ အခွင့်အရေးကို အခြားသော အခြေခံအခွင့်အရေးများနှင့်မဆိုင်သည့် သီးခြားအခွင့်အရေးတစ်ခုအဖြစ် မကြာခဏ သဘောထားကြကြောင်း မဇင်မာဖြိုးက ပြောသည်။
“မိန်းမတွေက လူ့အခွင့်အရေးအကြောင်းပြောရင် အထူးသဖြင့် ကျားမနဲ့ အမျိုးသမီးအခွင့်အရေးကိစ္စတွေမှာ ယောကျ်ားတွေက သဘောမတူတတ်ကြဘူး” ဟု ၎င်းက ဆိုသည်။
အမျိုးသမီးများ အခွင့်အရေး တန်းတူညီမျှရေးကို နှိုးဆော်သော ဖေ့စ်ဘွတ်ခ်ပို့စ်များကို အမျိုးသားများက မကြာခဏ စိန်ခေါ်တတ်ကြကြောင်း အခရာ အမျိုးသမီးများ Akhaya Women အဖွဲ့ဝင်ဟောင်း ဒေါ်ဖြူစင်က ပြောပြသည်။
“ကျွန်မဖေ့စ်ဘွတ်ခ်ထဲမှာပါတဲ့ ယောကျ်ားတွေအများစုက အမျိုးသမီးများ အခွင့်အရေးနဲ့ပတ်သက်ရင် သဘောထား ကွဲလွဲတတ်ကြတယ်။ ဒါပေမဲ့ အလုပ်သမား အခွင့်အရေးနဲ့ နိုင်ငံသား အခြေခံ လူ့အခွင့်အရေးတွေနဲ့ ပတ်သက်ရင်တော့ သဘောထား ကိုက်ညီတတ်ကြပါတယ်” ဟု ၎င်းက ဆိုသည်။
အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက လူ့အခွင့်အရေးနဲ့ပတ်သက်ပါက သူတို့ရပ်တည်ချက်ကို တွေဝေယိမ်းယိုင်မှု မရှိကြပေ။ သူတို့၏ ရပ်တည်ချက်များနှင့်စပ်လျဉ်း၍ အခင်မင်ဆုံး သူငယ်ချင်းများနှင့် မိသားစုဝင်များ၏ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများကိုပင် ခံကြရတတ်သည်။
လူမှုမီဒီယာသည် ပညာပေးရန်နှင့် ရေးသားဟောပြောချက်များကို ဖြန့်ချိရန် စွမ်းအားကြီးမားသောလက်နက် တစ်ခုဖြစ်ကြောင်း မသင်းသင်းအောင်က မှတ်ချက်ပေးပြီး အနာဂတ်ကာလ လူမှုရေးအခြေအနေ ကောင်းမွန်ရေးအတွက် အင်အားတစ်ရပ် ဖြစ်လာမည်ဟု မျှော်လင့်ထားသည်။
“အထူးသဖြင့် ပဋိပက္ခကြောင့် ထိခိုက်ခံစားရတဲ့ ရှမ်းအမျိုးသမီးငယ် တစ်ဦးအနေနဲ့ ကျွန်မမှာ တာဝန်ရှိတယ်လို့ ခံစားမိတဲ့အတွက် ကျွန်မက ပြန်လည်မျှဝေပေးတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ဉာဏ်တင် ဘာသာပြန်သည်။