An aerial shot of Yangon. (Frontier)

ယခုနှစ် ရန်ကုန်အိမ်ခြံမြေဈေးကွက်အလားအလာ.. ပြန်လည် ဦးမော့လာနိုင်

၂၀၁၀ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာတဲ့ အကျိုးဆက်များကြောင့် အိမ်ခြံမြေ ဈေးကွက် အားနည်းခဲ့တယ်ဆိုပေမယ့် အစိုးရသစ် ပြောင်းလဲပြီးနောက်မှာ ပြန်လည် ကောင်းမွန်လာနိုင်တယ်လို့ ဈေးကွက်က မျှော်လင့်လျက်ရှိနေပါတယ်။

ရန်ကုန်မြို့  အိမ်ခြံမြေဈေးကွက်ဟာ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက်မှာ ဈေးနှုန်း အဆမတန် မြင့်တက်သွားခဲ့ပါတယ်။ အဲဒီအချိန်က ၁၀ စုနှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့တဲ့ စီးပွားရေးအခြေအနေ ပြန်လည် ပွင့်လင်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေကို ယုံမှားခဲ့ကြလို့ ဖြစ်ပါတယ်။ ၂၀၁၃-၁၄ ခုနှစ်အတွင်း ဈေးကွက်အခြေအနေ အမြင့်ဆုံး အနေအထားကို ရောက်ရှိပြီးတဲ့နောက်မှာ ရှေးအဆိုလိုတွေလိုပဲ တက်ပြီးရင် ပြန်ကျလိမ့်မယ်လို့ ရန်ကုန်အိမ်ခြံမြေ ပွဲစားများက ပြောကြားထားခဲ့ကြပါတယ်။

အိမ်ခြံမြေဈေးကွက်ဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ကျဆင်းလာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် နှောင်းပိုင်းမှာ အချို့အိမ်ခြံမြေ ပိုင်ဆိုင်သူတွေဟာ မြင့်မားတဲ့ဈေးနှုန်းတွေကို ချုပ်ကိုင်ထားနိုင်ခြင်းမရှိတော့ဘဲ ပေါက်ဈေးနှုန်းထက် လျော့နည်းတဲ့ ဈေးများနဲ့ ရောင်းချလာကြတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီဖြစ်တဲ့ စိုင်းခွန်နောင် ကုမ္ပဏီပိုင်ရှင် ဦးစိုင်းခွန်နောင်ကဆိုပါတယ်။

“ဒီမှာရှိတဲ့ ဈေးကွက်သဘာဝက လူတွေဟာ ဈေးမြင့်နေမှ ဝယ်ချင်ကြတယ်။ ဒါပေမယ့် ဈေးနိမ့်သွားတော့ မဝယ်ချင်ကြတော့ ပြန်ဘူး”လို့ ဦးစိုင်းခွန်နောင်က Frontier ကို ပြောကြားခဲ့ပါတယ်။

“အခုဆို ဈေးတွေကျနေပါပြီ။ ဒါကြောင့်လည်း လူတွေ သိပ်မဝယ်ကြတော့တာ။ အိမ်ခြံမြေဈေးကွက်က ရွှေဈေးလို နိုင်ငံတကာက နှုန်းထားတွေအပေါ် မမူတည်ပါဘူး” လို့လည်း သူက ထပ်မံပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်မှာ ကျပ် သိန်း ၅၀၀ (ဒေါ်လာ ၃၈,၅၀၀) နှင့်အထက် ဝယ်လိုအားမရှိကြောင်း Real Estate Doctor ဝန်ဆောင်မှုကုမ္ပဏီက ကိုညီညီဇော်က Frontier ကို ပြောကြားခဲ့ပြီး တိုက်ခန်းငှားရမ်းမှုနှုန်းများလည်း ကျဆင်းနေတယ်လို့ ဆိုပါတယ်။

ယခုလို ဈေးတွေကျဆင်းရမှုထဲက အကြောင်းရင်းတစ်ခုကတော့ ရင်းနှီးမြုပ်နှံသူများက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသစ် ဖွဲ့စည်းမှာကို စောင့်ကြည့်နေကြတဲ့အတွက် ဖြစ်တယ်လို့ စိုင်းခွန်နောင်က ပြောကြားပါတယ်။ နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ အစိုးရပိုင်မြေများမှာ BOT (build-operate-transfer) စနစ်ခေါ် ဆောက်လုပ်ပြီးစီးပြီး နှစ် ၅၀ (သို့မဟုတ်) နှစ် ၇၀ ခန့် ကြာပါက အစိုးရထံ ပြန်လည်လွှဲပြောင်းရမယ့်စနစ်ဖြင့် ကွန်ဒိုအများအပြား ဆောက်လုပ်နေကြတဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကွန်ဒိုများနဲ့ တိုက်ခန်းများဟာ မြေနေရာလွတ်တွေထက် ရောင်းချရ ပိုမိုခက်ခဲလာတာဖြစ်တယ်လို့ သိရပါတယ်။

“အစကတော့ လူတွေက ကွန်ဒိုတွေရဲ့ BOT စနစ်ကို မသိခဲ့ကြပေမယ့် အခု သိသွားတော့ ကွန်ဒိုတွေက အရောင်းထိုင်းသွားခဲ့တယ်”လို့ စိုင်းခွန်နောင်က ပြောကြားပါတယ်။

ရွှေတိဂုံစေတီတော်အနားက စစ်တပ်ပိုင်မြေနေရာပေါ်မှာ တည်ဆောက်ဖို့ စီစဉ်ထားတဲ့ အဆင့်မြင့် ဇိမ်ခံကွန်ဒိုစီမံကိန်းကို ရပ်တန့်ခဲ့ခြင်းက အိမ်ခြံမြေဈေး ကျဆင်းဖို့ နောက်ထပ် အကြောင်းအရင်းတစ်ရပ်ဖြစ်တယ်လို့ အချို့ အိမ်ခြံမြေပွဲစားများက ဆိုပါတယ်။ ဒီစီမံကိန်းဟာ နိုင်ငံရဲ့ အထင်ကရ ဗုဒ္ဓနယ်မြေကို ထိခိုက်နိုင်တဲ့အတွက် အစိုးရက ရပ်တန့်ခဲ့တာဖြစ်ပါတယ်။ စီမံကိန်းတည်ဆောက်သူများကို အခြားမြေနေရာများ ပြန်လည်ချထားပေးရန် စီမံထားသော်လည်း မြေနေရာပြောင်းရွှေ့မှုဟာ ၎င်းတို့ကို အကုန်အကျများစေမှာဖြစ်ပါတယ်။

ရွှေနန်းတော်ရွှေဆိုင်က တည်ဆောက်နေတဲ့ ကမ္ဘာအေးဘုရားလမ်းနဲ့ ဆရာစံလမ်းထောင့်က 68 Resident ကွန်ဒိုစီမံကိန်းကလည်း အလားတူရပ်နားရမယ့် အခြေအနေမှာရှိနေတယ်လို့ မီဒီယာများက ဆိုပါတယ်။ စီမံကိန်းမှာတည်ဆောက်မယ့် ကွန်ဒိုအဆောက်အအုံဟာ ရွှေတိဂုံစေတီရဲ့ ဉာဏ်တော်ထက် အနည်းငယ်သာ နိမ့်တဲ့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC)အဖွဲ့ဝင် ဦးခင်လှိုင်က ရပ်တန့်စေလိုတယ်လို့ The News Watch ဂျာနယ်က ဆိုပါတယ်။

ဒါပေမယ့် ကွန်ဒိုမီနီယံ ဥပဒေအတည်ပြုပြီးပါက နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူခွင့် ရရှိလာမှာ ဖြစ်တဲ့အတွက် ဈေးကွက် ပြန်လည်လှုပ်ခပ်လာနိုင်တယ်လို့ မြန်မာ့အိမ်ခြံမြေအကျိုးဆောင်အဖွဲ့  အတွင်းရေးမှူး ဒေါ်မို့မို့အောင်က Frontier ကို ပြောကြားခဲ့ပါတယ်။

“ရွေးကောက်ပွဲပြီးနောက် လူတွေက စောင့်ကြည့်တာထက် ဘာလုပ်ရမလဲဆိုတာ သိလာကြလိမ့်မယ်”လို့ အိမ်ခြံမြေအကျိုးဆောင်ဝက်ဘ်ဆိုက်ဖြစ်တဲ့ House.com.mm ရဲ့ မန်နေဂျင်းဒါရိုက်တာ Balaji Ramaswami က ဆိုပါတယ်။

“လွှတ်တော်သစ် ဖွဲ့စည်းပြီးနောက်မှ ဈေးကွက်ပြန်လည်တည်ငြိမ်ဖို့ ကျွန်တော်တို့ ဆက်လုပ်ရမှာတွေကို သိလာမှာ ဖြစ်ပါတယ်။ လူတွေအနေနဲ့ လာမယ့် ငါးနှစ်ရဲ့ အစိုးရကို သိရှိပြီး ခန့်မှန်းနိုင်တဲ့အတွက် ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လာနိုင်လိမ့်မယ်”လို့ ၎င်းကဆက်လက်ပြောကြားပါတယ်။

NLD အစိုးရလက်အောက်မှာ ဈေးကွက်အခြေအနေ ကောင်းမွန်စေမယ့် ပိုမိုကောင်းမွန်တည်ငြိမ်တဲ့ မူဝါဒဖြစ်ပေါ်လာနိုင်ဖို့ မျှော်မှန်းတယ်လို့ စိုင်းခွန်နောင်နဲ့ ဒေါ်မို့မို့အောင်က ဆိုပါတယ်။

သို့သော်လည်း နိုင်ငံတကာဈေးကွက် တည်ငြိမ်မှုဖြစ်တဲ့ တရုတ်စတော့ရှယ်ယာ ပျက်ပြားမှုက အရှေ့တောင်အာရှနိုင်ငံများကို ထိခိုက်ပြီး မြန်မာ့အိမ်ခြံမြေ ဈေးနှုန်းများကိုလည်း အကျိုးသက်ရောက်သွားမှာကို အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီများက စိုးရိမ်လျက်ရှိနေကြပါသေးတယ်။

သတင်း- ကျော်ဖုန်းကျော်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.