စတော့ရှယ်ယာ ရောင်းဝယ်မှုတွေကို လေ့လာ လာကြတဲ့ ရင်းနှီးမြှတ်နှံသူများ

ရန်ကုန်စတော့အိတ်ချိန်း။ ဓာတ်ပုံ- အန်းဝမ်

ရန်ကုန်စတော့အိတ်ချိန်း။ ဓာတ်ပုံ- အန်းဝမ်

KELLY MACNAMARA နှင့် ATHENS ZAW ZAW/အေအက်ဖ်ပီ

မြန်မာနိုင်ငံရဲ့ ပထမဆုံး စတော့အိတ်ချိန်း ရောင်းဝယ်ရေး အဆောက်အဦးထဲမှာ ရှယ်ယာတွေရောင်းချဖို့ စီးပွားရေးလုပ်ငန်းရှင်တွေ တိုးကြိတ်နေကြတာဟာ တစ်ချိန်က စစ်အုပ်ချုပ်ရေး စနစ်ကြီးထွားခဲ့တဲ့ မြန်မာနိုင်ငံအတွက် စီးပွားရေး ပြုပြင် ပြောင်းလဲမှုအတွက် ခြေလှမ်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်များစွာ တည်ရှိနေခဲ့တဲ့ စစ်အုပ်ချုပ်ရေးစနစ် အဆုံးသွားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရသစ် အုပ်ချုပ်ရေး မစတင်ခင် မတ် ၂၅ ရက်နေ့မှာပဲ ရန်ကုန်စတော့အိတ်ချိန်း (YSX) ကနေ ပထမဆုံး စတော့ရှယ်ယာဝယ်ယူနိုင်မယ့် ကုမ္ပဏီကို ကြေညာတော့မှာ ဖြစ်ပါတယ်။

စတော့ဈေးကွက် ဖြစ်လာလိမ့်မယ်လို့ အချိန်ကြာကြာ မျှော်လင့် စောင့်စားခဲ့ကြပြီးနောက် ပေါ်ပေါက်လာတဲ့ စတော့ရှယ်ယာ ရောင်းဝယ်မှုက ငွေကြေး အဆင့်သတ်မှတ်မှုမရှိသလို စီးပွားရေးကလည်း အကျင့်ပျက်ချစားမှုတွေ ပြည့်နှက်နေတဲ့ မြန်မာနိုင်ငံရဲ့  ယိုယွင်းနေတဲ့ စီးပွားရေးအတွက် မျှော်လင့်ချက်ရောင်ခြည် တစ်ခုပါပဲ။

ဒါ့အပြင် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံသူတွေအတွက်လည်း ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ သတင်းတစ်ခုဖြစ်ခဲ့တယ်။

ဒါဇင်ပေါင်းများစွာသောလူတွေဟာ သူတို့နဲ့ မရင်းနှီးတဲ့ ရှယ်ယာရောင်းချမှု၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စွန့်စားမှုနဲ့ စတော့ဝယ်ယူရေး လမ်းညွှန်တွေကို သိဖို့အတွက် အပတ်စဉ်တိုင်းလိုလို YSX သင်တန်းတွေ တက်ရောက်ခဲ့ကြပါတယ်။

“စတော့ ရှယ်ယာဈေးကွက်အကြောင်း သင်ရတာ မြန်မာနိုင်ငံကလူတွေအတွက် တော်တော်ကောင်းပါတယ်။ ဒီဟာကနေ ကျွန်တော်တို့ စီးပွားရေးကဏ္ဍအတွက် မျှော်လင့်ချက်သစ်တွေ ရလာမှာပါ”လို့ စီးပွားရေးအကြံပေးတစ်ဦးဖြစ်တဲ့ နွယ်နီစိုးက သင်တန်းတက်နေစဉ်မှာပဲ အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးအောက်မှာ ဆင်းရဲမွဲတေတဲ့ဒဏ်ကို ခံခဲ့ရပြီး နိုင်ငံတွင်းက ဘဏ်တွေဟာလည်း ပဋိပက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒါ့အပြင် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့အရေးယူမှုနဲ့ ဟန်ချက်မညီတဲ့ စီးပွားရေး မူဝါဒတွေကြောင့် ပြည်သူတွေဟာ သူတို့ရဲ့  စုဆောင်းမှုတွေကို ရွှေအဖြစ် ပြောင်းလဲစုဆောင်းခဲ့ကြတယ်။

ဒီလိုအခြေအနေတွေရဲ့  အပြောင်းအလဲက ၂၀၁၁ ခုနှစ်အတွင်း အရပ်သားအဖြစ် ပြောင်းလဲခဲ့တဲ့ အစိုးရ အာဏာရလာချိန်မှာ စတင်ခဲ့ပါတယ်။

နာမည်ကြီး နိုင်ငံခြားဘဏ်တစ်ချို့က နိုင်ငံထဲကို တစ်ဖြည်းဖြည်း ဝင်လာခဲ့ကြပြီး အရင်က ရှုပ်ထွေးခဲ့တဲ့ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေတွေကိုလည်း အသစ်ပြန်လည် ရေးဆွဲနိုင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ နောက်ငါးနှစ်အထိ တစ်နှစ်ကို ရှစ်ရာခိုင်နှုန်း တိုးတက်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုထားပေမယ့် လုပ်ငန်းတွေက ရုန်းကန်နေရဆဲ ဖြစ်တယ်လို့လည်း ပြောထားပါတယ်။

မြန်မာနိုင်ငံရဲ့  အစိုးရသစ်အနေနဲ့လည်း ရင်းနှီးမြုပ်နှံမှုတွေ၊ အလုပ်အကိုင် ဖန်တီးရေးတွေနဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ရနိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့  အားနည်းတဲ့ ကျပ်ငွေ၊ ပြည့်စုံမှုမရှိတဲ့ အခြေခံအဆောက်အဦး၊ မလုံလောက်တဲ့ လျှပ်စစ်နဲ့ စစ်အုပ်ချုပ်ရေးက လျစ်လျူရှုခဲ့တဲ့ ပညာရေးကြောင့် အရေးတကြီး မြှင့်တင်ဖို့လိုနေတဲ့ စွမ်းဆောင်ရည်တွေက လာမယ့်အစိုးရသစ် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေပါပဲ။

တစ်ခုတည်းသော လုပ်ငန်း

YSX ဟာ ကနဦးမှာ လုပ်ငန်းတစ်ခုတည်းနဲ့ပဲ စတင် လည်ပတ်မှာဖြစ်ပါတယ်။ အဲဒီလုပ်ငန်းကတော့ မြန်မာ့လုပ်ငန်းရှင် ဦးသိမ်းဝေ (ခေါ်) Serge Pun ရဲ့ First Myanmar Investment (အက်ဖ်အမ်အိုင်) ဖြစ်ပြီး ပြည်တွင်းရင်းနှီးမြုပ်နှံသူတွေအတွက်ပဲ ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။

စတော့အိတ်ချိန်း ဖွင့်ပေးတာက “မြန်မာနိုင်ငံအတွင်းက ရင်းနှီးမြုပ်နှံသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အကျိုးများစွာဖြစ်ထွန်းစေတယ်”လို့ အက်ဖ်အမ်အိုင်ရဲ့ အမှုဆောင်ဒါရိုက်တာနဲ့ ဘဏ္ဍာရေးအကြီးအကဲ ဦးထွန်းထွန်းကဆိုပါတယ်။

FMI ရဲ့  ညီအစ်မကုမ္ပဏီတစ်ခုဖြစ်တဲ့ Yoma Strategic Holdings ကလည်း စင်ကာပူ စတော့အိတ်ချိန်းမှာ မှတ်ပုံတင်ထားပြီး ရှယ်ယာရှင်ပေါင်း ၆,၈၀၀ ခန့်ရှိတဲ့အတွက် အက်ဖ်အမ်အိုင်အနေနဲ့ ရှယ်ယာ ရောင်းချမှုနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဂျပန်ကျောထောက်နောက်ခံ သီလဝါအထူးစီးပွားရေးဇုံလို စတော့အိတ်ချိန်းမှာ စာရင်းဝင်ဖို့ အတည်ပြုချက်ရထားတဲ့ အခြားလုပ်ငန်းတွေဟာ ၎င်းတို့ရဲ့ နောက်ဆုံး ပြင်ဆင်မှုတွေအတွက် အဆင်သင့် မဖြစ်သေးဘူးလို့ သိရပါတယ်။

YSX အနေနဲ့ စတော့ရှယ်ယာဈေးကွက်အတွင်း ရောင်း၊ ဝယ်ဖောက်ကားဖို့ စတော့အများအပြား ဖန်တီးဖို့လိုပြီး ပွင့်လင်းမြင်သာမှုရှိကာ မျှတတဲ့ စံနှုန်းတွေကိုလည်း သတ်မှတ်ဖို့လိုတယ်လို့ IHS Global Insight ရဲ့ အာရှပစိဖိတ်ဆိုင်ရာ စီးပွားရေးပညာရှင် Rajiv Biswas ကပြောပါတယ်။

“စတော့အိတ်ချိန်းအသစ်တွေကို ရင်းနှီးမြုပ်နှံသူတွေ ယုံကြည်အောင်လုပ်ဖို့လိုပါတယ်။ ဥပမာ ကုမ္ပဏီတွေရဲ့ ရှယ်ယာအရောင်းအဝယ်တွေ ပွင့်လင်းမြင်သာမှုရှိခြင်းလိုမျိုးပေ့ါ။ ဒါ့အပြင် ဈေးကွက်ပျက်ပြားမှုတွေကို ဟန့်တားဖို့ စောင့်ကြည့်ရေး စံနှုန်းတွေသတ်မှတ်သင့်တယ်”လို့ ၎င်းကပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း စတော့ရှယ်ယာဈေးကွက်ဟာ လာမယ့်အစိုးရသစ်နဲ့ ကုမ္ပဏီတွေ စီးပွားရေးတိုးချဲ့ဖို့ ငွေကြေးစိုက်ထုတ်ရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတယ်လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

အနာဂတ်တွင် ရင်းနှီးမြှတ်နှံခြင်း

တစ်ကယ်တော့ စတော့အိတ်ချိန်းရှိခဲ့တာ ဆယ်စုနှစ်များစွာကြာခဲ့ပြီလို့ ဆိုရမှာပါ။

၁၉၉၆ ခုနှစ်အတွင်းက ဂျပန်ကုမ္ပဏီဖြစ်တဲ့ Daiwa Securities နဲ့ ပြည်တွင်းဘဏ်တစ်ခု ပူးပေါင်းပြီး Myanmar Securities Exchange Centre တည်ထေင်ခဲ့ကာ လုပ်ငန်းနှစ်ခုကြား ရှယ်ယာရောင်းချမှုတွေကို ခွင့်ပြုခဲ့ပါတယ်။

“အရင် စစ်အုပ်ချုပ်ရေးခေတ်မှာ ကျွန်တော်တို့ ဘာမှသိပ်မလုပ်နိုင်ခဲ့ကြပါဘူး”လို့ ယခင်စတော့အိတ်ချိန်းက တာဝန်ရှိသူ ဦးသက်ထွန်းဦးက ဆိုပါတယ်။

ယခုလုပ်ခဲ့တဲ့ နှစ်ဦးဖက်စပ် သဘောတူညီမှုကို ၂၀၁၄ ခုနှစ်က လက်မှတ် ရေးထိုးခဲ့တာဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်ဟာ YSX ရဲ့  ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ ကျန်တာတွေကို တစ်ခြား ဂျပန်ပါတနာတွေနဲ့ ခွဲထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

YSX ဟာ သေချာပြန်လည် ပြင်ဆင်ထားတဲ့ ကိုလိုနီခေတ် အဆောက်အဦးမှာဖြစ်ပြီး ရောင်းဝယ်မှုတွေကို စတင်ဖို့ ခေါင်းလောင်းကြီးအပြင် လက်ဆောင်ပစ္စည်းဆိုင်နဲ့ ကော်ဖီဆိုင်လည်း ရှိပါတယ်။

လာမယ့်ငါးနှစ်အတွင်း စတော့အိတ်ချိန်းမှာ လုပ်ငန်းပေါင်း ၃၀ ကနေ ၅၀ ကြား ရှိလာဖို့ တာဝန်ရှိသူတွေက ရည်မှန်းထားပါတယ်။ အစောပိုင်းရင်းနှီးမြုပ်နှံသူတွေဟာ လုပ်ငန်းအတွက်နဲ့ တစ်သီးပုဂ္ဂလအတွက်ဖြစ်ပြီး သူတို့ဟာ စိတ်အားထက်သန်နေကြတယ်လို့ ဦးသက်ထွန်းဦးက ဆိုပါတယ်။

စတော့အိတ်ချိန်းဖွင့်လှစ်ပွဲကို ဒီဇင်ဘာလက ပြုလုပ်ခဲ့ရာမှာ လူပေါင်းများစွာက ရှယ်ယာတွေ ဝယ်ဖို့စောင့်စားနေကြတာကို တာဝန်ရှိသူတွေ အံ့အားသင့်ခဲ့ကြပါတယ်။ တစ်ချို့ ဝယ်ယူမယ့်သူတွေက မြန်မာနိုင်ငံရဲ့  ဒုတိယအကြီးဆုံးမြို့တော် မန္တလေးက ဖြစ်နေတာကို တွေ့ခဲ့ကြရပါတယ်။

ဒီလိုမျိုးစိတ်အားထက်သန်မှုတွေကို YSX ရဲ့ အပတ်စဉ်သင်တန်းမှာ အမြဲပြသနေပါတယ်။

“YSX ဟာ အနာဂါတ်အတွက် အခွင့်အလမ်းပါပဲ”လို့ မကြာသေးခင်က သင်တန်းတက်ခဲ့တဲ့ စီးပွားရေးအကြံပေးဖြစ်သူ ဦးသန်းဝင်းက ပြောကြားခဲ့ပါတယ်။

ရဲထွဋ္ဋ်သိန်း ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.