ရန်ကုန်စတော့အိပ်ချိန်းက ရင်ဆိုင်လာရမည့် စိန်ခေါ်မှုအသစ်များ

စတော့အိပ်ချိန်း စာရင်းဝင်ဖြစ်ရေးအတွက် ကုမ္ပဏီများက ပြင်ဆင်ချိန်တွင် ကုမ္ပဏီများ၏ ပိုင်ဆိုင်မှု ပုံသဏ္ဍာန်နှင့် နိုင်ငံတော်သို့ အခွန်ပေးဆောင်ခဲ့သည့် မှတ်တမ်းကဲ့သို့သော အမွေခံပြသနာများကြောင့် မြန်မာကုမ္ပဏီများ ခေါင်းခဲနေကြရသည်

သောမတ်စ် ကင်းန် ရေးသားသည်။

ရန်ကုန်စတော့အိပ်ချိန်းကို စတင်တည်ထောင်လိုက်ချိန်တွင် မြန်မာကုမ္ပဏီများက စတော့အိပ်ချိန်း စာရင်းဝင်ဖြစ်ရန် အလုအယက် ကြိုးစားခဲ့ကြသည်။ စတော့ဈေးကွက် စာရင်းဝင် ကုမ္ပဏီဖြစ်လျှင် ကုမ္ပဏီ၏ အနာဂတ်အတွက် ငွေအရင်းအနှီးများ ရရှိနိုင်ပြီး ကုမ္ပဏီရှယ်ယာပိုင်ရှင်များအနေဖြင့် ငွေပေါ်ငွေဖြစ်ရန် လွယ်ကူသွားမည်ဖြစ်သည်။ စာရင်းဝင်ဖြစ်သွားသော ကုမ္ပဏီနှစ်ခု၏ အောင်မြင်မှုကြောင့်လည်း စတော့ဈေးကွက်အပေါ် စိတ်ဝင်စားမှုများ တိုးလာသည်။

သို့သော် ကျန် ကုမ္ပဏီများအတွက် စတော့ဈေးကွက် စာရင်းဝင်ဖြစ်ရေးမှာ ခက်ခဲကြမ်းတမ်းပြီး ငွေကုန်ကြေးကျလည်း အလွန်များနိုင်ပေသည်။ မကြာမီနှစ်များအတွင်း စတော့ဈေးကွက်ဝင် ကုမ္ပဏီဖြစ်ရန် ရည်မှန်းပြီး စတင်တည်ထောင်ခဲ့သော ကုမ္ပဏီအချို့ရှိသည်။ ထိုအထဲတွင် မြန်မာသီလဝါ အထူးစီးပွားရေးဇုန်ဦးပိုင်ကုမ္ပဏီ  (MTSEZH) မှာ အထင်ရှားဆုံး ဖြစ်သည်။ သို့သော် မြန်မာ့စီးပွားရေး အင်ပါယာအများစုမှာ ပုဂ္ဂလိကပိုင်အနေဖြင့် လွန်ခဲ့သော ၂၅ နှစ် အတွင်း ကြီးထွားလာခဲ့ကြခြင်းဖြစ်ရာ အများပြည်သူက ယုံကြည်လောက်သော စတော့ဈေးကွက်ဝင် လုပ်ငန်းတစ်ခုဖြစ်ရန် လိုအပ်သော စံနှုန်းများ ပြည့်မီရေးအတွက် လုပ်ဆောင်ရမည့် ကိစ္စများကို အနည်းငယ်မ ျှပင် မတွေးခဲ့ကြပေ။ ထို့ကြောင့် ယခုအချိန်တွင် ခေါင်းခဲစရာများကို ကြုံတွေ့နေကြရပြီ ဖြစ်သည်။

မေ ၂၅ ရက်နေ့က ရန်ကုန်မြို့၌ ပြုလုပ်သော IPO Summit ဆွေးနွေးပွဲတွင် အခွန်လုပ်ငန်းဆိုင်ရာ အကြံပေးလုပ်ငန်းဖြစ်သည့် VDB Loi ၏ လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်သူ Mr. Edwin Vanderbruggen က ဥပမာဖြစ်ရပ်အမျိုးမျိုး ရှိသည့်အနက် ဦးပိုင်ကုမ္ပဏီတစ်ခုအကြောင်းကို အကြမ်းအားဖြင့် ရှင်းပြသွားသည်။ ထိုဦးပိုင်ကုမ္ပဏီတွင် လက်အောက်ခံ ကုမ္ပဏီခွဲ အများအပြားရှိရာ အချို့မှာ အမြတ်အစွန်းများရလျှက်ရှိပြီး အချို့မှာ အရှုံးပေါ်နေသည်။ ထိုဦးပိုင်ကုမ္ပဏီကို စတော့အိပ်ချိန်းတွင် စာရင်းဝင်သင့်ပါသလား။ အရှုံးပေါ်နေသော ကုမ္ပဏီခွဲများကို ဖျက်သိမ်းသင့်ပါသလား။ ဦးပိုင်ကုမ္ပဏီက စာရင်းတင်ချင်သော ကုမ္ပဏီခွဲလေးများကို အများပိုင်ကုမ္ပဏီသစ်တစ်ခုအဖြစ် ပြန်ဖွဲ့စည်းသင့်ပါသလား။

ယခုမေးခွန်းများကို ရုတ်တရက်ကြည့်ပါက အဖြေမှာ လွယ်လွယ်လေးဟု ထင်ရသော်လည်း မည်သည့်လမ်းကို ရွေးချယ်သည်ဖြစ်စေ ပြဿနာများက ရှိနေသည်။ အထူးသဖြင့် အခွန်ပြဿနာပင် ဖြစ်သည်။ ကုမ္ပဏီကို စာရင်းဝင်ဖြစ်ရန်အတွက် လျှောက်ထားမည်ဆိုလျှင် ဖွင့်ထုတ်ဖော်ပြရမည့် အချက်အလက်များတွင် အတိတ်နှစ်များက ကုမ္ပဏီက ပေးဆောင်ခဲ့သော အခွန်မှတ်တမ်းစာရင်းကို တင်ပြရမည်ဖြစ်သည်။ ထိုဖွင့်ထုတ်ဖော်ပြချက်ကို သက်ဆိုင်ရာ အခွန်အရာရှိများက ကြည့်ရှုစစ်ဆေးခွင့်ရှိသည်။ ကျသင့်သောအခွန်ကို နိုင်ငံတော်ထံ မှန်မှန်ကန်ကန် ထမ်းဆောင်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိလျှင် စုံစမ်းစစ်ဆေးခွင့် ရှိသည်။

“ကုမ္ပဏီတစ်ခုကို ပုံစံသစ်နဲ့ ပြန်လည်ဖွဲ့စည်းရတာက ပျော်စရာအလုပ်လို့ ထင်ရပေမယ့် ငွေကုန်ကြေးကျ အလွန်များပါတယ်” ဟု Vanderbruggen က ပြောသည်။

မြေပိုင်ဆိုင်မှုကလည်း အဓိကပြဿနာတစ်ခု ဖြစ်သည်။ မြေပိုင်ဆိုင်မှုကို ကုမ္ပဏီပိုင်မြေအဖြစ် မှတ်ပုံတင်ထားလေ့ မရှိကြသောကြောင့်ဖြစ်သည်ဟု ၎င်းက Frontier ကို ပြောသည်။

“မြေကို ကုမ္ပဏီနာမည်နဲ့ မထားကြပဲ ကုမ္ပဏီပိုင်ရှင်ရဲ့  နာမည်နဲ့သာ ထားကြပါတယ်။ ဒါပေမယ့် ဒီမြေပေါ်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုတော့ ကုမ္ပဏီပိုင် ငွေတွေနဲ့ပဲ လုပ်ကြတယ်။ ဒီတော့ ဆောက်လိုက်တဲ့ အဆောက်အဦးက မြေပိုင်ရှင်ရဲ့  အဆောက်အဦးဖြစ်သွားပြီး ကုမ္ပဏီပိုင်ပစ္စည်း မဟုတ်တော့ဘူး။ ပိုင်ရှင်ပြောင်းလိုက်ရင် ပြဿနာပေါ်လာမယ်။ ဒီအမွေခံ ပြဿနာတွေက ကုမ္ပဏီတွေ ရင်ဆိုင်နေကြရတဲ့ အရေးကြီးဆုံး ပြဿနာပဲ” ဟု ၎င်းက ပြောသည်။

“မြန်မာနိုင်ငံမှာ အခွန်ပေးဆောင်ခဲ့တဲ့ မှတ်တမ်းကို ထုတ်မပြရဲကြတာက အဓိက ပြဿနာ ဖြစ်နေတယ်။ အရင်တုန်းကတော့ သူတို့က စီးပွား ဘယ်လိုရှာရမယ်ဆိုတာလောက်သာ သိကြပြီး နိုင်ငံကို ဘယ်လို အခွန်ထမ်းဆောင်ရမယ်ဆိုတာ လုံးဝမသိခဲ့ကြဘူး” ဟု IPO Summit ဆွေးနွေးပွဲတွင် ပါဝင်သော အခြားပုဂ္ဂိုလ်တစ်ဦးက ပြောသည်။

ယခုတော့ ရန်ကုန်အိပ်ချိန်းနှင့် အိပ်ချိန်းကော်မရှင်က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ အတိုင်း လိုက်နာ၍ ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင်နိုင်သည်မှာ သီလဝါနှင့် FMI ကုမ္ပဏီနှစ်ခုသာ ရှိသေးသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာဈေးများ အတက်က ပြင်းထန်လွန်းသော်လည်း ဝယ်ယူ ရင်းနှီးလိုသူများ၏ တုန့်ပြန်မှုကတော့ အကောင်းဘက်မှာ ရှိနေသည်။

သို့သော် ကုမ္ပဏီက အရင်းအနှီး ငွေကြေးပိုမိုရရှိလို၍ ရှယ်ယာသစ်များ ထုတ်ရောင်းလျှင် ကုမ္ပဏီ၏ ကြံ့ခိုင်မှုကို ပို၍စမ်းသပ်ခံရပေလိမ့်မည်။ မကြာမီကမှ စတင်တည်ထောင်လိုက်သော YSX ကိုယ်၌ကပင်လျှင် မသေချာ မရေရာသော စွန့်စားရမှုများ ရှိနေသည်။

ဖွင့်ထုတ်ဖော်ပြမှုမရှိသဖြင့် ဝယ်ယူသူတို့၏ ယုံကြည်မှု နည်းပါးလာပြီး ဈေးကွက်၏ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည်။ ပထမဆုံး စာရင်းဝင်ဖြစ်သွားသော ကုမ္ပဏီနှစ်ခုမှာ မူလက အများပိုင် ကုမ္ပဏီအဖြစ်မှ အများပိုင် စတော့ဈေးကွက် စာရင်းဝင်ကုမ္ပဏီအဖြစ် ကူးပြောင်းခဲ့ခြင်းဖြစ်၍  ကုမ္ပဏီ၏ သတင်းအချက်အလက် ဖော်ထုတ်ဖွင့်ပြမှုများမှာ အထိုက်အလျောက် ပွင့်လင်းသည်ဟု ဆိုနိုင်သည်ဟု မလေးရှားအခြေစိုက် BDO Charterd Accountants မှ Mr. Dato Gan Ah Tee က ပြောသည်။

“အရင်းအနှီး မြှင့်လိုရင် နောက်ထပ် အများကြီး လိုဦးမယ်။ ရင်းနှီးမြုပ်နှံံလိုသူတွေထံက ငွေကို လိုချင်ရင် တာဝန်တွေလည်း ယူရမှာပဲ။ ကုမ္ပဏီရဲ့ အရင်က လုပ်ဆောင်ခဲ့တဲ့ သမိုင်းကြောင်းနဲ့တင် ဆိုင်တာမဟုတ်ဘူး။ ကုမ္ပဏီရဲ့  အနာဂတ် အမြတ်အစွန်း ရရှိနိုင်မှု၊ အလားအလာ၊ ခွဲဝေရရှိနိုင်မယ့် အကျိုးအမြတ်၊ တတိယအဖွဲ့အစည်းတွေနဲ့ ငွေပေးချေမှု အစရှိတာတွေနဲ့ ဆိုင်တယ်” ဟု ၎င်းက ပြောသည်။

ဝယ်ယူရင်းနှီးလိုသူများ၏ စိတ်ဆန္ဒကလည်း သိပ်မသေချာဟု Underwriter KBZ Stirling Coleman Securities မှ Equity Capital Markets ၏ ပူးတွဲ အကြီးအကဲဖြစ်သူ Mr. Yap Yeong Keen ကပြောသည်။

“စာရင်းဝင်မဟုတ်သေးတဲ့ အများပိုင်ကုမ္ပဏီတွေရဲ့ မကြာမီနှစ်များအတွင်းက အောင်မြင်မှုတွေက အောင့်အီးမြိုသိပ်ထားခဲ့ရတဲ့ ဝယ်လိုအားကို သက်သေခံနေတာပါပဲ” ဟု ၎င်းကပြောသည်။

“မြန်မာနိုင်ငံမှာ ငွေတွေအများကြီး စုပြုံကိုင်ထားပြီး ရင်းနှီးမြှုပ်နှံစရာ နေရာမရှိတဲ့ လူတွေအများကြီး ရှိနေတယ်ဆိုတာ ပြနေတာပဲ”ဟု ၎င်းက ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.