အခွင့်အရေးသစ်ကို ကိုယ်ကျိုးမသုံးရန် စီးပွားရေးလုပ်ငန်းရှင်များအား ဒေါ်အောင်ဆန်းစုကြည် သတိပေး

အောက်တိုဘာ ၂၂

ယခုအစိုးရလက်ထက်မှာ ပေါ်ပေါက်လာတဲ့  စီးပွားရေးဆိုင်ရာ အခွင့်အလမ်းကောင်းတွေကို ကိုယ်ကျိုး၊ ကိုယ့်အဖွဲ့အစည်းအကျိုးအတွက်သာ ကြည့်ပြီး မသုံးစွဲဖို့နဲ့ ဖြောင့်ဖြောင့်မတ်မတ် လုပ်ကိုင်ဆောင်ရွက်ကြဖို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်ပြီးနောက် ရက်သတ္တပတ် နှစ်ပတ်ကျော်အကြာမှာ နေပြည်တော်က အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ-၂ မှာ ဒီနေ့ ပြုလုပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများနဲ့ တွေ့ဆုံပွဲမှာ သူက ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“အခုလို ပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်တဲ့အခါမှာ ကျွန်မတို့ စီးပွားရေးလုပ်ငန်းရှင်ကြီးများဟာ ရလာတဲ့ အခွင့်အရေးသစ်ကို နိုင်ငံ့အတွက် သုံးမှာလား၊ ကိုယ်ကျိုးအတွက်သုံးမှာလားဆိုတာ အားလုံးကြည့်နေပါတယ်ဆိုတာ ကျွန်မ သတိပေးပါရစေ”လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်ရာမှာ စီးပွားရေးလုပ်ငန်းရှင်တွေဖက်က ဝိုင်းဝန်းကူညီကြပါဆိုတဲ့ သူ့ဆန္ဒကို ထုတ်ဖော်ပြောဆိုဖို့အတွက် ယခု တွေ့ဆုံပွဲကို စီစဉ်လိုက်တာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် အရင်က ဘယ်လိုနည်းနဲ့ပဲ ကြွယ်ဝချမ်းသာအောင် လုပ်ခဲ့လုပ်ခဲ့၊ ယခုအချိန်မှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ တရားဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ဖို့လိုသလို အစိုးရဖက်ကလည်း တရားဥပဒေနဲ့ အညီ ကာကွယ် စောင့်ရှောက်ပေးသွားမှာ ဖြစ်တယ်လို့ သူက သတင်းစကား ပါးလိုက်ပါသေးတယ်။

“တရားဥပဒေစိုးမိုးရေးရှိတဲ့ နိုင်ငံဆိုလို့ရှိရင် ရင်းနှီးမြှပ်နှံမှုတွေ ဖိတ်ခေါ်ဖို့ဟာ အခက်အခဲရှိမှာ မဟုတ်ပါဘူး”လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ တရားဥပဒေစိုးမိုးရေးဆိုတာ အားလုံးအတွက် လုံလုံခြုံခြုံ ယုံယုံကြည်ကြည်နဲ့ အောင်မြင်ဖို့အတွက် လုပ်ပေးနိုင်မယ့် မူဘောင်တစ်ခုချခြင်းဖြစ်လို့ အဂတိလိုက်စားမှုတွေ ပပျောက်အောင် အစိုးရ၊ ပြည်သူ၊ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးချင်းတစ်ဦးချင်းကနေ ဝိုင်းဝန်းကူညီကြဖို့ကိုလည်း သူက ပန်ကြားခဲ့ပါတယ်။

ယခင် စစ်အစိုးရအစိုးရလက်ထက်မှာတုန်းက ဆောက်လုပ်ရေးလုပ်ငန်းတွေ အဓိကလုပ်ကိုင်တဲ့ တော်ဝင်မိသားစုကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေးကတော့ စီးပွားရေးလုပ်ငန်းရှင်တွေကို တရားဥပဒေရဲ့ အောက်မှာနေပါ၊ စောင့်ရှောက်မယ် လို့ပြောတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့  အမှာစကားအပေါ် ကျေနပ်ကြောင်း ပြောပါတယ်။

“စီးပွားရေးလုပ်ငန်းကို လုပ်တဲ့နေရာမှာ ဘယ်သူသေသေငတေမာရင်ပြီးရော လုပ်သူတွေကိုတော့ ဥပဒေနဲ့အညီ တားဆီးရမယ်။ ဒါကြောင့်မိုလို့ တရားဥပဒေစိုးမိုးရေးကို လုပ်မယ်ဆိုတာကို အရမ်းသဘောကျပါတယ်” လို့ သူကဆိုတယ်။

အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ခံခဲ့ရသူတစ်ဦးဖြစ်တဲ့ ဇေကမ္ဘာ ဦးခင်ရွှေကတော့ ပိတ်ဆို့မှုတွေ လွတ်ကင်းအောင်စွမ်းဆောင်ပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အထူးကျေးဇူးတင်ကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ Frontier ကို ပြောတယ်။

“ခရိုနီလို့ပြောကြတဲ့ လူ ၃၀၊ ၄၀ လောက်ပေါင်းတာတောင်မှ နိုင်ငံတကာက သူဌေးတစ်ယောက်ကို မမီနိုင်သေးဘူး။ အဲဒါကို ခရိုနီ ခရိုနီနဲ့ ပိတ်ပင်မယ့်အစား ဒေါ်အောင်ဆန်းစုကြည်ပြောသလို ရှိတဲ့ပိုက်ဆံနဲ့ လမ်းကြောင်းမှန်ပေါ်တက်ပြီး နိုင်ငံတော် တိုးတက်ရာတိုးတက်ကြောင်း ပူးပေါင်းဆောင်ရွက်ကြမယ်” လို့ ဦးခင်ရွှေက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့အချိန်ဟာ ခေတ်သစ်တစ်ခုကို အစပျိုးခြင်းဖြစ်တယ်ဆိုတာနဲ့ လမ်းသစ်ပေါ် ရောက်နေပြီဆိုတဲ့ စကားတွေကို တွေ့ဆုံပွဲမှာ ထပ်တလဲလဲ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “ကူညီပေးချင်တဲ့ မိတ်ဖက်များ၊ အဖွဲ့အစည်းများ၊ အလှူရှင်များ အားလုံးစုပေါင်း ဆွေးနွေးနိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဖွဲ့လို့ပြီးပါပြီ။ အသေးစိတ် ဘယ်လိုလုပ်မလဲဆိုတာ ထပ်ပြောပါမယ်” လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစကား ပါးလိုက်ပါသေးတယ်။

အဲဒီအဖွဲ့ကို သူက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်မှာဖြစ်ပြီး တစ်ယောက်တစ်ပေါက် လုပ်ခြင်းထက် အားလုံး တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းလုပ်ဆောင်ခြင်းဟာ ပိုမို အရာရောက်နိုင်တာကြောင့် အခုလို စီစဉ်ရတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“နိုင်ငံရဲ့ အဓိကလိုအပ်ချက်က ဘာလဲ။ ဘယ်တွေမှာ တိုးတက်ဖို့လိုလဲ။ ရင်းနှီးမြှပ်နှံမှုတွေက ဘယ်ဖက်ကို သွားဖို့လိုလဲ။ အလှူရှင်တွေရဲ့ ပံ့ပိုးမှုတွေဟာ ဘယ်ကဏ္ဍကို သွားဖို့လိုလဲ ဆိုတာ အားလုံး မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ဖို့ အရေးကြီးပါတယ်။ ရသမျှ အကူအညီများ အထိရောက်ဆုံးဖြစ်အောင်ပါ” သူက ပြောတယ်။

ဒီကနေ့တွေ့ဆုံပွဲကို ခရိုနီလို့ နာမည်ကျော်ခဲ့ပြီး အမေရိကန်ရဲ့  စီးပွားရေးပိတ်ဆို့မှုကနေ အောက်တိုဘာ ၇ ရက်ကမှ လွတ်မြောက်လာကြတဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အတော်များများ ပါဝင်တက်ရောက်ခဲ့ပေမယ့် အားလုံးလိုလိုက မီဒီယာတွေကို သဘောထားမှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ကြပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.