“အာဆီယံကပေးတဲ့ အခွင့်အလမ်းတွေကို ရယူလိုက်ပါ” – AirAsia စီအီးအို

ဖနွမ်းပင်၊ မေ ၁၁

“အာဆီယံကပေးတဲ့ အခွင့်အလမ်းတွေကို ရယူလိုက်ပါ။”  

အဆိုပါစကားမှာ AirAsia တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာတိုနီဖာနန်ဒက်စ်ထံမှ လာသည့် သတင်းစကား ဖြစ်သည်။ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုတွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ခုတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“အမျိုးမျိုး ကွဲပြားခြားနားနေခြင်းက ကျွန်တော်တို့ရဲ့ အင်အားလို့ ကျွန်တော်ထင်တယ်” ဟု ၎င်းကပြောသည်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် မေ ၁၀ ရက်နေ့က စတင်ကာ ၁၂ ရက်နေ့အထိ ကျင်းပနေသည့် အာဆီယံဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ပထမနေ့ ဆွေးနွေးမှုတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။

“အာဆီယံအတွင်းမှာ အများကြီး အမျိုးစုံနေတာ တွေ့ရတယ်။ ယဉ်ကျေးမှု ကြွယ်ဝတယ်။ ကုမ္ပဏီတစ်ခုအနေနဲ့ ကျွန်တော်တို့က ဒါကို အသုံးချ အမြတ်ထုတ်နေတာ ဖြစ်တယ်” ဟု ၎င်း၏ လေကြောင်းလိုင်းနှင့် ပတ်သက်၍ ၎င်းက ပြောကြားခဲ့သည်။ ထိုလေကြောင်းလိုင်းကို ၂၀၀၁ ခုနှစ်တွင် မလေးရှားအစိုးရထံမှ ၎င်းက ဝယ်ယူခဲ့ခြင်းဖြစ်သည်။

စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာ ဖြစ်ထွန်းလာစေရန် ဒေသတွင်းအစိုးရများအနေဖြင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးများ ထူထောင်ကြရန်လည်း ၎င်းကတောင်းဆိုခဲ့သည်။ အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် အာဆီယံအဖွဲ့သည် ယခုနှစ်တွင် နှစ် ၅၀ ပြည့်ပြီဖြစ်သည်။

“အလားအလာက အလွန်ပဲကြီးမားပါတယ်။ အာဆီယံနိုင်ငံတွေဟာ အမျိုးသားရေးဝါဒလို အရာတွေအပေါ် အရမ်း စိုးရိမ်မှုမရှိဘဲ ပြည်သူတွေကို ပထမဦးစားပေးနေရာထားလိုက်ရင် လူတိုင်းက အကျိုးခံစားရမှာပါ” ဟု ဖာနန်ဒက်စ်က ဆိုသည်။

တိုးတက်သောနည်းပညာက ကွဲပြားခြားနားသော လူ့အဖွဲ့အစည်းများအကြား ယုံကြည်မှုကို အားပေးမြင့်တင်ရန်နှင့် အမုန်းစကားအား ချေဖျက်ရာတွင် အရေးပါနိုင်ကြောင်းကို ကမ္ဘောဒီးယားနည်းပညာတက္ကသိုလ်တွင် ကျင်းပခဲ့သည့် အဆိုပါဆွေးနွေးပွဲတွင် မြန်မာအရေး တက်ကြွလှုပ်ရှားသူ မဝေဝေနုက မီးမောင်းထိုးပြောကြားခဲ့သည်။

“နည်းပညာကို အခွင့်အလမ်းတစ်ခုအနေနဲ့ ကျွန်မတို့ သဘောထားပြီး အခြားသူတွေကို စည်းရုံးလှုံ့ဆော်ဖို့ အသုံးပြုရမယ်” ဟု ၎င်းက တက်ရောက်လာသူများကို ပြောကြားခဲ့သည်။

“အရင်တုန်းကတော့ ကျွန်မတို့ ခေါင်းဆောင်တွေဖြစ်တဲ့ စီးပွားရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေဟာ မိန့်ခွန်းပြောတာနဲ့ စာရေးသားတာတွေလို အလွန်ကို ပုံစံကျ ဘောင်ခတ်ထားတဲ့ လမ်းကြောင်းတွေကိုပဲ အသုံးပြုရပါတယ်။ အခုတော့ နည်းပညာဖွံ့ဖြိုးလာတာကြောင်း အရမ်းကို လွယ်ကူသွားပါပြီ။ ချက်ချင်းတုံ့ပြန်ဖို့နဲ့ ကျွန်မတို့ရဲ့ လူမှုအသိုင်းအဝိုင်းအတွက် တာဝန်ယူဖို့ အခြားသူတွေကို စည်းရုံးလှုံ့ဆော်ရာမှာ နည်းပညာကို ကျွန်မတို့ အသုံးပြုနိုင်ပါပြီ” ဟု ၎င်းကပြောကြားသည်။

သတင်း-အိုလီဗာ ဆလိုး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.