ရှောင် ဂလေစင် ရေးသားသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံးဆောက်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုက မန္တလေးတိုင်းဒေသကြီးရှိ ဘိလပ်မြေစက်ရုံတစ်ခုအား ချဲ့ထွင်သည့် လုပ်ငန်းတွင် ဝင်ရောက် ရင်းနှီးမြုပ်နှံခြင်းမပြုရန် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း International Finance Corporation (IFC) အား ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်း ၂၀၀ ခန့်က တိုက်တွန်းလိုက်သည်။
မိတ္ထီလာမြို့အရှေ့ဘက် ကီလိုမီတာ ၂၀ အကွာ သာစည်မြို့ရှိ ရွှေတောင်ဘိလပ်မြေစက်ရုံကို တိုးချဲ့ရေးအတွက် အမေရိကန် ဒေါ်လာသန်း၂၀ ချေးရန်နှင့် ဒေါ်လာ၁၅ သန်း ရှယ်ယာထည့်ဝင်ရန် ကမ္ဘာ့ဘဏ်၏ လက်အောက်ခံအဖွဲ့တစ်ခုဖြစ်သည့် IFC က စဉ်းစားလျက်ရှိသည်။
ကျောက်မီးသွေးစီမံကိန်းများအတွက် ငွေကြေးပံ့ပိုးမှု မပြုလုပ်ဟူသည့် ကမ္ဘာ့ဘဏ်၏ ၂၀၁၆ ခုနှစ်၊ မတ်လက ကတိပြုခဲ့မှုကို ကိုးကား၍ အဆိုပါရင်းနှီးမြုပ်နှံမှုကို ပယ်ချရန် အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်း ၁၇၄ ဖွဲ့က ပြီးခဲ့သည့် ရက်သတ္တပတ်က ထုတ်ပြန်သော ကြေညာချက်တစ်ခုတွင် IFC ကို တောင်းဆိုခဲ့သည်။
“သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနဲ့ ရာသီဥတုအပေါ် ဆိုးကျိုးသက်ရောက်မှုတွေရှိတဲ့အတွက် မြန်မာနိုင်ငံမှာ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေမှာ ဘဏ္ဍာရေးထောက်ပံ့မှုမလုပ်ဖို့ ကမ္ဘာ့ဘဏ်က ကတိပြုထားတဲ့အတွက် ဘာကြောင့် IFC က ဒီစီမံကိန်းကို ငွေကြေးထောက်ပံ့ဖို့ စဉ်းစားနေသလဲဆိုတာ မရှင်းပါဘူး” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ကြေညာချက်ပါ ပြောဆိုချက်အများအပြားမှာ မှန်ကန်မှုမရှိဘဲ ကြေညာချက်မထုတ်မီ အရပ်ဖက် အဖွဲ့အစည်းများအနေဖြင့် IFC ကိုမဆက်သွယ်သည့်အတွက် စိတ်ပျက်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ IFC ၏ မန်နေဂျာ မစ္စတာ ဗစ်ကရမ်ကူးမားရ်က Frontier ကို ပြောသည်။
IFC က စီမံကိန်းနှင့်ပတ်သက်၍ သင့်လျော်သည့် ကြိုးပမ်းအားထုတ်မှုများရှိပြီး စက်ရုံမှာ နောက်ဆုံးပေါ် နည်းပညာသုံး အဆင့်မြင့်စက်ရုံဖြစ်သဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ကြောင်းလည်း ၎င်းကပြောကြားသည်။
“ဘိလပ်မြေစီမံကိန်းတွေအတွက် ကျွန်တော်တို့က ငွေကြေးမထောက်ပံံ့သင့်ဘူးဆိုတဲ့ အမြင်တစ်ခုရှိနေတာ ကျွန်တော်တို့ အတော်ကလေး စိတ်ပျက်မိပါတယ်။ မြန်မာနိုင်ငံအတွက် ဒီဘိလပ်မြေကဏ္ဍက လာမယ့်နှစ်အနည်းငယ်အတွင်း အလွန်အရေးပါလာလိမ့်မယ်လို့ ကျွန်တော်တို့ အလေးအနက်ယုံကြည်မိပါတယ်” ဟု ၎င်းကပြောသည်။
စက်ရုံ၏ မီးသင်းဖိုများအတွက် လောင်စာအဖြစ် ကျောက်မီးသွေးအသုံးပြုခြင်းကိုလည်း ကူးမားရ်က ကာကွယ်ပြောဆိုခဲ့ပြီး တစ်ခုတည်းသော ရွေးချယ်စရာလောင်စာဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။ ကမ္ဘာ့ဘဏ်အုပ်စု၏ ပေါ်လစီများမှာ ပင်မဓါတ်အားလိုင်းကို ပံ့ပိုးပေးသည့် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံများတွင် ရင်းနှီးမြုပ်နှံမှုကိုသာ ပိတ်ပင်ခြင်းဖြစ်ကြောင်းလည်း အသိပေးခဲ့သည်။
“ဒီဘိလပ်မြေစီမံကိန်းလို စက်မှုလုပ်ငန်းသုံးအတွက် ကျောက်မီးသွေးဓါတ်အားသုံးကိစ္စကို ကျွန်တော်တို့ပေါ်လစီက ကန့်သတ်မထားပါဘူး”ဟု ၎င်းကပြောသည်။ “ကုမ္ပဏီကလည်း ကဏ္ဍအားလုံးမှာ အကောင်းဆုံးရနိုင်တဲ့နည်းပညာကို သုံးဖို့ ကတိပြုထားပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ဒါက မြန်မာနိုင်ငံမှာ အကောင်းဆုံး ကျောက်မီးသွေးစက်ရုံပါ။ တခြားစက်ရုံတွေထက် အများကြီး ပိုပြီးကောင်းမွန်ပါတယ်” ဟု ၎င်းကဆိုသည်။
IFC ဘုတ်အဖွဲ့ဆုံးဖြတ်ချက်အား ဇွန် ၈ ရက်နေ့ ထုတ်ပြန်မည်ဟု မျှော်လင့်ခဲ့သော်လည်း နောက်ထပ် ညိနှိုင်းမှုများ ပြုလုပ်နေ၍ နောက်ဆုတ်ခဲ့သည်ဟုလည်း ၎င်းကပြောသည်။
ဒေါ်လာသန်း ၁၁၀ တန် တိုးချဲ့မှုကြောင့် စက်ရုံ၏ ဘိလပ်မြေကြိတ်အားမှာ တစ်နေ့လျင် တန်ချိန် ၂,၈၀၀ မှ ၇,၂၀၀ အထိ ရောက်ရှိလာမည်ဖြစ်ပြီး တစ်ဆက်တည်းရှိနေသည့် ထုံးကျောက်တွင်းတစ်ခုကို တိုးချဲ့ခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၅ စတုရန်းကီလိုမီတာကျယ်သည့် ကျောက်မီးသွေးတွင်းတစ်ခု တူးဖော်မှုခြင်းတို့အတွက် စီမံကိန်းများလည်း ပါဝင်သည်။
၂၀၁၀ ပြည့်နှစ်တွင် စက်ရုံတည်ဆောက်ကတည်းက မြေယာအငြင်းပွားများစွာရှိခဲ့သည်ကို ကိုးကားလျက် အဆိုပြုချက်မှာ IFC ၏ ရင်းနှီးမြုပ်နှံမှုစံများစွာဖြင့် လိုအပ်ချက်ရှိနေသည်ဟု ကြေညာချက်တွင် ဖော်ပြသည်။ ထို့အပြင် မြေယာပျက်စီးမှု၊ စက်ရုံကြောင့် ဂေဟဗေဒအပေါ်ထိခိုက်မှုတို့ရှိသည်ဟု မကျေမနပ်ပြောသည့် လယ်သမားများကိုလည်း တရားရေးစီရင်ရေးကို အသုံးပြု ဒဏ်ခတ်နေသည်ဟုလည်း ဆိုသည်။
မည်သည့်နိုင်ငံတကာရင်းနှီးမြုပ်နှံမှုအတွက်မဆို ထိခိုက်ခံရသည့် လူ့အသိုင်းအဝိုင်းများ၏ လွတ်လပ်ပြီး ကြိုတင်အသိပေးထားရသည့် သဘောတူညီချက်ရရှိရန် IFC က လိုအပ်သော်လည်း စက်ရုံကိုယ်စားလှယ်များနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုဆိုင်ရာ ညိနှိုင်းဆွေးနွေးပွဲများမှာ အဓိပ္ပါယ်မရှိဘဲ ယင်းကိုယ်စားလှယ်များက စီမံကိန်း၏ အိမ်နီးချင်းများဖြင့် အနည်းဆုံးသော အတိုင်းအတာဖြင့်သာ ထိတွေ့မှု ပြုလုပ်ခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြသည်။
လုပ်ငန်းချဲ့ထွင်မှုအဆိုပြုချက်နှင့် ပတ်သက်ကာ လူထုညိနှိုင်းဆွေးနွေးပွဲများပြုလုပ်စဉ် ရွာသားအချို့က ငါးမိနစ်ကြာ အမေးအဖြေ ကြားနာစစ်ဆေးမှုတစ်ခုပြုလုပ်ရန် တင်ပြခဲ့ကြကြောင်း ကြေညာချက်တွင် ဖော်ပြသည်။ ထိုသို့ပြုလုပ်ခြင်းက ရွှေတောင်နှင့် IFC ၏ လူမှုရေး အလွဲသုံးစားလုပ်မှုကို လျှော့ချပေးသည်ဆိုသည်။
ကြေညာချက်ပါ စွပ်စွဲချက်များမှာ ဆိုးဆိုးဝါးဝါးမှားယွင်းနေသည်ဟု ကူးမားရ်က ဆိုသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ NGO တစ်ခုနှင့်အတူ ဂုဏ်သိက္ခာရှိ ကျော်ကြားသည့်ပြည်ပအတိုင်ပင်ခံကုမ္ပဏီ ERM ကပြုလုပ်ခဲ့သော သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးအပေါ်သက်ရောက်မှုဆိုင်ရာ အကဲဖြတ်ချက်ကို ပြုလုပ်ပြီးစီးရန် ခြောက်လ အချိန်ယူခဲ့ရပြီး ကျယ်ပြန့်သည့် ညိနိုင်းဆွေးနွေးပွဲများလည်း ပါဝင်ခဲ့သည်ဟု ၎င်းကပြောသည်။ IFC အနေဖြင့် စီမံကိန်းအကဲဖြတ်ချက်ကို ၎င်းတို့ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ဖော်ပြထားတာနဲ့ ဆန့်ကျင်နေတာကတော့ အင်တာဗျူးခဲ့တဲ့ ရွာသားအားလုံးက စီမံကိန်းကို ချွင်းချက်မရှိ ထောက်ခံတယ်။ ကုမ္ပဏီရဲ့ လူမှုအသိုင်းအဝိုင်းကို ထောက်ကူတဲ့ လုပ်ရပ်တွေကို တန်ဖိုးထားပါတယ်” ဟု ၎င်းကဆိုသည်။
ရွှေတောင်အုပ်စုကို ယခင်ဘဏ်လုပ်ငန်းရှင်ကြီး ဦးအိုက်ထွန်းက ၁၉၉၀ ပြည့်နှစ်တွင် အိုလံပစ်ဆောက်လုပ်ရေးကုမ္ပဏီအဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရွှေတောင်သည် မြန်မာနိုင်ငံ၏ ထိပ်တန်း ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်လာသည်။ ၎င်း၏ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ရန်ကုန်နှင့် နေပြည်တော်ရှိ ဂျန်းရှင်းစင်တာများအပြင် နိုင်ငံတစ်ဝန်း ရေအားလျှပ်စစ်စီမံကိန်းများလည်း ပါဝင်သည်။
ဦးအိုက်ထွန်းသည် ယခင်က မြန်မာနိုင်ငံတွင် အကြီးမားဆုံးပုဂ္ဂလိကပိုင်ဘဏ်ဖြစ်သည့် အာရှဓနဘဏ်၏ ဒါရိုက်တာတစ်ဦးဖြစ်ခဲ့ကာ ငွေကြေးခဝါချခြင်း၊ မူးယစ်ကုန်သွယ်မှုများနှင့် ပတ်သက်နေကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စွပ်စွဲမှုများရှိနေစဉ် ၂၀၀၃ ခုနှစ်၌ ဘဏ်အကျပ်အတည်းဖြစ်၍ အစိုးရက ဘဏ်လိုင်စင် ရုပ်သိမ်းခဲ့သည်။
မကြာသေးမီနှစ်များအတွင်း စီးပွားရေးလုပ်ငန်းဆိုင်ရာ အိမ်ခြံမြေဦးပိုင်လုပ်ငန်းများ ချဲ့ထွင်လာစဉ် အနောက်နိုင်ငံများမှ ရင်းနှီးမြုပ်နှံသူများနှင့် ဖက်စပ်လုပ်နိုင်ရန် ရွှေတောင်အုပ်စုက ကြိုးပမ်းလာခဲ့သည်။ မကြာသေးမီက ရန်ကုန်မြို့လယ်တွင် ဗိုလ်ချုပ်ဈေးနှင့် မျက်နှာချင်းဆိုင်၌ ဂျန်းရှင်းစီတီးအမည်ဖြင့် ဈေးဝယ်စင်တာနှင့် ရုံးခန်းအဆောက်အဦးများကို ဖွင့်လှစ်ခဲ့သည်။
၂၀၁၅ ခုနှစ်တွင် မိုက္ကရိုဆော့ဖ်၏ စီးပွားရေးလုပ်ငန်းသုံး ဆော့ဖ်ဝဲလ် လိုင်စင်ရမိတ်ဖက်တစ်ဦးအဖြစ် မိတ်ဆက်သည့်ပွဲတွင် ၎င်းအနေဖြင့် ကုမ္ပဏီကို နေ့စဉ်စီမံခန့်ခွဲမှု မပြုလုပ်တော့ဟု ဦးအိုက်ထွန်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ သို့သော်လည်း ကုမ္ပဏီ၏ဝက်ဘ်ဆိုက်တွင် ဥက္ကဋ္ဌအဖြစ် ၎င်း၏အမည်ကို တွေ့မြင်နေရသေးသည်။
အောင်ကျော်ဦး ဘာသာပြန်သည်။