ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းသစ်၊ နေရာသစ်များ ပေါ်ထွက်လာစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ ဇွန် ၁၄

ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း လုပ်ကိုင်မည့် လုပ်ငန်းသစ်၊ နေရာသစ်များ ထွက်ပေါ်လာရေးကို အားပေးရန်နှင့် ဈေးကွက်များ ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရပ်ရွာလူထုနှင့် ခရီးသွားလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်တွင် ဇွန် ၁၃ နှင့် ၁၄ ရက်နေ့များက ဒုတိယအကြိမ်အဖြစ် ကျင်းပခဲ့သည်။

“မြန်မာနိုင်ငံမှာရှိတဲ့ လက်ရှိလုပ်ကိုင် လည်ပတ်နေတဲ့ အခြားသော ခရီးသွားလုပ်ငန်းအစီအစဉ်များက အတွေ့အကြုံများကို လေ့လာနိုင်ရန် ရည်ရွယ်ကာ ကျွန်တော်တို့ အဖွဲ့အစည်းသုံးဖွဲ့က ယခုအလုပ်ရုံ ဆွေးနွေးပွဲကို ဦးစီးကျင်းပခြင်း ဖြစ်ပါတယ်။ အလုပ်ရုံ ဆွေးနွေးပွဲကနေ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း လုပ်ကိုင်မည့် လုပ်ငန်းသစ်၊ နေရာသစ်များ ထွက်ပေါ်လာရေးကို အားပေးဖို့ ၎င်းတို့အကြားနှင့် ၎င်းတို့ မျှော်မှန်းသည့် ဈေးကွက်အကြား ချိတ်ဆက်ပေးနိုင်ဖို့ အလုပ်ရုံ ဆွေးနွေးပွဲက ရည်ရွယ်ပါတယ်”ဟု Myanmar Responsible Tourism Institute ၏ ဥက္ကဋ္ဌဖြစ်သူ ဦးညွန်ဝင်းနိုင်က အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB)၊ Myanmar Responsible Tourism Institute (MRTI)နှင့်  ဟန်းဆိုင်ဒယ်ဖောင်ဒေးရှင်း (HSF)တို့က ပူးတွဲကျင်းပခဲ့ခြင်းဖြစ်သည်ဟု MCRB က သတင်းထုတ်ပြန်သည်။

ဆွေးနွေးပွဲသို့ လက်ရှိ ဒေသခံပြည်သူများ ပါဝင်သည့် ခရီးသွားလုပ်ငန်းများ၊ ခရီးသွားနေရာသစ်၊ ခရီးစဉ်အသစ်များ ဖော်ဆောင် လုပ်ကိုင်နေသူများ၊ နိုင်ငံတကာမှ ကျွမ်းကျင် ပညာရှင်များနှင့် ဒေသတွင် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ရန် စိတ်ဝင်စားသည့် ဒေသများမှ လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးခန့်အပါအဝင် စုစုပေါင်း ၁၂၀ ဦးခန့် တက်ရောက် ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြထားသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးကြသည့် ခရီးသွားဒေသသစ်များတွင် မြိတ်ကျွန်းစုဒေသနှင့် လမ်ပိကျွန်း၊ ရှမ်းပြည်နယ်ရှိ ဓနုဒေသတွင် ခရီးကြမ်းလမ်းလျောက်ခြင်း၊ ရန်ကုန်တိုင်းအနီးရှိ ငရုတ်ကောင်း၊ ဂွ ခရီးစဉ်များ၊ မကျည်းကန်ရွာနှင့် ကန်ပက်လက်ဒေသတို့တွင် လုပ်ကိုင်နေသော ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများအကြောင်း ပါဝင်သည်ဟုလည်း ဆိုသည်။

ထို့ပြင် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလက ပထမအကြိမ် ပြုလုပ်ခဲ့သည့် ရပ်ရွာအခြေပြု အလုပ်ရုံဆွေးနွေးပွဲတွင် တင်ပြ ဆွေးနွေး ခဲ့ကြသည့် မြိုင်၊ အင်းတော်ကြီး၊ ပအို့ဒေသ၊ ကယားပြည်နယ်၊ ဧရာဝတီမြစ်အထက်ပိုင်းရှိ လင်းပိုင်ကြည့်နိုင်သည့် ခရီးစဉ်များနှင့် သံတောင်ကြီးရှိ ရပ်ရွာအခြေပြုလုပ်ငန်းများကလည်း လွန်ခဲ့သည့်နှစ်များအတွင်း ၎င်းတို့၏ လုပ်ငန်းအောင်မြင်မှု အတွေ့အကြုံများကို ပြောကြားခဲ့ကြသည်။

၎င်းတို့အနက် အချို့ဒေသများမှာ နိုင်ငံတကာက အသိအမှတ်ပြု ဆုတံဆိပ်များ ရရှိထားပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ပြည်တွင်းခရီးသွားများ အပါအဝင် လာရောက်လည်ပတ်သူဦးရေ တိုးပွားလာပြီး ဝင်ငွေတိုးလာသော်လည်း ရပ်ရွာအခြေပြုခရီးသွား ဒေသများအနေဖြင့် ၎င်းတို့လုပ်ငန်းများအကြောင်း၊ ခရီးသွားဒေသနှင့် ထွက်ကုန်များအကြောင်းကို ဈေးကွက်မြှင့်တင်ရာတွင် အခက်အခဲများ ကြုံတွေ့ရဆဲဖြစ်သည်။ ထို့ပြင် နိုင်ငံခြားသား ညအိပ်လက်ခံမှုနှင့် ပတ်သက်ပြီး ကျန်ရှိနေသေးသည့် ကန့်သက်ချက်များ၊ ကျွမ်းကျင်သည့် လူ့အရင်းအမြစ် ရှားပါးခြင်းနှင့် နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားသည့်အရာများနှင့် ၎င်းတို့ နေထိုင်ပုံတို့နှင့် ပတ်သက်၍ ဒေသတွင်း အသိဗဟုသုတ နည်းပါးခြင်းများ ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Myanmar Responsible Tourism Institute နှင့် GIZ ၏ အကြံပေးဖြစ်သူ Dr Nicole Haeusler က “တစ်ခါတစ်ရံမှာ ဒေသခံ ပြည်သူတွေအနေနဲ့ ရှိလို့ရှိမှန်းမသိတဲ့ သာမန်အကြောင်းအရာလေးတွေရှိတယ်။ ဥပမာ ရိုးရာထမင်းဟင်းချက်ပုံတွေ၊ လယ်ယာ လုပ်ကိုင်ပုံတွေ၊ လှည်းနဲ့ ခရီးသွားတာတွေစတာတွေက ခရီးသွားတွေကို ပိုပြီး စိတ်ဝင်စား၊ စွဲဆောင်မှုရှိစေတယ်” ဟုပြောကြားသည်။

ဟန်းဆိုင်ဒယ်ဖောင်ဒေးရှင်း (HSF)၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ Achim Munz ကလည်း “မြန်မာနိုင်ငံမှာ ရပ်ရွာအခြေပြုတဲ့ ခရီးသွားလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်လိုသည့် ဒေသခံပြည်သူလူထု ပို၍ များပြားလာတယ်။ အကြောင်းက ခရီးသွားလုပ်ငန်းက ဒေသတွင်း အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်တယ်၊ ဝင်ငွေတိုးပွားလာစေမယ့် အရင်းအမြစ်အသစ်တွေ ဖြစ်ထွန်းလာစေမယ်၊ စားဝတ်နေရေးအတွက် မြို့ကို ပြောင်းရွှေ့မှဖြစ်မယ်ဆိုတဲ့ ဖိအားတွေကိုလည်း ကျဆင်းလာစေမယ်ဆိုတာ လူထုက သိလာကြတယ်” ဟု ပြောကြားသည်။

သို့သော် အဆိုပါခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်ပြီး အခက်အခဲများ၊ တင်းကြပ်မှုများ ရှိနေသေးသည်ဟုလည်း ၎င်းကပြောကြားသည်။

“မရှင်းလင်း၊ မသေချာမှုတွေနဲ့ မလိုအပ်ပဲ တင်းကျပ်မှုတွေ ရှိနေသေးတာ တွေ့ရတယ်။ ဒီတော့ ရပ်ရွာအခြေပြုတဲ့ ခရီးသွားလုပ်ငန်းတွေ အောင်မြင်အောင် သူတို့တွေ ဘာတွေလုပ်ဆောင်သင့်သလဲ။ အစိုးရကကော သူတို့ကို ဘယ်လို ကူညီနိုင်မလဲ၊ အစိုးရ ဘယ်အဆင့်ကနေ ပါဝင်ပတ်သက်သင့်သလဲ။ ဒီနေ့ အလုပ်ရုံ ဆွေးနွေးပွဲမှာ ဆွေးနွေးမှုတွေအားလုံးက ဒီမေးခွန်းတွေအပေါ်မှာ အဓိကထားတယ်။ ဒါမှသာ ရပ်ရွာလူထုတွေအနေနဲ့ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းက အကျိုးအမြတ်ကို ပိုပြီး ခံစားရရှိမှာ ဖြစ်တယ်” ဟု ၎င်းက ပြောကြားသည်။ 

ထို့ကြောင့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းဒေသများရှိ စွန့်ဦးတီထွင် စီးပွားရေးလုပ်ကိုင်သူများအား အစိုးရက ပံ့ပိုးကူညီပေးသင့်သည်ဟု MCRB ၏ ဒါရိုက်တာဖြစ်သူ ဗစ်ကီဘီမန်က ပြောကြားသည်။

“ရပ်ရွာအခြေပြုသည့် ခရီးသွားလုပ်ငန်းဆိုတာလည်း စီးပွားရေးလုပ်ငန်း တစ်ရပ်ဖြစ်တယ်ဆိုတာ သတိပြုမိဖို့လိုတယ်။ အရပ်ဖက် အဖွဲ့အစည်းတွေက  စီမံကိန်းသစ် စတင်နိုင်ဖို့အတွက် အလွန်ကို အကူအညီရတယ်။ ဒါပေမယ့် အရှည်တည်တံ့ဆုံးဖြစ်တဲ့ ရပ်ရွာအခြေပြုတဲ့ ခရီးသွားလုပ်ငန်းတွေက ဒေသမှာရှိတဲ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ကိုင်သူတွေက ဖော်ဆောင် လုပ်ကိုင်တဲ့ စီမံကိန်းတွေသာ ဖြစ်တယ်ဆိုတာ သတိပြုမိစေလိုပါတယ်။ ဒေသမှာရှိတဲ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ကိုင်သူများဆိုတာက ဒေသ အစားအသောက် ထွက်ကုန်တွေနဲ့ အနီးအနားမှာရှိတဲ့ ခရီးသွားဖွံ့ဖြိုးတဲ့ဒေသအတွက် လက်ဆောင်ပစ္စည်းတွေ ထုတ်လုပ်တာ ဖြစ်ကောင်းဖြစ်မယ်၊ ဒါမှမဟုတ် စားသောက်ဆိုင် အသေးလေး ဖွင့်လှစ်လုပ်ကိုင်ခြင်း၊ ဒါမှမဟုတ် တည်းခိုခန်း၊ သို့မဟုတ် အတွေ့အကြုံသစ်တွေပေးမယ့် ခရီးစဉ်မျိုး လုပ်ငန်းမျိုးကို လုပ်ကိုင်နေသူတွေလည်း ဖြစ်နိုင်တယ်။ အဆိုပါ စွန့်ဦးတီထွင် လုပ်ကိုင်သူများအတွက် ၎င်းတို့ရဲ့လုပ်ဆောင်မှုတွေ အောင်မြင်ဖို့အတွက် အစိုးရက မလိုလားအပ်တဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက အခက်အခဲတွေကြောင့် ကြန့်ကြာမှုတွေအပါအဝင်  အဲဒီလုပ်ငန်းတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို နားလည်ပြီး၊ ၎င်းတို့အတွက် ပိုပြီး လွယ်ကူ မြန်ဆန်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ဖန်တီးမှုနဲ့ ဖွံ့ဖြိုးကြီးထွားလာမှုကို အားပေးဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.