ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှု သဘောတူချက်ကို မြန်မာနှင့် အီးယူ လက်မှတ်ရေးထိုး

ဥရောပနိုင်ငံများမှ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြုပ်နှံရန်နှင့် နှစ်ဘက်ကုန်သွယ်မှု တိုးမြင့်ရန် မြန်မာအစိုးရ၏ ကုန်သွယ်ရေးမြင့်တင်ရေးအဖွဲ့သည် ဥရောပကုန်သည်ကြီးများအသင်းနှင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးလိုက်သည်။ နားလည်မှုစာချွန်လွှာ သဘောတူစာချုပ်ကို ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့ (Myantrade) နှင့် ရန်ကုန်ရှိ EuroCham Myanmar တို့က နိုဝင်ဘာ ၂၄ ရက်နေ့တွင်  လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်၊ မတ်လက စတင်ခဲ့သည့် ငါးနှစ်ကြာမြင့်မည့် အမျိုးသားပို့ကုန်မဟာဗျူဟာ စတင်ကတည်းက ပြည်ပစီးပွားရေး အသင်းအဖွဲ့တစ်ခုနှင့် ပြုလုပ်သည့် Myantrade ၏ ပထမဆုံး သဘောတူညီချက်လည်းဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်တိုးက ပြောသည်။ “နားလည်မှုစာချွန်လွှာက မြန်မာနဲ့ အီးယူကြား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ အီးယူက ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံမှုတွေ မြင့်တင်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းကပြောကြားသည်။

အီးယူနှင့် မြန်မာနိုင်ငံကြား စီးပွားရေးဆက်ဆံမှုမှာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအများစု ရုပ်သိမ်းပေးခြင်းနှင့် မြန်မာပို့ကုန်များအပေါ် အခွင့်အရေးပေးသည့်စနစ် ပြန်လည်ကျင့်သုံးခြင်းတို့နှင့်အတူ ၂၀၁၁ ခုနှစ်နောက်ပိုင်း သိသိသာသာ တိုးချဲ့လာခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ရင်းနှီးမြုပ်နှံမှု ကာကွယ်ရေး သဘောတူညီချက်တစ်ခုရရှိရန် စတင်လုပ်ဆောင်ခဲ့ပြီး ယခုအခါ ပြီးစီးလုနီးနေပြီဖြစ်သည်။

မြန်မာပို့ကုန်များအတွက် အခွင့်အရေးပေးသည့် GSP စနစ် ပြန်လည်ကျင့်သုံးခြင်းမှာ အထူးသဖြင့် မြန်မာပို့ကုန် တိုးတက်ရေးအတွက် အလွန်ပင်အရေးပါကြောင်း Myantrade ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။ ဥရောပကော်မရှင်၏ စာရင်းများအရ နှစ်ဘက်ကုန်သွယ်မှုတန်ဘိုးမှာ ၂၀၁၀ ပြည့်နှစ်က ယူရို ၂၄၅ သန်းသာရှိနေရာမှ ၂၀၁၆ ခုနှစ်တွင် ယူရို ၁ ဒသမ ၅၅၉ ဘီလျံအထိ တိုးတက်လာခဲ့သည်။

သုံးနှစ်အတွင်း မြန်မာပို့ကုန်အများစု တိုးတက်လာပြီး ၂၀၁၃ ခုနှစ်က ယူရို ၂၂၃ သန်းဖိုးရှိရာမှ ၂၀၁၆ ခုနှစ်တွင် ယူရို ၉၉၃ သန်းဖိုး ရှိလာသည်။ ၎င်းတို့အနက် ၆၉ ဒသမ ၆ ရာခိုင်နှုန်းမှာ အဝတ်အထည်လုပ်ငန်းမှဖြစ်ပြီး ၅ ဒသမ ၇ ရာခိုင်နှုန်းမှာ ခြေစွပ်ခြေအိပ်နှင့် ဦးထုတ်တို့မှ ဖြစ်သည်။

“အီးယူနိုင်ငံတွေဆီ အဓိကပို့ကုန်တွေက အဝတ်အထည်တွေ၊ ရေထွက်ကုန်နဲ့ သစ်တောထွက်ပစ္စည်းတွေ ဖြစ်ပါတယ်”ဟု ဦးအောင်စိုးက ပြောသည်။ သို့သော်လည်း အီးယူသို့ ပို့ကုန်ပမာဏ တိုးမြှင့်ရေးတွင် မြန်မာနိုင်ငံသည် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်။

“အဓိကပြဿနာက မြန်မာထုတ်ကုန်အများစုက အီးယူရဲ့ အရည်အသွေးစံချိန်တွေကို မမီပါဘူး” ဟု ဦးအောင်စိုးက ပြောသည်။ “သာဓကအနေနဲ့ ပြောရရင် ကျွန်တော်တို့မှာ စိုက်ပျိုးရေးထွက်ကုန်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ ဓါတုဆေးကြွင်းတွေပါလို့ အများစုကို မတင်ပို့နိုင်ဘူး” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေက မြန်မာနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုများ ရရှိရေး ရည်ရွယ်ချက်ကို ထိခိုက်နိုင်သော်လည်း အရှေ့တောင်အာရှတွင် လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများအနေဖြင့် နောက်ဆုတ်ဖွယ်မရှိဟု EuroCham Myanmar ၏ အမှုဆောင်ဒါရိုက်တာ မစ္စတာဖိလစ်လောဝါရီဆင်က ပြောကြားသည်။

“ခရီးသွားလုပ်ငန်းက အဓိက ထိခိုက်ပြီးတော့ အခြားကဏ္ဍတွေက အနည်းငယ်ထိခိုက်မှု ရှိပါတယ်” ဟု ၎င်းကပြောကြားသည်။ “ဒါပေမယ့် ဒီမှာ လုပ်ကိုင်နေပြီးဖြစ်တဲ့ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံအကြောင်းကို သူတို့ သိပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အလားအလာကို သိတို့ သိထားပါတယ်။ ဒါကြောင့် ဒီမှာနေပြီး တိုးချဲ့သွားဖို့ သူတို့မှာ အစီအစဉ်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

သတင်း-ကျော်ရဲလင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.