“ကျွန်မတို့ရဲ့ စီးပွားရေးတိုးတက်မှုက ထင်တာထက် မြန်တယ်” – ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေး တိုးတက်မှုနှုန်းက ထင်ထားသည်ထက် ပိုမိုမြန်ဆန်သည်ဟု ပြောကြားကြသော်လည်း ကျေနပ်မနေရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

“အားလုံးကို ခြုံငုံပြီး ပြောရမယ်ဆိုရင် ကျွန်မတို့ တိုးတက်မှု မရှိဘူးလားဆိုတော့ တိုးတက်မှု ရှိပါတယ်။ အရင်နှစ်ကထက်စာရင် တိုးတက်ပါတယ်။ တိုးတက်မှုက အမှန်ပြောရရင် တချို့ထင်တာထက်များပါတယ်”ဟု ယမန်နေ့က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားစီမံကိန်း ကော်မရှင် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မတို့ သေသေချာချာ လေ့လာတဲ့အခါကျတော့ ကျွန်မတို့ရဲ့ စီးပွားရေးတိုးတက်မှုက ထင်တာထက် မြန်တယ်။ နိုင်ငံရေးတိုးတက်မှုကလဲ ထင်တာထက် မြန်ဆန်ပါတယ်ဆိုပြီး နိုင်ငံတကာ လေ့လာရေး အဖွဲ့တွေက ကျွန်မတို့ကို ပြောထားတာရှိပါတယ်။

“ဒါပေမဲ့ ဒါနဲ့ ကျွန်မတို့ ကျေနပ်နေလို့ မဖြစ်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်မတို့ နိုင်ငံအတွက် စိန်ခေါ်မှု တွေက အင်မတန်မှများပါတယ်။ အခက်အခဲတွေက အများကြီး ကျော်ဖြတ်စရာ ရှိပါတယ်။ ဒါကြောင့် ဆထက်ထမ်းပိုး တိုးပြီးတော့ ကြိုးစားမှ ကျွန်မတို့ နိုင်ငံအတွက် တိုးတက်မှု ရနိုင်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ယခုဘဏ္ဍာနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားကြောင်း အဆိုပါအစည်းအဝေးတွင် သမ္မတဦးထင်ကျော်က ပြောကြားသည်။

“လက်ရှိနိုင်ငံရဲ့ စီးပွားရေးဟာ အရှိန်အဟုန်နဲ့ မတိုးတက်သော်လည်း စိုက်ပျိုးချိန်နဲ့ ရိတ်သိမ်းချိန်များမှာ ရာသီဥတု ကောင်းမွန်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာခြင်းနဲ့အတူ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေရဲ့ ထုတ်လုပ်မှုတွေ၊ ပို့ဆောင်ရေးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေးနဲ့ အခြား ဝန်ဆောင်မှုတွေနဲ့ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းတွေ ပိုမိုကောင်းမွန်လာခြင်း စတဲ့ အချက်တွေအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားပါတယ်” ဟု ဦးထင်ကျော်က ပြောကြားသည်။

လာမည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှ စတင်ပြီး ဘဏ္ဍာရေးနှစ်ကာလကို အောက်တိုဘာ ၁ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ ပြောင်းလဲသတ်မှတ်သွားရန် အစိုးရက စီစဉ်နေသည်။ ထို့ကြောင့် လက်ရှိ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်နှင့် ပြောင်းလဲကျင့်သုံးမည့် ဘဏ္ဍာရေးနှစ်သစ်တို့အကြား ကြားကာလဖြစ်သော ယခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လကို “ဘဏ္ဍာရေးနှစ် ပြောင်းလဲရေးကာလ”အဖြစ် သတ်မှတ်ပြီး ပေါင်းကူးဆောင်ရွက်သွားမည်ဟု ဦးထင်ကျော်က ပြောကြားသည်။

“လာမယ့်ဘဏ္ဍာရေးနှစ် ပြောင်းလဲရေးကာလဖြစ်တဲ့ ၂၀၁၈ ခုနှစ်၊ ဧပြီလကနေ စက်တင်ဘာလအထိ ခြောက်လအတွက် အမျိုးသားစီမံကိန်းမှာ နိုင်ငံရဲ့ GDP ကို ၇ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်မယ်လို့ မျှော်မှန်းထားတာ တွေ့ရှိရပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးတိုးတက်မှုနှုန်း ပိုမိုမြင့်မားလာစေရေးအတွက် ကြိုးပမ်းကြရန် အစည်းအဝေး တက်ရောက်လာကြသည့် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို တိုက်တွန်းခဲ့သည်။

“တကယ်တော့ ၆ ရာခိုင်နှုန်းကျော်၊ ၇ ရာခိုင်နှုန်းတိုးတက်မှုဆိုတာ တိုးတက်စနိုင်ငံ၊ ကျွန်မတို့နိုင်ငံ တနည်းအားဖြင့် တိုးတက်စနိုင်ငံ၊ အချိန်ယူခါစနိုင်ငံအတွက် မလုံလောက်ဘူးလို့ ပြောရမှာပါ။ တကယ်အရှိန်ဟုန်နဲ့ တိုးတက်ပြီဆိုရင် ဒါထက်ပိုပြီးတော့ တိုးတက်တဲ့ရာခိုင်နှုန်းနဲ့ တိုးတက်နိုင်ရမှာပါ။ အဲ့ဒါအတွက်ကို ဦးတည်စေချင်ပါတယ်” ဟု ၎င်းကပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.