ကြားကာလဘတ်ဂျက်မှာ သိထားစရာ

ဉာဏ်လှိုင်လင်း

ဘဏ္ဍာရေးနှစ်သတ်မှတ်ချက် ပြောင်းလဲတော့မည်ဖြစ်၍ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာ ကြားကာလအတွက် ရေးဆွဲထားသည့် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ပြည်ထောင်စုလွှတ်တော်အတွင်း ဆွေးနွေးမှုများကို ပြုလုပ်နေသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်သည် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ပြောင်းလဲပြင်ဆင်သတ်မှတ်သည့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်သည် အောက်တိုဘာ ၁ ရက်နေ့မှ စတင်မည်ဖြစ်၍ ကြားကာလတွင် ဆောင်ရွက်ရန် အစိုးရကတင်သွင်းလာသည့် အမျိုးသားစီမံကိန်းနှင့် ဘတ်ဂျက်တို့ကို ပြည်ထောင်စုလွှတ်တော်က စိစစ်နေခြင်းဖြစ်သည်။

ကျပ် ဘီလျံ တစ်သောင်းကျော်

ထိုကြားကာလအတွင်း အစိုးရက ကျပ်ဘီလျံ တစ်သောင်းကျော် သုံးစွဲရန်လျာထားပြီး ရငွေ ကျပ် ၈,၄၀၀ ဘီလျံကျော်ရှိမည်ဟု ခန့်မှန်းထားသည်။ ယင်းကြောင့် ဘတ်ဂျက်လိုငွေမှာ ကျပ် ဘီလျံ ၂,၀၀၀ ကျော်ရှိမည်ဖြစ်သည်။

အများဆုံး

ဝန်ကြီးဌာန ၂၄ ခုအနက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဘတ်ဂျက်တောင်းခံမှုမှာ အမြင့်ဆုံးဖြစ်ပြီး စုစုပေါင်း အသုံးစရိတ်၏ ၂၇ ရာခိုင်နှုန်း ရှိနေသည်။ ယင်းနောက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ၂၁ ရာခိုင်နှုန်း၊ ကာကွယ်ရေးဝန်ကြီးဌာနက ၁၂ ရာခိုင်နှုန်းတို့ဖြင့် ဒုတိယနှင့် တတိယလိုက်နေသည်။

အနည်းဆုံး

ကျပ် ၈၉၂ သန်းကျော်သာ တောင်းခံထားသည့်  ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနသည် ဘတ်ဂျက်တောင်းခံမှု အနည်းဆုံးစာရင်းတွင် နံပါတ် (၁) ချိတ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်ကပင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားသည့် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စုစုပေါင်းအသုံးစရိတ်၏ တစ်ရာခိုင်နှုန်းအောက်သာ တောင်းခံသည့် ဌာန ၁၀ ခုစာရင်းတွင်ပါဝင်ပြီး ကျပ် ၄၆ ဘီလျံကျော် သုံးစွဲမည်ဖြစ်သည်။

လျော့ကျ

ပညာရေးဘတ်ဂျက်မှာမူ မကြာမီကုန်ဆုံးတော့မည့် ဘဏ္ဍာနှစ်၏ ရှေ့ပိုင်းခြောက်လအတွင်း ရရှိခဲ့သော ဘတ်ဂျက်နှင့် ယခုတင်ပြတောင်းခံမှုကို နှိုင်းယှဉ်လျှင် ကျပ်ဘီလျံ ၂၀၀ ကျော် လျော့ကျနေသည်။ ယခုခြောက်လအတွက် ကျပ် ဘီလျံ ၈၀၀ ကျော် တောင်းခံထားခြင်းဖြစ်သည်။ ယင်းသည် စုစုပေါင်း ဘတ်ဂျက်၏ ခုနစ်ရာခိုင်နှုန်းကျော်ဖြစ်သည်။

ဦးစားပေး

အစိုးရအဖွဲ့က တင်သွင်းလာသည့် အသုံးစရိတ်မူဝါဒတွင် ပညာရေး၊ ကျန်းမာရေးနှင့် လူမှု ကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်များကို ဆက်လက်တိုးမြှင့် သုံးစွဲမည်ဟု ပါဝင်သည်။ သို့သော် ကျန်းမာရေးကဏ္ဍအတွက် ခြောက်လစာ ဘတ်ဂျက်တောင်းခံငွေမှာ စုစုပေါင်းဘတ်ဂျက်၏ သုံးရာခိုင်နှုန်းကျော်သာတွေ့ရပြီး ယင်းမှာ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနထက် တစ်ရာခိုင်နှုန်း၊ ကာကွယ်ရေးဝန်ကြီးဌာနထက် ကိုးရာခိုင်နှုန်းခန့် လျော့နည်းနေသည်။

စိစစ်မှုအခြေအနေ

အစိုးရအဖွဲ့က တင်သွင်းလာသည့် ခြောက်လတာဘတ်ဂျက်နှင့် စီမံကိန်းများကို စိစစ်ရန် ပြည်ထောင်စုလွှတ်တော်က ဝန်ကြီးဌာနအလိုက်ခွဲခြား၍ စိစစ်ရေးကော်မတီ ၁၄ ခုဖွဲ့၍ စိစစ်နေသည်။ ထို့နောက် အစီရင်ခံစာများ တင်သွင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်တို့၏ တစ်ဦးချင်း ဆွေးနွေးမှုများကို ပြုလုပ်စေခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနတို့က ပြန်လည်ရှင်းလင်းစေခြင်းတို့ကို ဆောင်ရွက်လျှက်ရှိသည်။

၂၀၁၈ ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ခန့်မှန်းခြေငွေစာရင်းနှင့် အမျိုးသားစီမံကိန်းတို့အပေါ် စိစစ်ဖြတ်တောက်ပြင်ဆင်မှုများကို ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.