လုပ်ငန်းသစ်များ တိုးတက်မှုအရှိန် ကူညီမြှင့်တင်ရေး

အသေးစား စက်မှုလုပ်ငန်းသစ်များကို ပျိုးထောင်ပေးသူနှင့် အရှိန်အဟုန် တိုးမြှင့်ပေးသူ အများအပြားသည် လူသစ်များ ဝင်ရန်ခက်ခဲသော ဈေးကွက်များသို့ အလားအလာရှိသော စွန့်ဦးတီထွင်သူများ ဝင်ရောက်နိုင်ရန် အားပေးလျက်ရှိသည်။

ဂျာရတ်ဒေါင်းနင်း ရေးသားသည်။

ငရုတ်သီး အခြောက်လှမ်းရာတွင် ပိုမိုကောင်းမွန်သော နည်းလမ်းတစ်ခုကို တွေ့ရှိထားကြောင်း Natural Fresh Farms Myanmar ၏ အမှုဆောင်အရာရှိချုပ် ဦးနေဦးက ယုံကြည်ထားသည်။

ယင်းပြဿနာမှာ အစိုဓာတ်ဖြစ်သည်။ အလေးချိန်မကျအောင် ထိန်းထားနိုင်ရန် တောင်သူများနှင့် သယ်ယူပို့ဆောင်သူများသည် ကုန်ပစ္စည်များကို လုံးဝခြောက်မသွားအောင် ဆောင်ရွက်ဖို့လိုကြောင်း လုပ်ငန်းဆိုင်ရာ လေ့လာစူးစမ်းမှုများအရ သိထားသည်။ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ကာဆီနိုဂျင် မြင့်မားစွာပါဝင်ပြီး အသည်းကင်ဆာ ဖြစ်စေနိုင်သော အဆိပ်အုပ်စုဝင် တစ်မျိုးဖြစ်သည့် အာဖလာတောက်ဇင်ကို ဖြစ်ပေါ်စေသည့် မှိုတစ်မျိုးကို ပေါက်ဖွားစေနိုင်သည်။

၂၀၁၆ ခုနှစ်က ကုန်အမှတ်တံဆိပ်ရှိပြီးနှင့် တံဆိပ်မပါသော ငရုတ်သီးမှုန့်နမူနာ ၆၅၁ ခုကို ကောက်ယူစစ်ဆေးခဲ့သည့်အနက် ၆၀ ရာခိုင်နှုန်းမှာ အာဖလာတောက်ဇင်အဆိပ်များ ပါဝင်နေကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ကြေညာခဲ့သည်။

“ဈေးကွက်တွေမှာ လူတွေက ငရုတ်သီးတွေကို ကြောက်ကြတယ်။ ငရုတ်သီးတွေကို တောင်ကိုရီးယား၊ ဗီယက်နမ်နဲ့ စင်ကာပူကနေ သွင်းပါတယ်” ဟု ဦးနေဦးက ပြောသည်။

အဖြေမှာ နေစွမ်းအင်သုံး နည်းပညာအဆင့်မြင့် အခြောက်ခံစက်ဖြစ်သည်။ မန္တလေးမြို့ပြင်တွင် အခြေစိုက်သော ဦးနေဦး၏ ကုမ္ပဏီသည် ငရုတ်သီးကို အမှုန့်ထောင်း၍ မထုပ်ပိုးမီ ကျန်းမာရေးနှင့်ညီညွတ်အောင် ကောင်းမွန်စွာ အခြောက်ခံပေးထားသည်။

သန့်ရှင်းသော ငရုတ်သီးများမှာ ရောင်းအားကောင်းသည်။ သို့ရာတွင် ဒေသတွင်းဈေးကွက်၌သာ ရောင်းအားကောင်းခြင်းဖြစ်သည်။ ဦးနေဦးက တနိုင်လုံးကို ဖြန့်ချိရန်နှင့် နနွင်းနှင့် ချင်းများကိုလည်း အလားတူ တိုးချဲ့ဆောင်ရွက်ရန် ရည်မှန်းထားသည်။ ကျန်းမာရေးနှင့် ပြည့်စုံပြီး ရောဂါဘယကင်းရှင်းသော အစားအစာကို တိုးမြှင့်ထုတ်လုပ်မည်ဆိုပါက စီးပွားရေးလုပ်ငန်းမှ အကျိုးဖြစ်ထွန်းနိုင်သည်။ သို့သော်လည်း ဘယ်ကစရမည်ကို သူမသိ။ အရင်းအနှီးအဖြစ်လိုအပ်သော အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ကလည်း သူ့မှာမရှိပေ။

အာရှစွန့်ဦးတီထွင်သူ ပရဟိတကွန်ရက် တစ်ခုဖြစ်သော Asian Venture Philanthropy Network မှတဆင့် ဦးနေဦးသည် သူ့ကိုအကူအညီပေးမည့် အဖွဲ့တစ်ဖွဲ့နှင့် အဆက်အသွယ်ရခဲ့သည်။ ယင်းအဖွဲ့မှာ ဥရောပ စီးပွားရေးလုပ်ငန်းသစ်များ အရှိန်မြှင့်တင်ရေးအဖွဲ့ Rockstart ၏ လူမှုစီးပွားရေးအခြေပြုလုပ်ငန်း တစ်ခုဖြစ်သော Rockstart Impact ဖြစ်သည်။

ယင်း၏အစီအစဉ်များအရ စွန့်ဦးတီထွင်သူများအား လေ့ကျင့်သင်တန်းပေးခြင်း၊ အကြံဉာဏ်ပေးခြင်းတို့အပြင် အထူးသဖြင့် ဦးနေဦးတို့အတွက် အရေးပါသော လူမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုအလေးထားသည့် ရင်းနှီးမြှုပ်နှံသူတို့နှင့် အဆက်အသွယ်လုပ်ပေးခြင်းဖြစ်သည်။ ယင်းသို့သော ရင်းနှီးမြှုပ်နှံသူများမှာ ငွေကြေးရရှိမည့် လုပ်ငန်းများကိုဆောင်ရွက်ရင်း ပရဟိတလုပ်ငန်းများ တိုးတက်ရေးအတွက် ဆောင်ရွက်နေသူများ ဖြစ်သည်။

လာမည့်လတွင် ဦးနေဦးသည် Rockstart Impact ၏ မြန်မာနိုင်ငံ အစီအစဉ်ဖွင့်ပွဲကို တက်ရောက်ပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင် အဖွဲ့တစ်ဖွဲ့နှင့် တွေ့ဆုံမည်ဖြစ်သည်။ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်း ကျွမ်းကျင်သူများ၏ အကြံပြုချက်များကို ရက် ၁၀၀ လေ့လာရင်း ငွေသားစီးဆင်းမှု စီမံခန့်ခွဲရေး၊ အဖွဲ့အစည်း ထူထောင်ရေး၊ ဈေးကွက်ရှာဖွေရေးနှင့် အမှုဆောင်အရာရှိချုပ် ဦးနေဦးအတွက် အကျိုးဖြစ်ထွန်းစေမည့် အခြားကျွမ်းကျင်မှုများ လေ့လာရေးပိုင်းတို့ကို သင်ယူသွားမည်ဖြစ်သည်။

အကယ်၍ Fresh Farms Myanmar သည် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုကို လုပ်ငန်းသစ် အရှိန်မြှင့်တင်ပေးရေး အဖွဲ့ထံမှတဆင့် ရရှိမည်ဆိုပါက Rockstart Impact သည် “လုပ်ငန်းအောင်မြင်မှုအတွက် ဆောင်ရွက်ခ” အဖြစ် ၁၀ ရာခိုင်နှုန်းရမည်ဖြစ်သည်။ သို့ရာတွင် အများဆုံး ရနိုင်သည့်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ဖြစ်သည်။

မြန်မာ့စွန့်ဦးတီထွင်သူများ၏ အခြေအနေကို မြှင့်တင်ပေးခြင်းဖြင့် ငွေကြေးရရှိနိုင်အောင် ကူညီပေးနေသော လုပ်ငန်းသစ်များ မြှင့်တင်ပေးရေးအဖွဲ့များနှင့် လုပ်ငန်းသစ် ပျိုးထောင်ပေးရေးအဖွဲ့များတွင် ဖန်တီးရာ Phandeeyar ၊ ကနောင်ဗဟိုဌာန Kanaung Hub ၊ SPRING ၊ Micro Empire နှင့် Impact Hub Yangon စသည့်အဖွဲ့များပါရှိရာ Rockstart Impact သည် နောက်ဆုံးမှဝင်ရောက်ရှိလာသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။

နည်းလမ်းများနှင့် အသေးစိတ်လုပ်ငန်း ဆောင်ရွက်ချက်များမှာ အမျိုးမျိုး ကွဲပြားခြားနားသော်လည်း အခြေခံအယူအဆမှာ အတူတူပင်ဖြစ်သည်။ အကျိုးအမြတ် ရှာသောပုံစံကို အသုံးပြု၍ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ တိုးတက်ရေးကို အကူအညီပေးရန်ဖြစ်သည်။

“မတည်ရင်းနှီးငွေနဲ့ ကမ္ဘာပေါ်မှာ ထူးခြားမှုရှိနေတဲ့ အသိပညာတွေကို ကိုယ်ပိုင်ငွေကြေးနဲ့ ရေရှည်ရပ်တည်နိုင်ပေမဲ့ ပြည်သူလူထုရဲ့လူနေမှုဘဝအပေါ်မှာ ဂယက်ရိုက်ခတ်လာမယ့် စီမံကိန်းတွေနဲ့ ကျွန်တော်တို့က ပေါင်းကူးပေးချင်ပါတယ်” ဟု Rockstart Impact Myanmar ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ မစ္စတာ ရောဘတ် ဂရိုနင် Mr Robbert Groenen ကပြောသည်။

စွန့်ဦးတီထွင်သူများအား ကူညီရန် စက်မှုလုပ်ငန်းသစ်များ ပျိုးထောင်ပေးသူနှင့် အရှိန်အဟုန် တိုးမြှင့်ပေးသူ အများအပြားက ရည်မှန်းချက်ထားရှိသည်။ ဓာတ်ပုံ - ထိုက်ကိုကိုအောင်

စွန့်ဦးတီထွင်သူများအား ကူညီရန် စက်မှုလုပ်ငန်းသစ်များ ပျိုးထောင်ပေးသူနှင့် အရှိန်အဟုန် တိုးမြှင့်ပေးသူ အများအပြားက ရည်မှန်းချက်ထားရှိသည်။ ဓာတ်ပုံ – ထိုက်ကိုကိုအောင်

Rockstart Impact သည် လုပ်ငန်းများ စတင်ပျိုးထောင်စဉ်ကတည်းက ကူညီပေးသော လုပ်ငန်းသစ်များ ပျိုးထောင်ပေးရေးအဖွဲ့များနှင့် ခြားနားမှုရှိသည်။ Rockstart Impact မှာ လုပ်ငန်းသစ်များကို အရှိန်မြှင့်တင်ပေးသောအဖွဲ့ဖြစ်သည်။ ယင်း၏အစီအစဉ်မှာ လုပ်ငန်းလည်ပတ်နေပြီဖြစ်သော ကုမ္ပဏီများကို အကူအညီပေးသည့် အစီအစဉ်ဖြစ်သည်။ Rockstart Impact သည် အလားအလာကောင်းများ ရှိသော်လည်း ဗျူရိုကရေစီ၊ အဂတိလိုက်စားမှု၊ ငွေကြေးရရန်ခက်ခဲမှုနှင့် မြန်မာနိုင်ငံ၏ စီးပွားရေလောက၌ ဖြစ်ပွားလေ့ရှိသော အခြားအခက်အခဲများကြောင့် ဖွံ့ဖြိုးမှုအတွက် အဟန့်အတားနှင့် ကြုံတွေ့နေရသော စီးပွားရေးလုပ်ငန်းများကို အကူအညီပေးရန်ဖြစ်သည်။

အဖွဲ့အစည်းများကို များသောအားဖြင့် နိုင်ငံခြားသား၊ သို့မဟုတ် နိုင်ငံခြားစီးပွားဖက်များက ကျောထောက်နောက်ခံပေးထားသည်။ (ဥမာအားဖြင့် Rockstart Impact ကို နီပေါနိုင်ငံ၌ အခြေစိုက်ထားပြီး ယင်း၏မူလအဖွဲ့အစည်းကို အမ်စတာဒမ်တွင် အခြေစိုက်ထားသည်။) သို့ဖြစ်ရာ အဖွဲ့အစည်းဝင်များသည် နိုင်ငံခြားအရင်းအမြစ်များ၊ ကျွမ်းကျင်မှုများနှင့် ရင်းနှီးမြှုပ်နှံသူကွန်ရက်များနှင့် အဆက်အသွယ်ရသည်။

ယခုစိတ်ကူးမှာ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုနိမ့်ကျနေသော စီးပွားရေးနယ်ပယ်၌ အိုအေစစ်ကလေးတစ်ခု ဖန်တီးရန်ဖြစ်ကြောင်း ဖန်တီးရာအဖွဲ့၏ လုပ်ငန်းသစ်မြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူး မစ္စတာ ဂျအို ဒူထရာ Mr João Dutra က ရှင်းပြသည်။

ဖန်တီးရာသည် မြန်မာနိုင်ငံ၏ အသေးစား စီးပွားရေးလုပ်ငန်းသစ်များ အရှိန်မြှင့်တင်ရေး ဆောင်ရွက်ရာတွင် ပထမဆုံး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ်က စတင်ခဲ့သည့် နည်းပညာအထူးပြု လူမှုစီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သည်။ ယင်း၏ အစီအစဉ်မှာ ထူထောင်စ နည်းပညာလုပ်ငန်းများတွင် အကြံပေးရန်နှင့် ရင်းနှီးမြှုပ်နှံမှု နှစ်ခုစလုံး ဆောင်ရွက်ရန်ဖြစ်သည်။ ကနဦးအသုတ်ဖြစ်သော လုပ်ငန်းလေးခုကို ထူထောင်လည်ပတ်နေပြီး နှစ်ခုမှာ နောက်ထပ်ရင်းနှီးမြှုပ်နှံမှုကိုပင် ရထားပြီးဖြစ်သည်။

ဖန်တီးရာသည် လူမှုစီးပွားရေးလုပ်ငန်းဟုဆိုသော်လည်း Rockstart Impact က ဆောင်ရွက်သကဲ့သို့ ယင်းတို့၏ စီးပွားရေးပုံစံများတွင် ထူထောင်စလုပ်ငန်းသစ်များကို လူမှုအကျိုးပြု အစိတ်အပိုင်းများ၌ အလေးပေးဆောင်ရွက်စေခြင်း မရှိပေ။ လူမှုရေး အလေးပေးသော စီးပွားရေးလုပ်ငန်းများကို အင်န်ဂျီအို အထောက်အပံ့ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများတွင် တွေ့ရသော်လည်း မစ္စတာ ဒူထရာကမူ အကျိုးအမြတ်အတွက် လုပ်ကိုင်သောစနစ်က အင်န်ဂျီအို အထောက်အပံ့များနှင့် အသေးစား ထောက်ပံ့ကြေးချေးငွေများတွင် မတွေ့ရသော စီးပွားရေးဖွံ့ဖြိုးရေးအတွက် ယှဉ်ပြိုင်နိုင်မှု အားသာချက်များကို ပေးစွမ်းနိုင်သည်ဟုဆိုသည်။

ပထမဆုံးအဖြစ် စီးပွားရေးလုပ်ငန်းများ ရွေးချယ်ရာတွင် မစ္စတာ ဒူထရာက ဖွံ့ဖြိုးရေးကျွမ်းကျင်ပညာရှင်အဖွဲ့၏ အကြိုက်ထက် ရင်းနှီးမြှုပ်နှံသူတို့၏အကြိုက်ကို ဦးစားပေးရွေးချယ်သည်။(အမှန်စင်စစ် Rockstart Impact က ထူထောင်ကာစ လည်ပတ်နေသော လုပ်ငန်းများကိုသာ ရွေးချယ်သည်။) ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တွင် အသေးစား စီးပွားရေးလုပ်ငန်းများသည် ပြောင်းလဲနိုင်သောချေးငွေများနှင့် အီကွီတီရှယ်ယာများကဲ့သို့သော ဘဏ္ဍာငွေထောက်ပံ့မှု အရင်းအမြစ်အမျိုးမျိုးကို ရရှိနိုင်သော်လည်း လူမှုစီးပွားရေးလုပ်ငန်းများမှာ တင်းကျပ်စွာ သတ်မှတ်ထားသော ချေးငွေများကိုသာ အားထားနိုင်သည်။

“ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတစ်ဦးဆီက ရပြီဆိုရင်တော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်မှာ စိန်ခေါ်မှုပိုရှိပြီး စွမ်းအားကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုကို ရလိုက်တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရင်းနှီးမြှုပ်နှံသူတွေက ရင်းနှီးမြှုပ်နှံမှုကို အကြိမ်အများကြီး ပိုလုပ်ပေးနိုင်ပြီး သူတို့ကွန်ရက်ထဲမှာရှိတဲ့ တခြားရင်းနှီးမြှုပ်နှံသူတွေကိုလည်း ချိတ်ဆက်နိုင်ပါတယ်” ဟု ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုက ရရှိနိုင်မည့် အောင်မြင်မှုအတွက် တာဝန်ယူနိုင်မှုအဆင့်ကို အလေးပေး၍ မစ္စတာ ဒူထရာက ပြောသည်။

Rockstart Impact လုပ်ငန်းသစ် အရှိန်မြှင့်တင်ရေးအဖွဲ့တွင် ပါဝင်သူများသည် ကွန်ရက်ဖွဲ့ရာ၌၊ သို့မဟုတ် စေ့စပ်ညှိနှိုင်းမှု ပြုရာ၌ အားနည်းသည်ဟု ပြော၍မရကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ ဈေးကွက်မျိုးတွင် မတည်ရင်းနှီးငွေ ရရှိအောင်ဆောင်ရွက်ရာ၌ အခြားနည်းလမ်းမရှိ၍ဖြစ်နိုင်ကြောင်း မစ္စတာ ဂရိုနင်က ထပ်လောင်းပြောကြားသည်။ Rockstart Impact သည် ဖန်တီးရာနှင့်မတူဘဲ အဖွဲ့၏ ကိုယ်ပိုင်ငွေကြေးကို မပေးပေ။ သို့ရာတွင် ယင်း၏ Angel Investors ဟုခေါ်သော စေတနာရှင် ရင်းနှီးမြှုပ်နှံသူများကွန်ရက်ကို မှီခိုအားထားသည်။

ငွေကြေးရရှိရေးအပြင် ဖောက်သည်များနှင့် အပြည်ပြည်ဆိုင်ရာ ဈေးကွက်တို့ကို မချိတ်ဆက်နိုင်ခြင်းကလည်း မြန်မာနိုင်ငံ၏ ထူထောင်စ စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးမှုကို ဆုတ်ယုတ်စေခဲ့သည်။

Rockstart Impact ၏ အစီအစဉ်ကို လျှောက်ထားခဲ့သူ စွန့်ဦးလုပ်ငန်းရှင် ဦးရဲကျော်ဇင်သည် သူ၏ စိုက်ပျိုးရေးပို့ကုန် ကုမ္ပဏီ Bayin Foods အတွက် ဥရောပမှ ဖောက်သည်များနှင့် ကွန်ရက်ချိတ်ဆက်မိအောင် ကြိုးပမ်းရာတွင် လေးနှစ်အချိန်ကုန်သွားသည်။ ကြိုးနီစနစ်နှင့် နိုင်ငံရေးအားပြိုင်မှုများကြောင့် အချိန်များစွာ ကြန့်ကြာခဲ့ရသည်။ အပြည်ပြည်ဆိုင်ရာ ငွေလွှဲလုပ်ငန်းကဲ့သို့ သာမန်လုပ်ငန်းမျိုးကိုပင် အဆမတန် ခွန်အားစိုက်ထုတ် ဆောင်ရွက်ခဲ့ရသည်။

“ဥရောပကို ထုတ်ကုန်တွေ တင်ပို့ချင်တယ်ဆိုရင် ပထမဆုံး အစိုးရရုံးမှာ လိုင်စင်လျှောက်ရမယ်။ အစိုးရကတောင် အဲဒီအလုပ်ကို ဘယ်လိုလုပ်ရမှန်း မသိဘူး။ ကျွန်တော့်ပထမလိုင်စင် လုပ်တုန်းက ရှစ်လကြာတယ်။ လိုင်စင်တစ်ခုတည်းနော်” ဟု ဦးရဲကျော်ဇင်က ပြောသည်။

အကျိုးအမြတ်ရှာသော လုပ်ငန်းသစ် အရှိန်မြှင့်တင်ရေးအဖွဲ့များနှင့် လုပ်ငန်းသစ် ပျိုးထောင်ရေးအဖွဲ့ စနစ်တို့၏ အဓိက အကျိုးကျေးဇူးမှာ ယင်းအဖွဲ့များ၏ စွန့်ဦးတီထွင်လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံသူများ၊ ဖောက်သည်များနှင့် ချိတ်ဆက်ပေးရုံသာမက သူတို့အချင်းချင်းလည်း ချိတ်ဆက်နိုင်စေခြင်းဖြင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များကို အသိပညာဗဟုသုတနှင့် အရင်းအမြစ်များကို ရရှိစေသည်ဟု မစ္စတာ ဂရိုနင်က ဆိုသည်။

ကွန်ရက်ထဲတွင် အင်န်ဂျီအိုများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အသေးစား ငွေချေးလုပ်ငန်းများနှင့် အခြားသမားရိုးကျ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေသူများပါဝင်စေသင့်သည်ဟု သူက ပြောသည်။

“တခြားနိုင်ငံတွေနဲ့ နောက်ခံရှိတဲ့ တခြားဒေသတွေက လုပ်ငန်းသစ် အရှိန်မြှင့်ပေးရေးအဖွဲ့တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ စပွန်ဆာပေးတဲ့အဖွဲ့တွေ၊ သူတို့အားလုံးကို ပေါင်းစည်းပေးနိုင်မယ်ဆိုရင်တော့ ပါဝင်သူတိုင်း အကျိုးခံစားခွင့်တွေ ရှိနိုင်ပါတယ်” ဟု မစ္စတာ ဂရိုနင်က ပြောသည်။

ဥပမာအားဖြင့် အသေးစား ငွေချေးလုပ်ငန်း အဖွဲ့အစည်းတစ်ခုက Natural Fresh Farms ကဲ့သို့သော လယ်ယာစိုက်ပျိုးရေး လုပ်ငန်းသစ်တစ်ခုကို ကနဦးမတည်ရင်းနှီးငွေ ထုတ်ပေးနိုင်ကြောင်း၊ ထိုသို့ဆောင်ရွက်ပြီးနောက် လုပ်ငန်းသစ် အရှိန်မြှင့်တင်ရေးအဖွဲ့က ကုမ္ပဏီလုပ်ငန်းများကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်းနှင့် ထိုမှတဆင့် ကုမ္ပဏီသည် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စတင်အလုပ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း သူက ပြောသည်။။

သို့ရာတွင် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အရင်းအမြစ်များမှ အကျိုးအမြတ်များ မခံစားမီ မိမိတို့၏ စီးပွားရေးလုပ်ငန်း ကျွမ်းကျင်မှုများကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုကြောင်း စင်ကာပူ စတော့ဒိုင်စာရင်းဝင် Yoma Strategic Holdings ၏ ကော်ပိုရိတ် လူမှုရေးတာဝန်ယူမှုမန်နေဂျာ CSR Manager နှင့် စွန့်ဦးတီထွင်သူအသစ်များကို အရှေ့တောင်အာရှဒေသရှိ လုပ်ငန်းအကြံပေးများနှင့် ချိတ်ဆက်ပေးနေသော အာဆီယံ စွန့်ဦးတီထွင်သူများအတွက် အကြံပေးအဖွဲ့ ASEAN Mentors for Entrepreneurs Network – AMEN အဖွဲ့ဝင် မစ္စတာ မာတင်ပန်းက ပြောသည်။

“ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့်ရယ်၊ ကြိုတင်စည်းကမ်း သတ်မှတ်ချက်တွေအားလုံးကြောင့်ရယ် မြန်မာနိုင်ငံက လူငယ်တွေမှာ အရာရာကို သင်ယူဖို့နဲ့ တခြားနိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့အရာတွေနဲ့ ထိတွေ့နိုင်ဖို့ အခွင့်အလမ်း မရခဲ့ပါဘူး” ဟု မစ္စတာ ပန်းက ပြောသည်။

ရိုးမ စထရက်တ်ဂျစ် ဟိုးဒင်းလီမိတက်၏ ကော်ပိုရိတ် လူမှုရေးတာဝန်ယူမှုမန်နေဂျာနှင့် အာဆီယံ စွန့်ဦးတီထွင်သူများအတွက် အကြံပေးအဖွဲ့ဝင် မစ္စတာ မာတင်ပန်း။ ဓာတ်ပုံ - ထိုက်ကိုကိုအောင်

ရိုးမ စထရက်တ်ဂျစ် ဟိုးဒင်းလီမိတက်၏ ကော်ပိုရိတ် လူမှုရေးတာဝန်ယူမှုမန်နေဂျာနှင့် အာဆီယံ စွန့်ဦးတီထွင်သူများအတွက် အကြံပေးအဖွဲ့ဝင် မစ္စတာ မာတင်ပန်း။ ဓာတ်ပုံ – ထိုက်ကိုကိုအောင်

မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်သူများသည် ကွန်ရက်ဖွဲ့စည်းခြင်း၊ အသင်းထူထောင်ခြင်း၊ ငွေသားစီးဆင်းမှု စီမံခန့်ခွဲခြင်းနှင့် ဈေးကွက်ရှာဖွေခြင်းကဲ့သို့ ကျွမ်းကျင်မှုအခြေခံများကိုပင် နားမလည်ကြပေ။

“စွန့်ဦးတီထွင်သူအားလုံးက တစ်ခုခုလုပ်ဖို့ပဲ စိတ်စောနေကြတယ်။ ဒါပေမဲ့ ကိုယ်ပိုင်ကုန်အမှတ်တံဆိပ် ဖြစ်လာအောင် ဘယ်လိုတည်ဆောက်မယ်၊ ဒီကုန်အမှတ်တံဆိပ်ကို ဘယ်လိုမြှင့်တင်မယ်ဆိုတဲ့ အရေးကြီးတဲ့ အသိပညာ ဗဟုသုတက ဒီလူငယ်တွေမှာ လိုအပ်နေပါတယ်။ တချိန်တည်းမှာ ဈေးနှုန်းယှဉ်ပြိုင်ဖို့ထက် အရည်အသွေး ဘယ်လိုမြှင့်တင်မယ်ဆိုတာ စဉ်းစားရပါမယ်။ ဈေးနှုန်းသက်သာအောင် လူတိုင်း ရောင်းတတ်ပါတယ်” ဟု သူက ပြောသည်။

မစ္စတာ ပန်းသည် AMEN အဖွဲ့ဝင်တစ်ဦးဖြစ်သဖြင့် သူ၏ကျွမ်းကျင်မှုကို Rockstart Impact ပရိုဂရမ်တွင် အသုံးပြုခွင့်ပေးမည်ဖြစ်ပြီး နေဦးကုန်အမှတ်တံဆိပ်ကို အကူအညီပေးကာ သူ၏သန့်ရှင်းသော ငရုတ်သီး ထုတ်လုပ်ရေးလုပ်ငန်းကို အရည်အသွေး မြှင့်တင်ပေးသွားမည်ဖြစ်သည်။

သူ၏အကြံဉာဏ် ရယူမည့်သူသည် စီးပွားရေးလုပ်ငန်းကို အမျိုးသားအဆင့်ဖြင့် ဆောင်ရွက်နေသူ မဟုတ်သည့်တိုင် သူ့တွင် အရေးပါသော အရည်အသွေးတစ်ခု ရရှိပြီးဖြစ်ရမည်။ ယင်းမှာ သတ္တိဖြစ်သည်။

စွန့်စားရန် စိတ်အားထက်သန်မှုနှင့် အရှုံးမပေးလိုသောစိတ်သည် မြန်မာစီးပွားရေးသမားများတွင် တွေ့ရခဲသောအရာဖြစ်သည်ဟု မစ္စတာ ပန်းက ပြောသည်။ ဤကိစ္စနှင့်ပတ်သက်၍ သူက စစ်အစိုးရကို အပြစ်တင်သည်။ စွန့်ဦးတီထွင်သူများသည် သူ့စကားဖြင့် ပြောရပါက “ နှစ်သုံးဆယ်ကြာ အထုအထောင်း ခံထားရသည်” ဟု ဆိုသည်။

“စိတ်ဓာတ်ပြင်းပြမှုကသာလျှင် တစ်ခုတည်းသော အင်ဂျင်စက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအင်ဂျင်ကို စတင်မောင်းနှင်ရဲတဲ့ သတ္တိရှိဖို့ လိုပါတယ်” ဟု မစ္စတာ ပန်းက ပြောသည်။

ဉာဏ်တင် ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ထိုက်ကိုကိုအောင်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.