စီးပွားရေးလုပ်ငန်းတစ်ရပ် ထူထောင်ခြင်း

မြန်မာ့လက်မှုပစ္စည်း ထုတ်လုပ်သူများအတွက် စီးပွားရေးအတတ်ပညာဆိုင်ရာလမ်းညွှန်ကို နိုင်ငံ၏ စတုတ္ထမြောက် အကြီးမားဆုံးလုပ်ငန်းဖြစ်ပြီး လုပ်သား ၂ ဒသမ ၄ သန်းကျော်ရှိကာ ပြည်တွင်းပြည်ပ ဈေးကွက်များနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့် လက်မှုလုပ်ငန်း ကဏ္ဍအတွက်ရေးဆွဲထားသည်။

ရှာရွန်ပန်း ရေးသားသည်။

“ဒီဟာ ဘယ်လောက်လဲ” ဟု ဝယ်သူကမေးသည်။  “ပေးချင်သလောက်ပေးပါ” ဟု ဈေးသည်က ပြန်ပြောသည်။

ဈေးထဲ၌ အပြန်အလှန်ပြောဆိုသံကို အမှတ်မထင် ကြားလိုက်ရသောအခါ လူူမှုအကျိုးပြုလုပ်ငန်း ‘လှတယ်’ အေဂျင်စီ Hla Day ၏ ဆက်သွယ်ရေးနှင့် ဒီဇိုင်းမန်နေဂျာ မစ္စရန်ဒီ ဝဂ္ဂနာ အံ့အားသင့်သွားသည်။

ကြုံသလို ဈေးနှုန်းသတ်မှတ်ခြင်းက စီးပွားရေးအသိပညာ နည်းပါးခြင်းကို ပြသလျက်ရှိပြီး လက်မှုပညာရှင်များအတွက် ဆိုးရွားလှသည့်သဘောကို ပြသနေကြောင်း ၎င်းကသတိပြုမိသည်။ ထို့ကြောင့် လုပ်ငန်းကဏ္ဍအတွင်း ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်ရန်ဆုံးဖြတ်မိသည်။

လက်မှုပညာနှင့် ကုန်သွယ်မှုကဏ္ဍသည် မြန်မာနိုင်ငံတွင် စတုတ္ထမြောက် အကြီးဆုံးကဏ္ဍတစ်ခုဖြစ်ပြီး၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂ ဒသမ ၄ သန်း အလုပ်လုပ်ကိုင်လျက်ရှိသည်။ သုတေသနကုမ္ပဏီ  Technavio က ကမ္ဘာ့လက်မှုပစ္စည်းဈေးကွက်သည် လာမည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၇၀၇ ဘီလျံအထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။

ယင်းအခြေအနေက ပြည်တွင်းလက်မှုပညာရှင်များအတွက် အခွင့်အလမ်းကို ဖန်တီးပေးသော်လည်း စီးပွားရေးအရ ကျွမ်းကျင်မှုကွာဟချက် ရှိနေသေးသည်ဟု ဝဂ္ဂနာက ယုံကြည်သည်။ ဤအခြေအနေကို ပြောင်းလဲရန်ရည်ရွယ်ချက်ဖြင့် လက်မှုပညာရှင်များအတွက် လွတ်လပ်သော ဆက်သွယ်မှုလမ်းညွှန်မှုအဖြစ် မြန်မာ့လက်မှုပစ္စည်း ထုတ်လုပ်သူများအတွက် စီးပွားရေးအတတ်ပညာဆိုင်ရာလမ်းညွှန်ကို စက်တင်ဘာက စတင်ထုတ်ပြန်ရာတွင် ၎င်းက ပါဝင်ဆောင်ရွက်ခဲ့သည်။

‘လှတယ်’ အေဂျင်စီ နှင့် အင်န်ဂျီအိုများဖြစ်ကြသော Turquoise Mountain နှင့် Lutheran World Federation တို့က ဇာတ်လမ်းဆင် ရေးသားပြုစုထားသော လမ်းညွှန်၏ရည်ရွယ်ချက်မှာ စီးပွားရေးအသိပညာ ကျယ်ပြန့်စေရန် ရည်ရွယ်ထားသည့်ပြင် သင်တန်းပို့ချသူများ ကိုးကားနိုင်အောင်လည်း ဆောင်ရွက်ထားသည်။ လမ်းညွှန်တွင် အခန်း ခုနစ်ခန်းပါဝင်ပြီး အခန်းတစ်ခုချင်းအလိုက် လိုအပ်သောကျွမ်းကျင်မှုများကို ဖော်ပြထားသည်။

လမ်းညွှန်ကိုပြုစုသူတို့က  လက်မှုပညာရှင်တို့အား လမ်းညွှန်အကြောင်း ရှင်းပြပေးရန် သင်တန်းဆရာကွန်ရက် တစ်ခုကို ဖွဲ့စည်းထားသည်။ မတ်လအထိ ပြုစုထားသောစာရင်းအရ သင်တန်းဆရာ ခုနစ်ဦးတို့က ဧရာဝတီနှင့် ရန်ကုန်တိုင်းဒေသကြီးများရှိ လက်မှုပညာရှင် ၁၇၄ ဦးတို့အား လေ့ကျင့်ပေးလျက်ရှိသည်။ လမ်းညွှန်ကိုလည်း အကြိမ်ရာပေါင်းများစွာ ဒေါင်းလုပ်ယူထားကြောင်း ဝဂ္ဂနာကပြောသည်။

မြန်မာ့လက်မှုပစ္စည်း ထုတ်လုပ်သူများအတွက် စီးပွားရေးအတတ်ပညာဆိုင်ရာ လမ်းညွှန်အဆင့် ၂ ကို ယခင်လက ထုတ်ပြန်လိုက်ခြင်းဖြင့် စီမံကိန်းသည် အဆင့်သစ်တစ်ခုကို တက်လှမ်းခဲ့သည်။ ယခုဆောင်ရွက်မှုက အတွေ့အကြုံ ပိုမိုရပြီးသော လက်မှုပညာသည်များအား စီးပွားရေးလုပ်ငန်း အယူအဆများကို တိုက်ရိုက်ပိုမိုပေးစွမ်းနိုင်ပြီး ပြည်တွင်း၊ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်အောင် အထောက်အကူပေးခဲ့သည်။

ရန်ကုန်တိုးရစ်ဘားမား အဆောက်အအုံဟောင်းတွင် ပြုလုပ်သော ဖွင့်ပွဲအခမ်းအနား၌ လက်မှုပစ္စည်းများ ရောင်းချခြင်းနှင့် စီးပွားရေးလုပ်ငန်း ခေါင်းဆောင်များနှင့် အဖွဲ့အစည်းများ၏ ပညာရှင်အဖွဲ့ဆွေးနွေးပွဲ ကျင်းပခြင်းတို့ကိုပါ ဆောင်ရွက်ပေးခဲ့သည်။

မြန်မာ့လက်မှုပညာရှင်များသည် အချုပ်အလုပ်နှင့် လက်မှုပညာ ကျွမ်းကျင်မှုတွင် ကောင်းမွန်ကြသော်လည်း ဈေးကွက်အဆက်အသွယ် မရှိကြကြောင်း မြန်မာနိုင်ငံရှိ ဗြိတိသျှကောင်စီမှ အနုပညာမန်နေဂျာ ဒေါ်နေခြည်က ပြောသည်။ ဒီဇိုင်းကျွမ်းကျင်ရေး အစီအစဉ်များကိုသာ အလေးပေးဆောင်ရွက်နေမည့်အစား အရည်အသွေးထိန်းချုပ်ရေးနှင့် ဈေးနှုန်းသတ်မှတ်ရေးကဲ့သို့သော စီးပွားရေးဆိုင်ရာ သဘောတရားများလည်း သင်ကြားပေးသင့်ကြောင်း ၎င်းကပြောသည်။

လမ်းညွှန်စာအုပ်သည် လွယ်ကူသော လက်နက်ကိရိယာများကိုပေးပြီး လက်မှုပညာသည်များအား အကြံဉာဏ်သစ်များ ထွက်ပေါ်လာအောင် အထောက်အကူပေးကာ သူတို့၏ ကုန်အမှတ်တံဆိပ်များ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးကြောင်း မြန်မာနိုင်ငံ လက်မှုပစ္စည်း ထုတ်လုပ်သူများအတွက် စီးပွားရေးအတတ်ပညာဆိုင်ရာ လမ်းညွှန်သင်တန်းဆရာမ ဒေါ်ယဉ်မွန်ကပြောသည်။ ယင်းလမ်းညွှန်က အပြည်ပြည်ဆိုင်ရာ ဈေးကွက်အတွင်းသို့ ဝင်ရောက်နိုင်ရန်လည်း အထောက်အကူများ ပေးနိုင်ကြောင်း ၎င်းကပြောသည်။

ရိုးရာလက်မှုလုပ်ငန်းများသည် ပိုမိုလူသိများလာကြောင်း နယ်သာလန်မှ အိုးလုပ်ငန်းလက်မှုပညာရှင် မစ္စ အီးလိုနာ ဗန် ဒယ် ဘရိတ်ကပြောသည်။ လုပ်ငန်းဆက်လက်ရှင်သန်ရေးအတွက် ရိုးရာလက်မှုလုပ်ငန်းများကို အသိအမှတ်ပြုလက်မှတ် ထုတ်ပေးသည့်လုပ်ငန်း၏ အရေးပါပုံကို ၎င်းက အလေးအနက်ပြောကြားပြီး အသိပညာဗဟုသုတများကို မျှဝေနိုင်ရန်နှင့် သတင်းအချက်အလက်သစ်များကို အတူတကွ ရှာဖွေကြရန် လက်မှုပညာသည်တို့အား စုစည်းပေးသည့် အစီအစဉ်များကို ဆောင်ရွက်ရန် ၎င်းကအကြံပြုသည်။

လမ်းညွှန်စာအုပ်သည် အောင်မြင်မှုရထားပြီးဖြစ်သော်လည်း အခြားစီမံကိန်းများကဲ့သို့ပင် တည်ရှိနေသော အလားအလာများကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန် အချိန်ယူရမည်ဖြစ်ကြောင်း Frontier ၏ တွေ့ဆုံမေးမြန်ခန်းတွင် ဝဂ္ဂနာကပြောသည်။

“ဘယ်လောက်ကြီးတဲ့ အရာပဲဖြစ်နေနေ အကောင်အထည်ပေါ်မလာသေးဘူးဆိုရင် အဓိပ္ပာယ်မရှိပါဘူး” ဟု ၎င်းကပြောသည်။ လမ်းညွှန်ချက်များကို အခြားကျေးလက်ဒေသများရှိ လက်မှုပညာရှင်များထံ ရောက်စေရန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို ဖော်ဆောင်နေသော အဖွဲ့သုံးဖွဲ့က နောက်ထပ်မိတ်ဖက်များကို ရှာဖွေလျက်ရှိသည်။

လမ်းညွှန်ချက်ကို မည်သူမျှ မပိုင်ဆိုင်ကြောင်း ဝဂ္ဂနာကပြောသည်။ ယင်းကိုမျှဝေနိုင်သည်။ ပြန်လည်တီထွင် ဖန်တီးနိုင်သည်။ အခြားလေ့ကျင့်ရေးအစီအစဉ်များအတွက် ပြန်လည်အသုံးပြုနိုင်သည်။ သင်တန်းဆရာအချို့က သူတို့ကိုယ်ပိုင်လမ်းညွှန်များ ပြုစုထားပြီး အချို့က သတင်းစကားပါးရန် လူမှုမီဒီယာပလက်ဖောင်းများကို အသုံးပြုသည်။

လုပ်ငန်းကဏ္ဍတစ်ခုလုံးတွင် စံနှုန်းများမြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်းလက်မှုပညာရှင်များနှင့် သင်တန်းဆရာများတို့ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု ရည်မှန်းထားကြောင်း ၎င်းကပြောသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – မြန်မာ့လက်မှုပစ္စည်း ထုတ်လုပ်သူများအတွက် စီးပွားရေးအတတ်ပညာဆိုင်ရာလမ်းညွှန် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ လက်မှုပစ္စည်း ဈေးရောင်းပွဲလည်း ပါဝင်ခဲ့သည်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.