စိန်ခေါ်မှုများအား အခွင့်အလမ်းအဖြစ် ပြောင်းလဲရန် ရင်းနှီးမြှုပ်နှံသူများကို နိုင်ငံတော်အတိုင်ပင်ခံ တိုက်တွန်း

ကျော်လင်းထွန်း

မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကာ စိန်ခေါ်မှုများလည်း များစွာ ကျန်ရှိနေသေးပြီး စိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရန် ရည်ရွယ်လျက် နေပြည်တော်ရှိ MICC-2 ခန်းမတွင် နှစ်ရက်ကြာ ကျင်းပလျက်ရှိသည့် Invest Myanmar Summit 2019 ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“ကျွန်မတို့ရဲ့ အခြေခံအဆောက်အအုံ ကွာဟချက်က ဖွံ့ဖြိုးနိုင်မှုအလားအလာအပေါ် အဟန့်အတားဖြစ်နေစေပါတယ်။ စွမ်းအင်ကဏ္ဍမှာလည်း ဖြည့်စွက်ဖို့လိုတဲ့အချက်တွေ ရှိနေတာပါ၊ မြန်မာနိုင်ငံဟာ လျှပ်စစ်မီးရရှိမှုအခြေအနေ အနည်းဆုံး တိုင်းပြည်တွေထဲမှာ အဆိုးရွားဆုံးအဆင့်မှာ ပါနေပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထိုသို့ စိန်ခေါ်မှုများ ရှိနေသော်လည်း ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများမှာလည်း အလျှံပယ်ရှိနေကြောင်း ၎င်းက ပြောကြားသည်။

“ဒါကြောင့် ရင်းနှီးမြှုပ်နှံသူများအနေနဲ့ စိန်ခေါ်မှုတွေကို အခွင့်အလမ်းတွေအဖြစ် ပြောင်းလဲနိုင်မှာလည်း ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

၂၀၁၈ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ၁၂ နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့် ပတ်သက်၍လည်း နိုင်ငံတော်အတိုင်ပင်ခံက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ အလားတူ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရ ပိုမိုအဆင်ပြေ လွယ်ကူစေရန်နှင့် ခေတ်နှင့်လျော်ညီစေရန် ဖြေလျှော့ပြုပြင် ပြောင်းလဲခဲ့သည့် ရင်းနှီးမြှုပ်မှုဥပဒေအပါအဝင် အခြားဆက်စပ် ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများအကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးဌာန (DICA) ၏ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကမူ ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့တွင် စတင် ဖွင့်လှစ်ကျင်းပသည့် နှစ်ရက်တာကြာ Invest Myanmar Summit 2019 သည် ထင်ထားသည်ထက် ပိုမိုအောင်မြင်မှုရှိသည်ဟု မှတ်ချက်ပြုသည်။

“တိုင်းဒေသကြီး ပြည်နယ်တွေမှာလည်း ပြည်ပက လာတဲ့သူတွေတော်တော် များများလာပြီးတော့မှ စိတ်ဝင်စားတဲ့ ပရောဂျက်တွေ ဆွေးနွေးတာရှိတယ်။ နောက်ဒီမှာလည်း ဝန်ကြီးချုပ်တွေကိုယ်တိုင် ထိုင်ပြီးတော့ ဖြေကြားပေးကြတော့ စိတ်ကျေနပ်မှုတွေ အကုန်ရကြတယ်။ သူတို့သိချင်တဲ့အချက်တွေကို ကြားအဆင့်မခံတော့ဘူး၊ တိုက်ရိုက်အမြင့်ဆုံး အဆုံးအဖြတ်ပေးနိုင်တဲ့သူနဲ့ ဆွေးနွေးခွင့်ရကြတော့ ကျေနပ်ကြတယ်” ဟု ၎င်းက ရှင်းပြသည်။

Invest Myanmar Summit 2019 ၏ ဒုတိယနေ့အား ဇန်နဝါရီ ၁၉ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ လုပ်ငန်းနယ်ပယ်အလိုက် သီးခြားစီဆွေးနွေးမှုများလည်း ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။ တက်ရောက်၍ လေ့လာကြသော ပြည်ပ ရင်းနှီးမြှုပ်နှံသူအများစုမှာ တရုတ်၊ ကိုရီးယား၊ ထိုင်ဝမ်၊ ဂျပန် စသည့် ကမ္ဘာ့အရှေ့ခြမ်းနိုင်ငံများမှ အများစုဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ ဥပဒေတွေကိုလည်း အရမ်းကောင်းအောင် ပြင်ထားတယ်။ နောက်ပြီး အစိုးရနဲ့ ပုဂ္ဂလိက ပေါင်းပြီး ဒီလို Investment promotion (ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး) တွေ လည်း လုပ်ဖြစ်တယ်။ နောက် အစိုးရဘက်ကလည်း စီးပွားရေးလုပ်တဲ့အခါမှာ လုပ်သာကိုင်သာရှိအောင် ဖြေလျှော့မှုတွေအများကြီးလုပ်ပေးတယ် ဆိုတော့ စိတ်ဝင်စားမှုတွေ အများကြီး ပိုရလာပါတယ်။ ဒါကြောင့် ဒီ ၂၀၁၉ မှာတော့ မနှစ်ကထက် ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးပိုရလာမယ်လို့ ယူဆပါတယ်” ဟု ၎င်းက ပြောကြားသည်။

ယခုကျင်းပသည့် Invest Myanmar Summit 2019 သို့ ပြည်ထောင်စုဝန်ကြီး ၁၂ ဦး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ၁၀ ဦးနှင့် အစိုးရအရာရှိကြီးများ အပါအဝင် တက်ရောက်သူ ၁,၅၀၀ ခန့်ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဒေသအစိုးရအဖွဲ့များ၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပုဂ္ဂလိကကဏ္ဍအသိုက်အဝန်းတို့ ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်ဟုဆိုသည်။

ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်များနှင့် ရန်ကုန်၊ စစ်ကိုင်း၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းတို့ ပါဝင်ကြပြီး အမေရိကန်ဒေါ်လာ ၂၀ ဘီလျံခန့်တန်ဖိုးရှိသည့် ပုဂ္ဂလိကနှင့် ဒေသဆိုင်ရာ စီမံကိန်း ၂၀၀ နီးပါးကို ပါဝင်ပြသထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.