အလားအလာကောင်းများရှိသည့် ရခိုင်ပြည်နယ်၌ ရင်းနှီးမြှုပ်နှံကြရန် အတိုင်ပင်ခံ ဖိတ်ခေါ်

မြန်မာနိုင်ငံ၌ စီးပွားရေးအခွင့်အလမ်းများ ပိုမိုပွင့်လန်းလာချိန်တွင် ရခိုင်ပြည်နယ်၏ စီးပွားရေးအလားအလာများကို ပြည့်ပြည့်ဝဝ ထုတ်ဖော်အသုံးမချနိုင်သေးသဖြင့် လာရောက် ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းလိုက်သည်။

“တာဝန်ယူရှိမှုရှိပြီး ကောင်းမွန်စွာအကောင်အထည်ဖော် ဆောင်ရွက်မယ့် ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများက နိုင်ငံ၏ စီးပွားရေးအနာဂတ် အလားအလာဖော်ဆောင်ရာတွင် ရခိုင်ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းဆီ တွန်းတင်ရန်အတွက် အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်” ဟု ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေတွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့က စတင်ကျင်းပသည့် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် ၎င်းကပြောကြားသည်။

“ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲက ရှာဖွေဖော်ထုတ်ခြင်း မပြုလုပ်ရသေးတဲ့ အခွင့်အလမ်းများ အပြည့်ရှိနေတဲ့ ရခိုင်ပြည်နယ်ကို ဖော်ထုတ်ပြသပေးသွားမှာဖြစ်ပါတယ်” ဟုလည်း ၎င်းကပြောသည်။

မြန်မာနိုင်ငံ အနောက်ဘက်တွင် တည်ရှိသည့် ရခိုင်ပြည်နယ်သည် ရှည်လျားသည့် ကမ်းရိုးတန်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များ တည်ရှိသည့် ကမ်းလွန်ပင်လယ်ပြင်နှင့် ရေထွက်ပစ္စည်းများ ပေါကြွယ်ဝသော်လည်း တိုင်းပြည်၏အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်နေသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လူသိန်းပေါင်းများစွာမှာ အိုးအိမ်များကို စွန့်ခွာပြီး အိမ်နီးချင်း ဘင်္ဂလားဒေရှ့်ဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်။ မြန်မာစစ်တပ်၏ လူမျိုးစုရှင်းလင်းရေး စစ်ဆင်ရေးဟု ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက စွပ်စွဲထားသည့် ထိုဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးလည်း တင်းမာခဲ့ရကာ ရင်းနှီးမြှုပ်နှံမည့်သူများကိုလည်း လက်တွန့်သွားစေခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် လပိုင်းအတွင်းက စတင်ကာ ရခိုင်ပြည်နယ်၏ ဒေသအချို့တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် AA နှင့် မြန်မာအစိုးရစစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရသလို သေဆုံးမှုများလည်း ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး ကြီးလေးသည့် စိန်ခေါ်မှုများ ရှိနေမှုကို လက်ခံပြီး ရင်ဆိုင်ကျော်လွှားရန်လိုအပ်သည်ဟု တိုက်တွန်းခဲ့သည်။

“နိုင်ငံတကာအသိုက်အဝန်းရဲ့ အာရုံစိုက်မှုက ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်တဲ့ ရခိုင်ပြည်နယ်အတွင်း များပြားစွာ တည်ရှိနေတဲ့ အလားအလာကောင်းများထက် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားတဲ့ တင်းမာမှုများကိုသာ အမြင်ကျဉ်းမြောင်းစွာ အာရုံထားနေခဲ့တာ ကာလရှည်ကြာခဲ့ပြီဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

“တည်ငြိမ်ရေးနှင့် သာယာဝပြောရေး တည်တံ့စေရန် တိုးတက်တွေရရှိဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ကောင်းမွန်စွာ စီမံခန့်ခွဲထားသည့် အထူးစီးပွားရေးဇုန်များ တည်ထောင်ကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

“အထူးစီးပွားရေးဇုန်များသည် ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်သူများအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှုနဲ့ မျှော်လင့်ချက်အသစ်များ ဖြစ်ပေါ်စေမှုတို့အတွက် အဓိက အရင်းအမြစ်တစ်ခုဖြစ်ပြီး အချိန်တိုအတွင်း စက်မှုလုပ်ငန်းများစွာကို ဖန်တီးပေးနိုင်မှာလည်း ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် ၎င်းက ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ အခြေခံအဆောက်အဦး တည်ဆောက်ခြင်းလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း၊ အဝတ်အထည်နှင့် အထည်အလိပ်ထုတ်လုပ်သည့်လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ရေလုပ်ငန်း၊ သစ်တောလုပ်ငန်း၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက်လည်း တိုက်တွန်းခဲ့သည်။

“အလားအလာကောင်းများဟာ များပြားပြီး ထပ်မံ၍လည်း တိုးပွားလာနိုင်ခြေရှိပါတယ်” ဟု ၎င်းကပြောသည်။

“ဖွံ့ဖြိုးတိုးတက်မှုဝန်းကျင်တွင် အချိန်နောက်ကျ ရောက်လာသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် အကြံတူ နောက်လူသာစမြဲ ဆိုသည့်အတိုင်း ရခိုင်ပြည်နယ်သည် ထိုအကျိုးကျေးဇူးကိုခံစားရန် အဆင်သင့်ဖြစ်နေပြီး အခြားသူများ၏ အတွေ့အကြုံများ၊ အမှားအယွင်း များကို လေ့လာနိုင်ပြီး အခွင့်အလမ်းသစ်များနှင့် နယ်ပယ်သစ်များအား ဖွင့်လှစ်နိုင်မှာပဲ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုပြပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ Japan International Cooperation Agency (JICA) နှင့် Japan External Trade Organization (JETRO)တို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်သည်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.