ပေါက်ကွဲမှုကြောင့် ရရှိသောဒဏ်ရာကြောင့် လျူဘင်စင်၏ မျက်နှာနှင့် ကိုယ်ခန္ဓာပေါ်တွင် အမာရွတ်များကျန်ရစ်ခဲ့သည်။ မြေမြုပ်မိုင်းပေါက်ကွဲစဉ်တွင် သူသည် သူ၏ လွယ်အိတ်ကိုဝမ်းဗိုက်ပေါ်တွင် လွယ်ထားခဲ့သည်။ ထိုအိတ်ကသူ၏ အသက်ကိုကယ်တင်လိုက်ခြင်း ဖြစ်နိုင်သည်။ဓာတ်ပုံ – အန်းဝမ်
ရှမ်းပြည်နယ်ရှိကျေးရွာတစ်ရွာအပြင်ဘက်တွင် ပေါက်ကွဲခဲ့သောမြေမြှုပ်မိုင်းကြောင့် ကလေးငယ် သုံးဦးဒဏ်ရာရခဲ့သည်။ ယင်းမှာကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် လူသေဆုံးမှုနှုန်းအများဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် ဖြစ်သည်။
အန်းဝမ် ရေးသားသည်။
ရှမ်းပြည်နယ်ရှိကျေးရွာတစ်ရွာအပြင်ဘက်တွင် ပေါက်ကွဲခဲ့သောမြေမြှုပ်မိုင်းကြောင့် ကလေးငယ် သုံးဦးဒဏ်ရာရခဲ့သည်။ ယင်းမှာကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် လူသေဆုံးမှုနှုန်းအများဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် ဖြစ်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းမံဘိမ်းရွာတွင် ကလေးငယ် ဝမ်းကွဲမောင်နှမ သုံးဦးသည် ကျောင်းမှ အိမ်သို့လမ်းလျှောက်ပြန်လာစဉ် ၎င်းတို့ထဲမှ တစ်ဦးသည် မြေမြှုပ်မိုင်းတစ်ခုကိုတက်နင်းမိခဲ့သည်။ ထိုပေါက်ကွဲမှုကြောင့် မြေပြင်ပေါ်တွင် ဘောလုံးတစ်လုံးအရွယ်အစားခန့် ကျင်းကြီးတစ်ကျင်း ဖြစ်ပေါ်ခဲ့သည်။ ယင်းကျင်းကိုပေါက်ကွဲမှု ဖြစ်ပွားအပြီးတစ်လအကြာ နိုဝင်ဘာလအစောပိုင်းတွင်ပင် ထိုအတိုင်းတွေ့မြင်ရနိုင်သေးသည်။
အိမ်နီးနားချင်းများသည် ထိုကလေးသုံးဦးကိုအငှားယာဉ်ဖြင့် မူဆယ်မြို့ရှိအစိုးရဆေးရံုံသို့ပို့ဆောင်ပေးခဲ့သည်။တရုတ်ပြည်နှင့် နယ်စပ်ချင်းထိစပ်နေသောကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်သို့ သွားသောခရီးသည် နှစ်နာရီခန့် ကြာမြင့် သည်။
“သူတို့ ဆေးရုံကိုရောက်တော့ တစ်ကိုယ်လုံးသွေးတွေ ရွှဲနစ်နေပြီ။ ကျွန်တော်လည်းသူတို့အတွက် သန့်ရှင်းတဲ့ အဝတ်စတစ်စတောင် ရှာမပေးနိုင်ခဲ့ဘူး” ဟုသူတို့၏ ဦးလေးဖြစ်သူဒေါင်ကပြောသည်။
လျိုဘင်ကင်သည် ပေါက်ကွဲမှုတွင် သူ၏ ညာဘက် မျက်လုံးကွယ်သွားခဲ့သည်။ ဓာတ်ပုံ – အန်းဝမ်
အသက် ၁၂နှစ် အရွယ်လျိုဘင်ကင်သည် သူ၏ ညာဘက်မျက်လုံးဆုံးရှုံးသွားခဲ့သည်။ တစ်ကိုယ်လုံးအနှံ့ ဗုံးဆန်ထိမှန်ပြီးဒဏ်ရာပြင်းထန်စွာရခဲ့သည့် အသက် ၁၀နှစ်အရွယ် လျူဘင်စင်မှာမူတရုတ်နိုင်ငံယူနန်ပြည်နယ် မင်န်မြို့ရှိဆေးရုံတွင် တစ်လခန့်ကုသမှုခံယူခဲ့ရပြီးနောက်မှအိမ်သို့ပြန်ရောက်လာခဲ့သည်။
၎င်းတို့၏ ဝမ်းကွဲညီမဖြစ်သူအသက် ၁၀နှစ်အရွယ် လူကိုဇူကမူမင်န်မြို့ ဆေးရုံတွင် ဆက်လက်တက်ရောက်နေခဲ့ရသည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သူ၏ ညာဘက် ခြေသလုံးတွင် လက်သီးဆုပ်ပမာဏခန့် အသားများ ပဲ့ထွက်သွားခဲ့ရသည်။
“ကျွန်မရဲ့ ကလေးတွေ ဒီလိုအဖြစ်မျိုးနဲ့ကြုံရမယ်လို့မထင်ထားခဲ့ဘူး” ဟုလျိုဘင်ကင်၏ အမေဖြစ်သူကျန်ဆွန်ဒီကယူနန်လေသံဝဲသောတရုတ်စကားဖြင့် ပြောပြသည်။
ပြောင်းစိုက်ပျိုးသူအသက် ၃၆နှစ်အရွယ် မစ္စကျန်နှင့် သူ့ခင်ပွန်းတို့သည် အောက်တိုဘာလ ၂ ရက်မနက် ၈ နာရီခန့်က သူတို့၏ သားဖြစ်သူမနက်စာစားရန် အိမ်ပြန်အလာကိုစောင့်မျှော်နေခဲ့ကြသည်။ သူတို့၏ သားဖြစ်သူသည် ကျောင်းတွင် ညအိပ်ခဲ့ပြီး ပြန်လာမည့်အချိန် ဖြစ်သည်။
“ကျွန်မတို့ဗုံးပေါက်သံကြီးတစ်ခုကို ကြားလိုက်ရတယ်။ ကျွန်မတို့အိမ်ကနေမီးခိုးငွေ့တွေကိုတောင် လှမ်းမြင်ရတယ်။ ဒါပေမဲ့ ပေါက်ကွဲသံတွေ သေနတ်သံတွေ ကြားရတာကကျွန်မတို့ရွာမှာဖြစ်နေကျပဲလေ။ ဒီတော့ ပထမတော့ ကျွန်မတို့ဘာမျှ မတွေးမိကြဘူး” ဟုပြောပြသည်။
သူတို့ဇနီးမောင်နှံသည် သားတော်မောင်ကိုမူဆယ်မြို့ ဆေးရုံတွင် ညဘက် သန်းခေါင်ကျော်အချိန်ကျမှ ပြန်တွေ့ခဲ့ကြရသည်။
“ဆရာဝန်တွေကသူတို့ရဲ့ ခန္ဓာကိုယ်ထဲကဗုံးဆန်တွေကိုဖယ်ထုတ်ပေးပြီးသီးခြားအိတ်သုံးခုထဲထည့်လိုက်တယ်။ ကလေးတစ်ယောက်အတွက် အိတ်တစ်ခုစီပေါ့။ သူတို့ကကလေးတွေ ကိုယ်ထဲကခွဲစိတ်ထုတ်ယူထားတဲ့ ဗုံးဆန်တွေကို ကြည့်ခွင့်မပေးဘူး။ ဘာလို့လဲတော့ မသိဘူး” ဟုမစ္စကျန်ကသူ၏ ကလေးကိုလမ်းလျှောက်ရန် ကြိုးစားခိုင်းရင်းလှမ်းပြောသည်။ သူ့ကလေးကလမ်းလျှောက်ရန် ငြင်းဆန်နေသည်။
လျိုဘင်ကင်သည် သူ၏ ညာဘက် ဒူးခေါင်းတွင် အရေပြားအစားထိုးကုသခဲ့သောထိုဆေးရုံမှ အိမ်သို့ပြန်ရောက်ပြီးကတည်းကလမ်းမလျှောက်တော့ပေ။ လျိုဘင်ကင်သည် ယခင်ကတည်းကရှက်တတ်ကြောက်တတ်သောကလေးဖြစ်ပြီးယခုဆိုလျှင် စကားမပြောတော့သလောက်ပင်ဖြစ်သည်။
ပေါက်ကွဲမှုကြောင့် ရရှိသောဒဏ်ရာကြောင့် လျူဘင်စင်၏ မျက်နှာနှင့် ကိုယ်ခန္ဓာပေါ်တွင် အမာရွတ်များကျန်ရစ်ခဲ့သည်။ ဓာတ်ပုံ – အန်းဝမ်
“ဒီလိုဖြစ်သွားတော့ သူကျောင်းလွတ်သွားနိုင်တယ်။ အခုသူရဲ့ ညာဘက်မျက်လုံးကွယ်သွားပြီဆိုတော့ ကျွန်မဘာလုပ်ရတော့မလဲမသိဘူး” ဟုမစ္စကျန်ကပြောသည်။
မံဘိမ်းရွာသားများသည် ထိုကလေးသုံးယောက်ကိုဒဏ်ရာရစေခဲ့သည့် မြေမြှုပ် မိုင်းကိုဘယ်သူထောင်ထားခဲ့မှန်းမသိကြပေ။ ကလေးများ၏ ဆရာလည်းဖြစ်၊ ကျောင်းအုပ်ဆရာလည်းဖြစ်ပြီး ရွာ၏ ခရစ်ယာန် ဧဝံဂေလိကျောင်း၏ သင်းအုပ် ဆရာလည်းဖြစ်သော ကျိုဝမ်ကျိသည် ထိုဒေသတွင် မြေမြှုပ်မိုင်းများထပ်ရှိသေးသလားသိချင်နေသည်။ သူ၏ ကျောင်းသားများကိုသတိပေးထားနိုင်ရန် ဖြစ်သည်။
လျိုဘင်ကင်၏ အမေဖြစ်သူသည် ထိုအဖြစ်အပျက်နှင့် ပတ်သက်ပြီးဒေါသထွက်ဆဲ ဖြစ်သည်။ “ကျွန်မရဲ့ ကလေးကဘာအပြစ်မျှ မရှိပါဘူး” ဟုသူကပြောသည်။ သူ၏ တစ်ဦးတည်းသောသားကိုဒဏ်ရာရအောင် လုပ်ဆောင်ခဲ့သောထိုမိုင်းကိုဘယ်သူထောင်သွားခဲ့သည်ကိုတွေးပင်မတွေးရဲပေ။
ထိုအဖြစ်အပျက်ကိုဒေသခံအာဏာပိုင်များထံသွားသတင်းပို့ရမည်ဟူသောအတွေးသည် သူ့ထံတွင် ဘယ်တော့မျှ ပေါ်မလာခဲ့ပေ။ “ဘယ်သူ့ကိုသတင်းပို့ရမှာလဲ။ ရဲလားဒါမှမဟုတ် ဒေသခံလက်နက်ကိုင် အုပ်စုတွေလား” ဟုသူကပြန်မေးသည်။
ထိုအဖြစ်အပျက်ကိုထုတ်ဖော်ပြောဆိုခြင်းမှာရွေးချယ်စရာနည်းလမ်းတစ်ခုမဟုတ် ကြောင်းဖော်ပြသည့်သဘောဖြင့် သူ၏ ခေါင်းကိုငိုက်စိုက်ချပြလိုက်သည်။ “ရွေးချယ်စရာနည်းလမ်းကတော့ ဘာတစ်ခွန်းမှ မပြောဘဲကျွန်မတို့ ခေါင်းကိုငိုက်စိုက်ချထားဖို့ပါပဲ” ဟုသူကပြောသည်။
သူ၏ ကြောက်စိတ်ကိုဖော်ပြသောအားဖြင့် နောက်ထပ် ကိုယ်ဟန်မူယာတစ်ခုလုပ်ပြခဲ့သည်။ ယင်းမှာအသက်အန္တရာယ် ရှိသည်ဆိုသောအဓိပ္ပာယ်ဖြင့် သူ၏ လက်ညိုးကိုလည်ပင်းပေါ် ဖြတ်ပြခြင်း ဖြစ်သည်။
လျိုမိသားစုသည် ထိုဒေသရှိတရုတ်-မြန်မာကပြားလေးခုမြောက် မျိုးဆက်ဖြစ် သည်။ သူသည် မံဘိမ်းရွာတွင် နေထိုင်သောတရုတ်လူမျိုးမိသားစု ၁၀ ခုနှင့် ကချင်လူမျိုးမိသားစု ၁၀၀ တို့ထဲတွင် ပါဝင်သည်။
“ဒီမှာနေရတာလုံခြုံမှု မရှိတော့ဘူး။ ကျွန်တော့်ရဲ့ မိသားစုဝင်တွေ အားလုံးကိုဒီရွာကနေမူဆယ်ကိုခေါ်သွားချင်တယ်” ဟုအသက် ၂၉ နှစ်အရွယ် ထိုကလေးသုံးယောက်၏ ဦးလေးဖြစ်သူမစ္စတာဒေါင်ကပြောသည်။
တရုတ်ဘာသာစကားတစ်မျိုးသာပြောတတ်သောမစ္စတာဒေါင်ကထိုဒေသ၌ သူအလုပ်ရှာရသည်မှာခက်ခဲကြောင်း၊ သူသည် မက်သာဖက်တမင်းများသုံးစွဲရောင်းချသောအမှုဖြင့် တရုတ်ပြည်တွင် ကိုးနှစ် ထောင်ကျခဲ့အပြီးလွန်ခဲ့သောနှစ်လခန့်က ရွာသို့ ပြန်ရောက်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။
ကျောင်းအုပ်ဆရာဖြစ်သည့် မစ္စတာကျိုကမူထိုဒေသမှ တရုတ်လူမျိုးလူ့အဖွဲ့အစည်းသည် ဒုက္ခများစွာကြုံတွေ့နေရသည်ဟုဆိုသည်။
“လက်နက်ကိုင် အုပ်စုတွေနဲ့ မြန်မာစစ်တပ်ကြားတိုက်ခိုက်နေတဲ့ကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ တရုတ်ဘာသာစကားနဲ့ ယဉ်ကျေးမှုကိုလက်ဆင့်ကမ်းထိန်းသိမ်းမလား၊ မြန်မာတိုင်းရင်းသားလိုနေထိုင်မလားဆိုတဲ့ ဒွိဟကိစ္စတွေကလည်းဒီဒေသကတရုတ်လူ့အဖွဲ့အစည်းအတွက် ပြဿနာတွေ ဖြစ်နေပါတယ်” ဟုမစ္စတာကျိုကပြောကြားသည်။
၎င်းက လက်နက်ကိုင် အုပ်စုများနှင့် တပ်မတော်တို့အကြားပဋိပက္ခများသည် ဒေသခံရွာသားများ၏ ဘဝကိုများစွာအကျိုးသက်ရောက်စေလျက်ရှိသည်ဟုပြောသည်။
ဓာတ်ပုံ – အန်းဝမ်
“သူတို့ကဗမာစကားမပြောကြတဲ့အတွက် တရုတ်ပြည်မှာသွားအလုပ်လုပ်လို့ရတယ်။ ဒါပေမဲ့ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် သူတို့သွားရင် သူတို့ရဲ့ မြေတွေ၊ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးကုန်မယ်။ ဒါ့အပြင် လမ်းမှာဒဏ်ရာရတာ၊ သေဆုံးတာတွေ လည်း ဖြစ်နိုင်တယ်” ဟုမစ္စတာကျိုကပြောပြသည်။
ထိုကလေးသုံးယောက် ဒဏ်ရာရပြီးကတည်းကလျိုမိသားစုသည် ကိုးကန့်လူမှု ဖူလုံရေးအဖွဲ့တစ်ဖွဲ့ထံမှ အထောက်အပံ့များရရှိခဲ့သည်။ အသက် ၃၃ နှစ်အရွယ် ကျီကျင်ကျန်သည် ယင်းအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ သူသည် ကိုးကန့်ဇာတိ ဖြစ်သည်။ မစ္စကျီကသူတို့ဖောင်ဒေးရှင်းမှ ဝန်ထမ်းများသည် ထိုကလေးသုံးယောက် ဒဏ်ရာရအပြီးတွင် လျိုမိသားစုကိုတရုတ်ပြည်သို့ခေါ်ဆောင်သွားခဲ့ပြီးသူတို့မိသားစုအားဘဏ္ဍာရေးအထောက်အပံ့များပေးခဲ့သည်ဟုဆိုသည်။
“အခုအထိတော့ ယွမ်ငွေ ၈,၀၀၀ လောက် (အမေရိကန်ဒေါ်လာ ၁,၂၅၀ ခန့်) ရရှိထားပါပြီ။ အများပြည်သူတွေဆီကရတာရောဖောင်ဒေးရှင်းကပေးတာရောအပါအဝင်ပေါ့” ဟုမစ္စကျီကဆေးရုံတွင် လိုကိုဇူကိုစောင့်ရှောက်ပေးနေရင်းWeChat app မှတဆင့် တရုတ်ဘာသာစကားဖြင့် ပြောပြသည်။
“ဒီငွေပမာဏကလုံလောက်မလားတော့ ကျွန်မမသိဘူး။ ဘာလို့လဲဆိုတော့ ကလေးသုံးယောက်စလုံးက ပြန်လည်နာလန်ထူဖို့သွားရမယ့် ခရီးလမ်းကအရှည်ကြီးရှိသေးတယ်” ဟုသူကပြောပြသည်။
ဖြစ်ပေါ်ခဲ့သောထိခိုက်ပျက်စီးမှုများ
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြုပ်မိုင်းကြောင့် သေဆုံးမှုအများဆုံး နိုင်ငံများထဲ၌ တစ်နိုင်ငံအပါအဝင် ဖြစ်သည်ဟုယခုလအတွင်းထုတ်ပြန်သောInternational Campaign to Ban Landmines အဖွဲ့၏ နှစ်စဉ်အစီရင်ခံစာမှ ကိန်းဂဏန်းများအရသိရသည်။ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်းကြောင့် လူသေဆုံးမှု ၂၅၁ ခုရှိခဲ့သည်။ သို့ဖြင့် အာဖဂန်နစ္စတန် သေဆုံးမှု ၁,၂၉၆ ခုနှင့် ကိုလံဘီယာနိုင်ငံသေဆုံးမှု ၂၈၆ ခုတို့၏နောက် တတိယနေရာမှ လိုက်လျက် ရှိသည်။
မြေမြုပ်မိုင်းပေါက်ကွဲစဉ်တွင် သူသည် သူ၏ လွယ်အိတ်ကိုဝမ်းဗိုက်ပေါ်တွင် လွယ်ထားခဲ့သည်။ ထိုအိတ်ကသူ၏ အသက်ကိုကယ်တင်လိုက်ခြင်း ဖြစ်နိုင်သည်။ဓာတ်ပုံ – အန်းဝမ်
မြန်မာနိုင်ငံသည် တရုတ်၊ ရုရှား၊ အမေရိကန်၊ အိန္ဒိယ၊ စင်ကာပူ၊ မြောက်ကိုရီးယား နှင့် တောင်ကိုရီးယားအပါအဝင် ၁၉၉၇ ခုနှစ် Ottawa Treaty ဟုလူသိများသောAnti-personnel Mine Ban Convention စာချုပ်ကိုလက်မှတ်မထိုးထားသော ၃၅ နိုင်ငံထဲတွင် ပါဝင်သည်။
မြန်မာနိုင်ငံ၏ ကာလကြာရှည်စွာ ဖြစ်ပွားလာခဲ့သော ပြည်တွင်းစစ်တွင် တပ်မတော် ဘက်ကရောတိုင်းရင်းသားလက်နက်ကိုင်များဘက်ကပါ မြေမြှုပ်မိုင်းများကိုအသုံး ပြုခဲ့ကြပြီးယခုထက်တိုင်လည်းအသုံးပြုနေဆဲဖြစ်သည်။ စကော့တလန် အခြေစိုက် HALO Trust အပါအဝင် ကမ္ဘာပေါ်တွင် ထိပ်ဆုံးအဆင့်ရှိမိုင်းဆန့်ကျင်ရေးအဖွဲ့အစည်းအချို့သည် မြန်မာနိုင်ငံတွင် ရုံးခွဲများရှိသည်။ သို့ရာတွင် မိုင်းနေရာများကိုရှင်းလင်းရာ၌ တိုးတက်မှု အနည်းငယ်မျှသာရရှိခဲ့ကြသည်။
“ကျွန်တော်တို့ကကမ္ဘာပေါ်မှာအကြီးဆုံးအဖွဲ့အစည်းကြီးပါ။ ဒါပေမဲ့ မြန်မာနိုင်ငံကိုရောက်လာပြီးတဲ့ သုံးနှစ်အတွင်းမှာမိုင်းတစ်လုံးမျှ မရှင်းပစ်နိုင်သေးပါဘူး” ဟုရန်ကုန်မြို့မှ HALO Trust ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ Henry Leach က မြန်မာတိုင်းမ်ကိုဇူလိုင်လအတွင်းကပြောကြားခဲ့ဖူးသည်။
International Campaign to Ban Landmines နှင့် ယင်းနှင့် ဆက်စပ်သော Cluster Munition Coalition အဖွဲ့တို့၏ သုတေသနဆိုင်ရာလက်ခွဲအဖွဲ့တစ်ခု ဖြစ်သော Landmine and Cluster Munition Monitorအဖွဲ့၏ အဆိုအရ ၁၉၉၉ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းထိပြီးအသက်မသေဘဲရှင်သန်လွတ်မြောက်လာသူအနည်းဆုံး ၃,၁၄၅ ဦးရှိသည်ဟုဆိုသည်။
သို့သော် LCMM က ယုံကြည်သည်မှာ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှု ဆိုင်ရာသတင်းအချက်အလက်များသည် မတိကျနိုင်ကြောင်း၊ ယင်းမှာသတင်းအချက်အလက် ဝေမျှခြင်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှု နည်းပါးသောကြောင့် ဖြစ်ကြောင်းဆိုသည်။
အရပ်ဘက် လူ့အဖွဲ့အစည်းတစ်ခုဖြစ်သည့် Mine Free Myanmar အဖွဲ့ကခန့်မှန်းထားရာတွင် မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်းသားကောင် ဖြစ်ခဲ့သူဦးရေသည် ၄၀,၀၀၀ ကျော်ပင် ရှိနိုင်သည်ဟုဆိုသည်။
ဓာတ်ပုံ – အန်းဝမ်
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့ကြားအောက်တိုဘာလအတွင်းရေးထိုးခဲ့သောတစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် Nationwide Ceasefire Agreement ကဆိုရာတွင် စာချုပ်ပါ အဖွဲ့အစည်းများသည် မြေမြှုပ်မိုင်းများမထောင်ရန်နှင့် ကျန်ရှိနေသေးသောမြေမြှုပ်မိုင်းအားလုံးကိုလည်းဖယ်ရှားပေးရန် အချက်များပါဝင်သည်ဟူ၏။
ထိုအပစ်အခတ်ရပ်စဲရေးစာချုပ်ကိုလက်မှတ်မရေးထိုးသောလက်နက်ကိုင်အဖွဲ့အစည်းများမှာ ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ United Wa State Army နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်Kachin Independence Army (KIA) တို့ ဖြစ် ကြပြီးယင်းတို့သည် မြေမြှုပ်မိုင်းများအများဆုံးရှိသောဒေသများတွင် လှုပ်ရှားနေ ကြသည်။